<link rel="stylesheet" href="https://cdn.plyr.io/3.7.8/plyr.css" />
Back to CatalogHGBသမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ
သမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ ·VideoTranslated from English

HGB-09 ခေတ်သစ်အသုံးချပ်နှင့်သစ် ပဋိညာဉ်တော်

Read the full text

From the transcript

၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့သော သာ့ဒ်မစ်လ် သည်အမြတ်အစွန်းကို အဓိက မထားသော ဧဝံဂေလိ ခရစ်ယာန် အမှုတော် တစ်ခု ဖြစ်ပါသည်။ သာ့ဒ်မစ်လ်က ပေးအပ်ရန် ရည်စူးထားသည်မှာ-

ကျွန်ုပ်တို့၏ ပန်းတိုင်မှာ ကမ္ဘာတလွှားရှိ အမှုတော်အတွက် လုံလောက်သော လေ့ကျင့်ရည် ချို့တဲ့ ကင်းမဲ့သည့် သင်းအုပ်နှင့် ခရစ်ယာန် ခေါင်းဆောင် ထောင်ပေါင်း များစွာအား အခမဲ့ ခရစ်ယာန် ပညာရေးကို ပေးကမ်းရန် ဖြစ်ပါသည်။ ပြိုင်ဖက်ကင်းသော မီဒီယာစုံသင် စာသင်တိုက် သင်ရိုးကို အင်္ဂလိပ်၊ အာရဘစ်၊ တရုတ်၊ ရုရှ နှင့် စပိန် ဘာသာစကားများဖြင့် ထုတ်လုပ်ပြီး ကမ္ဘာ အနှံ့ ဖြန့်ဝေခြင်း အားဖြင့် ဤပန်းတိုင်ကို ကျွန်ုပ်တို့ ဖြည့်ဆည်းနေပါသည်။ ကျွန်ုပ်တို့၏ သင်ရိုးကို ကျွန်ုပ်တို့၏ မိတ်ဖက် အမှုတော်များအားဖြင့် အခြားသော ဘာသာစကား တစ်ဒါဇင်ကျော်သို့ ပြန်ဆိုလျက် ရှိပါသည်။ သင်ရိုးတွင် ရုပ်ပုံများက ထိန်းကျောင်းသော ဗီဒီယိုများ၊ ပုံနှိပ်ထားသော ညွှန်ကြားချက်များ နှင့် အင်တာနက် အရင်းအမြစ်များ ပါဝင်ပါသည်။ ၎င်းကို ကျောင်းများ၊ အုပ်စုများ၊ တစ်ဦးချင်း ပုဂ္ဂိုလ်များ၊ အွန်လိုင်းတွင်သာမက သင်ယူလေ့လာသော လူ့အဖွဲ့အစည်းများတွင်ပါ အသုံးပြုနိုင်အောင် ပုံစံဆွဲထားပါသည်။

နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံး ပါဝင် ပစ္စည်းနှင့် အရည်အသွေး ရှိသော ဆုရ မီဒီယာစုံသင် သင်ခန်းစာများကို အလွန်ပင် တွက်ချေကိုက်စွာ ပြုစုထုတ်လုပ်ပေးသည့် နည်းစနစ်တစ်ခုကို ကျွန်ုပ်တို့ တိုးတက်ဖွံ့ဖြိုးလာစေခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စာရေးသူများနှင့် အယ်ဒီတာများသည် ဓမ္မပညာပိုင်းဆိုင်ရာ လေ့ကျင့်မှု ရှိထားပြီးသော ပညာပေးသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘာသာပြန်ဆိုသူများသည်လည်း သူတို့၏ ဦးတည် ဘာသာစကားများ၌ ဓမ္မပညာပိုင်းဆိုင်ရာ ကျွမ်းကျင် လိမ္မာသော ဒေသစကားပြောသူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ သင်ခန်းစာများတွင်လည်း ကမ္ဘာတလွှားမှ ထောင်ပေါင်းများစွာသော ဂုဏ်အသရေ ရှိ စာသင်တိုက် ပါမောက္ခများနှင့် သင်းအုပ်ဆရာများ၏ ထိုးထွင်းအမြင်များ ပါဝင်ပါသည်။ ဖြည့်စွက်ပြောရလျှင် ကျွန်ုပ်တို့၏ ရုပ်ပုံ ဒီဇိုင်နာများ၊ ပန်းချီဆရာများ၊ ထုတ်လုပ်သူများသည် လုံးဝဥဿုံ ခေတ်မှီသော ကရိယာများနှင့် နည်းလမ်းများကို သုံး၍ အမြင့်ဆုံး ထုတ်လုပ်မှု ဆိုင်ရာ စံနှုန်းများကို လိုက်နာထားပါသည်။

ကျွန်ုပ်တို့၏ ဖြန့်ချိရေး ဆိုင်ရာ ပန်းတိုင်များကို ပြီးမြောက်ရန် အတွက် သာ့ဒ်မစ်လ် အနေဖြင့် အသင်းတော်များ၊ စာသင်တိုက်များ၊ ကျမ်းစာကျောင်းများ၊ သာသနာပြုများ၊ ခရစ်ယာန် အသံလွှင့်သူများ၊ ဂြိုလ်တု ရုပ်မြင်သံကြား ဝန်ဆောင်မှုပေးသူများ၊ အခြားသော အဖွဲ့အစည်းများနှင့် မဟာဗျူဟာကျသော မိတ်ဖက်ဖြစ်မှုကို အခိုင်အမာ ပြုလုပ်ထားပါသည်။ ဤ ဆက်နွယ်မှုများကြောင့် ဒေသခံခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ၊ စာသင်တိုက် စာသင်သားများသို့ ဗီဒီယို သင်ခန်းစာ အမြောက်အများကို ဖြန့်ဝေပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များ သည်လည်း ဖြန့်ချိရေး လမ်းကြောင်းများ အဖြစ် အသုံးတည့်နေသလို သင်၏ ကိုယ်ပိုင် လေ့လာသင်ယူ လူ့အဖွဲ့အစည်းကို မည်သို့ စတင်ရမည် ဆိုသည်နှင့် သက်ဆိုင်သည့် သင်ခန်းစာ ပစ္စည်းများ အပါအဝင် ကျွန်ုပ်တို့၏ သင်ခန်းစာများကို ထပ်ဆောင်းဖြည့်ဆည်းပေးရန် အတွက် နောက်ထပ် လိုအပ်သော ပစ္စည်းများကိုလည်း ပေးကမ်းပါသည်။

ကျွန်ုပ်တို့အားလုံးတွင် လျင်မြန်စွာမေ့ပျောက်ဖူးသည့် အတွေ့အကြုံများရှိကြသည်၊ သို့သော် အချို့သောအတွေ့အကြုံများသည် အလွန်အကျိုးသက်ရောက်မှုရှိကာ ကျွန်ုပ်တို့၏ဘဝတစ်လျှောက်လုံး တွင် စွဲမြဲစွာတည်ရှိနေသည်။ ၎င်းသည်၊ သင့်အတွက် ခရစ်တော်ကိုပထမဆုံးယုံကြည်လာချိန်၊ သင်၏ မင်္ဂလာဆောင်သည့်နေ့ သို့မဟုတ် ချစ်ရသူဆုံးရှုံးသွားသည့်အချိန်ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤကဲ့သို့သောအတွေ့အကြုံများကို ဖြတ်သန်းသည့်အခါ၊ အရာအားလုံးအပေါ်ကျွန်ုပ်တို့ မည်သို့ရှုမြင်ပုံ နှင့်ပတ်သက်၍ ထာဝရပြောင်းလဲသွားတတ်ပါသည်။ မျက်မှောက်ခေတ်တွင် သမ္မာကျမ်းစာကို ကျွန်ုပ်တို့ ကျင့်သုံးသကဲ့သို့ပင် ခရစ်တော်၏နောက်လိုက်များအတွက်လည်း အလားတူပင်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာများစွာကို သမ္မာကျမ်းစာက ကျွန်ုပ်တို့အားဖော်ပြသော်လည်း၊ ခရစ်တော်၌ ပဋိညာဉ်တရားသစ်ရောက်ရှိလာခြင်းသည် ယနေ့ကျွန်ုပ်တို့၏အသက်တာတွင် သမ္မာကျမ်းစာကို ကျင့်သုံးခြင်းအပါအဝင်၊ ကျွန်ုပ်တို့အားလုံးနားလည်သဘောပေါက်သည့်ပုံစံကို ပြောင်းလဲပေးသည့် အဓိကဖြစ်ရပ်တစ်ခုဖြစ်သည်။

ဤသည်မှာ ကျွန်ုပ်တို့အား သူကျမ်းစာပေးခဲ့သည် အနက်ပြန်ခြင်းဆိုင်ရာအခြေခံအုတ်မြစ်များ အခန်းဆက်ဆောင်းပါးမှ ကိုးခုမြောက်သင်ခန်းစာဖြစ်ပြီး_ "မျက်မှောက်ခေတ်ကျင့်သုံးခြင်းနှင့် ပဋိညာဉ် တရားသစ်" ဟုခေါင်းစဉ်တပ်ထားပါသည်။ ဤသင်ခန်းစာတွင်၊ ခရစ်တော်၌ပဋိညာဉ်တရားသစ်သည် ကျွန်ုပ်တို့၏ခေတ်တွင် ကျမ်းစာအားလုံးကို ကျွန်ုပ်တို့ကျင့်သုံးသည့်နည်းလမ်းများနှင့်ပတ်သက်၍ မည်သို့ လမ်းညွှန်သည်ကိုလေ့လာပါမည်။

ယခင်သင်ခန်းစာတွင်၊ သမ္မာကျမ်းစာကို ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ကျင့်သုံးခြင်းဖြင့် ဓမ္မဟောင်း၏ခေတ်ကာလတိုးတက်မှုများကို မည်သို့အသိအမှတ်ပြုရမည်ကို လေ့လာခဲ့ပါသည်။ ထို့ပြင် ဇာတ်လမ်းတစ်ပုဒ်သည် ကျမ်းစာသမိုင်းအားလုံးကို နောက်ခံထားကြောင်းကိုလည်း ကျွန်ုပ်တို့ တွေ့ရှိခဲ့ပါ သည်။ ဘုရားသခင်သည် ကိုယ်တော်၏ကောင်းကင်ပလ္လင်မှ ဘုန်းအသရေကြီးစွာဖြင့်အုပ်စိုးကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အားသွန်သင်ထားပြီး၊ အစအဦးကပင် ကိုယ်တော်၏ပန်းတိုင်သည် ကိုယ်တော်အားဆန့်ကျင်သူများရှိနေသော်လည်း မြင်ရသောဘုန်းအသရေတော်ကို ကောင်းကင်မှ မြေကြီးတပြင်လုံးအနှံ့ ဖြန့်ကျက်ရန်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ပုံသဏ္ဍာန်နှင့်အညီဖန်ဆင်းထား သည့် ဖန်ဆင်းခံလူသားများအား ကမ္ဘာမြေကြီးပေါ်ပြည့်စေရန်၊ သူ၏ဘုန်းအသရေတော်ကို အဆုံးစွန် ထင်ရှားပြသရန်နှင့် ၎င်းကိုအုပ်စိုးရန်ခန့်အပ်ခဲ့သည်။ ထို့ပြင် ဘုရားသခင်၏ဘုန်းတော်သည်နေရာတိုင်း၌ ထွန်းလင်းတောက်ပလာသည့်အခါ၊ ဖန်ဆင်းခံတိုင်းသည် ကိုယ်တော်အား အဆုံးမဲ့ဝတ်ပြုကိုးကွယ် ချီးမွမ်းကြပါလိမ့်မည်။

အာဒံ၊ နောဧ၊ အာဗြဟံ၊ မောရှေ၊ ဒါဝိဒ်နှင့် ခရစ်တော်၌ပဋိညာဉ်တရားသစ်စသည့် အဓိကအခန်း ကြီးခြောက်ခန်းနှင့် ခေတ်ကာလခြောက်ခုတို့ကို အရင်းခံထားသော ဤအခြေခံကျမ်းစာဇာတ်လမ်းကို ကျွန်ုပ်တို့သတိပြုမိပါသည်။ ဤခေတ်ကာလဖွံ့ဖြိုးတိုးတက်မှုများ၏စုစည်းမှုသဘောသဘာဝသည် ဘုရားသခင်၏လူများသည် ဘုရားသခင်ကိုမည်သည့်အခါမှ အတိတ်၏နည်းလမ်းများဖြင့် ဝတ်ပြုရန် မဟုတ်ကြောင်း၊ အတိတ်၏သင်ခန်းစာများကို ၎င်းတို့၏ခေတ်ကာလအတွက် သင့်လျော်စွာကျင့်သုံးရန် လည်း မည်သည့်အခါမှမမေ့သင့်ကြောင်း အမှတ်ရစေသည်။

ဤသင်ခန်းစာတွင်၊ မျက်မှောက်ခေတ်ကျင့်သုံးခြင်းနှင့် ပဋိညာဉ်တရားသစ်ကို အဆင့်နှစ်ဆင့်ဖြင့် လေ့လာပါမည်။ ဦးစွာ၊ ခရစ်တော်၌ပဋိညာဉ်တရားသစ်၏ပြည့်စုံမှုကို ကြည့်ရှုပါမည်။ ဒုတိယ၊ ပဋိညာဉ် တရားသစ်သည် ယနေ့ကျွန်ုပ်တို့၏ကျမ်းစာကျင့်သုံးခြင်းကို မည်သို့လမ်းညွှန်သင့်သည်ကို လေ့လာပါ မည်။ ခရစ်တော်၌ပဋိညာဉ်တရားသစ်၏ ပြည့်စုံခြင်းအကြောင်းကို စတင်လေ့လာကြပါစို့။

ကျွန်ုပ်တို့သည် မည်ကဲ့သို့သောအတွေ့အကြုံမျိုး အမှန်တကယ်ဖြစ်လာမည်ကို မကြာခဏ စိတ်ကူးကြည့်လေ့ရှိသည်—ပြိုင်ဆိုင်မှုတစ်ခုကို အနိုင်ရခြင်း သို့မဟုတ် ဘဝ၏ပြောင်းလဲမှုအဆင့်တစ်ခု သို့ ဝင်ရောက်ခြင်းမျိုးတို့ဖြစ်သည်။ သို့သော်အကြိမ်များစွာ၊ အတွေ့အကြုံများသည် ကျွန်ုပ်တို့မျှော်လင့် ထားသည့်အရာနှင့် ကွဲပြားသည်ကို ကျွန်ုပ်တို့တွေ့ရှိခဲ့ကြသည်။ သမ္မာကျမ်းစာခေတ်မှ ဘုရားသခင့် လူမျိုးအတွက်လည်း အလားတူကိစ္စရပ်သည်ဖြစ်ခဲ့ပါသည်။ ခရစ်တော်မကြွလာမီတွင်၊ ဘုရားသခင် သည် ခရစ်တော်အားဖြင့် သူလုပ်ဆောင်ရမည့်အရာများကို သူ၏လူတို့ထိုးထွင်းသိမြင်စေရန် ပြသခဲ့ သည်။ သို့သော် နောက်ဆုံးတွင် ခရစ်တော်၌ပဋိညာဉ်တရားသစ်ရောက်ရှိလာသောအခါ၊ ၎င်းသည် သူ၏လူများစိတ်ကူးယဉ်ခဲ့သည်နှင့် ကိုက်ညီခြင်းလုံးဝမရှိခဲ့ပေ။

၎င်းသည် မည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်ကို ကြည့်ရှုရန်၊ သမ္မာကျမ်းစာပါပဋိညာဉ်တရားသစ်၏ ပြည့်စုံမှုအသွင်အပြင်သုံးရပ်ကို လေ့လာပါမည်။ ဦးစွာ၊ ဓမ္မဟောင်းတွင် တွေ့ရသောရှုထောင့်များကို လေ့လာပါမည်။ ဒုတိယ၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကြားကာလအတွင်း ဖြစ်ပေါ်ခဲ့သော အမြင်များကို ဖော်ပြပါမည်။ တတိယအနေနှင့်၊ ပဋိညာဉ်တရားသစ်၏ပြည့်စုံမှုကို ဓမ္မသစ်ကျမ်းကမည်သို့ဖော်ပြသည် ကို ဖော်ပြပါမည်။ ပဋိညာဉ်တရားသစ်အပေါ် ဓမ္မဟောင်းအမြင်များဖြင့် စတင်ကြပါစို့။

ဓမ္မဟောင်း၏ပဋိညာဉ်တရားသစ်အတွက် မျှော်လင့်ချက်သည် ဘီစီ ၅၈၆ တွင် ပရောဖက် ယေရမိမှတစ်ဆင့် ယေရုရှလင်မြို့ပျက်စီးခါနီးချိန်တွင် အမှုတော်ထမ်းဆောင်စဉ် ဘုရားသခင်မိန့်တော်မူ သောစကားတော်မှ ထွက်ပေါ်လာသည်။

ဗာဗုလုန်၌ကျွန်ခံခြင်းအားဖြင့် ယုဒအပေါ် ပြင်းထန်စွာ စီရင်ချက်ချခဲ့သော်လည်း၊ ယေရမိ ၃၁:၃၁-၃၄ တွင် ဘုရားသခင်သည် အနာဂတ်အတွက် ကြီးမားသောမျှော်လင့်ချက်ကို ကြေညာခဲ့သည်။ ထိုနေရာတွင် သူပြောသည့်အရာကို နားထောင်ပါ_

ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တု ပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။...ငါထာဝရ ဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်သည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။...ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏ (ယေရမိ ၃၁:၃၁-၃၄ )။

ဤကျမ်းပိုဒ်သည် ဘုရားသခင့်လူမျိုးအတွက် အံ့သြဖွယ်မျှော်လင့်ချက်များစွာကို ဖြစ်ပေါ်စေ သည်။ ယေရမိ ၃၁:၃၁ တွင် ကျွန်ုပ်တို့ဖတ်ရသည်အတိုင်း၊ ဘုရားသခင်သည် မြောက်ပိုင်းဣသရေလ နိုင်ငံ၊ တောင်ပိုင်းယုဒနိုင်ငံတို့နှင့် ပဋိညာဉ်တရားသစ်ဖွဲ့မည်ဖြစ်သည်။ အခန်းငယ် ၃၃ တွင်ဖော်ပြထား သည့်အတိုင်း၊ ဘုရားသခင်သည် သူ၏တရားတော်ကို “သူတို့၏စိတ်” နှင့် “သူတို့၏နှလုံးတွင်” ရေးသွင်း ခြင်းဆိုင်ရာစံနှုန်းကို ဖြည့်ဆည်းပေးမည်ဖြစ်သောကြောင့် ပဋိညာဉ်တရားသစ်သည် ပျက်မည်မဟုတ်ပါ။ အခန်းငယ် ၃၄ တွင်ဖော်ပြထားသည့်အတိုင်း၊ ဘုရားသခင်သည် သူတို့၏ဒုစရိုက်များကို “သည်းခံပြီး” “မအောက်မေ့ဘဲနေမည်”ဟုဆို‌သောကြောင့် ဤကောင်းချီးများသည် မည်သည့်အခါမှ ကုန်ဆုံးမည် မဟုတ်ပါ။ ပဋိညာဉ်တရားသစ်ခေတ်အတွက် ဤမျှော်လင့်ချက်များကို ကျွန်ုပ်တို့သုံးသပ်သောအခါ၊ ပို၍ကြီးမားသောအရာကို စိတ်ကူးကြည့်ရန် ခက်ခဲပါသည်။

ကျွန်ုပ်တို့သင်ခန်းစာ၏ ဤအချက်တွင်၊ ဤပဋိညာဉ်မျှော်လင့်ချက်အသစ်၏ပြည့်စုံမှုနှင့် ပတ်သက်၍ ဓမ္မဟောင်းသည် မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သည်ကို ကျွန်ုပ်တို့ သိလိုပါသည်။ ဣသရေလ တို့ကျွန်ခံခြင်းမှ ပြန်လာသောအခါ ဤကောင်းချီးများ ပေးသနားမည်ဟု ဘုရားသခင်သည်အစပိုင်းတွင် ကမ်းလှမ်းခဲ့ကြောင်း ထင်ရှားပါသည်။

ကျွန်ုပ်တို့ဖတ်ပြီးသည်နှင့်အညီ၊ ယေရမိ ၃၁:၃၁ သည် “အချိန်ကာလ ရောက်လိမ့်မည်” ဟူသော မရေရာသောအသုံးအနှုန်းဖြင့် အစပြုသော်လည်း၊ ဆက်စပ်မှုအကြောင်းအရာအရ ဤကာလအပိုင်း အခြားဆိုင်ရာရည်ညွှန်းချက်သည် အလွန်တိကျပါသည်။ ယေရမိ ၃၁:၃၁-၃၄ သည် ပြန်လည်တည် ဆောက်ခြင်းကျမ်းဟု ခေါ်လေ့ရှိသော ယေရမိကျမ်း၏ ပိုကြီးသောအပိုင်း ယေရမိ ၃၀:၁–၃၁:၄၀ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤကဏ္ဍသည် ကျွန်ခံခြင်းဆိုင်ရာ ဖော်ပြချက်များစွာနှင့် ကျွန်ခံခြင်းပြီး နောက် ဖြစ်ပေါ်လာမည့် ကောင်းချီးများအကြောင်းကို များစွာဖော်ပြထားသောကြောင့် ဤအမည်ကို ပေးထားခြင်းဖြစ်သည်။ ပြန်လည်တည်ဆောက်ခြင်းကျမ်း၏အစ ယေရမိ ၃၀:၃ တွင်ဖော်ပြထားသည်ကို နားထောင်ပါ_

ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခု သိမ်းသွားခြင်းကိုခံရသော ငါ၏ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ကို ငါဆောင်ခဲ့ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်သို့ ငါပြန်လာစေသဖြင့်၊ သူတို့သည် ပိုင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏ (ယေရမိ ၃၀:၃)။

ယေရမိ ၃၁:၃၁ ပါ ပဋိညာဉ်တရားသစ်ပရောဖက်ပြုချက်၏အစတွင်တွေ့ရသော “အချိန်ကာလ ရောက်လိမ့်မည်” ဟူသောအသုံးအနှုန်းသည် ဤအခန်းငယ်တွင် ဖော်ပြထားသည်။ ဤအခန်းငယ်တွင် “အချိန်ကာလ ရောက်လိမ့်မည်” သည်ဘုရားသခင်သည် မိမိ၏လူများကို “ကျွန်ခံခြင်းမှပြန်လာ၍ ပြည်တော်သို့ ပြန်လည်ပို့ဆောင်” မည့်အချိန်နှင့် ထင်ရှားစွာဆက်စပ်နေသည်။

ဤအချက်အရ၊ ယေရမိ ၃၁:၃၁ သည်ဣသရေလအား ကတိထားရာပြည်သို့ ပြန်လည်ပို့ဆောင် ခြင်းဆိုင်ရာ ပဋိညာဉ်တရားသစ်နှင့် ကနဦးဆက်စပ်နေကြောင်း ထင်ရှားပါသည်။ ဓမ္မဟောင်းရှုထောင့် အရ၊ ဣသရေလအား ကတိထားရာပြည်သို့ ပြန်လည်ပို့ဆောင်ခြင်းသည် “နောက်ပိုင်းနေ့ရက်များ” သို့မဟုတ် “နောက်ဆုံးသောကာလ” သမိုင်း၏အထွတ်အထိပ်အချိန်တွင် ဖြစ်ပျက်မည်ဖြစ်သည်။ ၎င်းတွင် ဣသရေလတို့ကျွန်ခံခြင်းမှပြန်လာခြင်း၊ ယေရုရှလင်မြို့နှင့် ၎င်း၏ဗိမာန်တော်ကို ပြန်လည် တည်ဆောက်ခြင်း၊ ဒါဝိဒ်၏ဘိသိက်ခံသားတော်၏ကမ္ဘာတစ်ဝှမ်းလုံးတွင် စိုးစံခြင်းနှင့် ဖန်ဆင်းခြင်းအား အသစ်ပြန်လည်ပြုပြင်ခြင်းတို့နှင့်အတူ ပဋိညာဉ်တရားသစ်တစ်ခု တည်ဆောက်ခြင်းတို့ အကျုံးဝင်မည် ဖြစ်သည်။

ယေရမိ ၂၉:၁၀-၁၄ တွင် ဤပဋိညာဉ်တရားသစ်၏ခေတ်ကာလသည် မည်သည့်အချိန်၌ ဖြစ်မည် ကိုယေရမိအားဘုရားသခင်ဖော်ပြခဲ့သည်။ ပရောဖက်ပြောသည်ကို နားထောင်ပါ_

တဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကိုတည်စေ၍၊ သင်တို့ကို ဤပြည်သို့ငါပို့ဆောင်ဦးမည်။...သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။...တိုင်းနိုင်ငံ အရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင်၊ အထက်ကငါနှင်ထုတ်၍ သင်တို့ရှုံးသောပြည်သို့ တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏ (ယေရမိ ၂၉:၁၀-၁၄)။

ဤတွင် ဘုရားသခင်သည် ဣသရေလလူမျိုးများ “ကိုယ်တော်ကိုခေါ်၍သွားလာကာ ဆုတောင်း ကြမည်”ဆိုလျှင် ဘုရားသခင်သည် အနှစ်ခုနစ်ဆယ်အတွင်း “သူတို့ကို ကတိထားရာပြည်သို့ ပြန်လည် ပို့ဆောင်လိမ့်မည်” ဟူသောမျှော်လင့်ချက်ကို ပေးခဲ့သည်။ အလားတူအချိန်ကို ယေရမိ ၂၅:၁၂ တွင် ဖော်ပြထားသည်။

အမှန်တကယ် ဘီစီ ၅၃၈ တွင်၊ ကတိထားရာပြည်သို့ဣသရေလကို ပြန်ခွင့်ပြုရန် ဘုရားသခင် သည်ပါရှန်းဧကရာဇ်ကုရုကို အမိန့်ပေးစေခဲ့သည်။ ထို့ကြောင့်၊ ၂ ရာဇဝင်ချုပ် ၃၆:၂၀-၂၂ တွင် ယေရမိ၏ ကျွန်ခံခြင်းခံရသောနှစ်ခုနစ်ဆယ်သည် ဤအချိန်တွင် ပြည့်စုံခဲ့ကြောင်း မှတ်သားခြင်းဖြင့် ရာဇဝင်ချုပ် ကျမ်းရေးသားသူသည် သူ၏စာကိုအဆုံးသတ်သည်မှာ အံ့သြစရာမဟုတ်ပါ။

သို့သော် နောက်ဆုံးသောနေ့ရက်များ၊ ပဋိညာဉ်တရားသစ်၏နေ့ရက်များတွင် ရရှိမည့် အခြား သောကောင်းချီးများသည် အဘယ်နည်း။ ဝမ်းနည်းစရာမှာ၊ ကတိတော်ပြည်သို့ ပြန်လာသူများသည် ဘုရားသခင်ကိုအစေခံရန် အကြိမ်ကြိမ်ပျက်ကွက်ခဲ့ကြသည်။ ရလဒ်အနေနှင့်၊ ယေရမိ ၃၁ ၌ကြိုတင် မိန့်တော်မူထားသည့် ပဋိညာဉ်တရားသစ်၏ခမ်းနားသည့်ကောင်းချီးများကို ဆိုင်းငံ့လိုက်ပါသည်။

၎င်းသည် ယေရမိ၏အနှစ် ၇၀ ပရောဖက်ပြုချက်ပြည့်စုံခြင်းအကြောင်း ဘုရားသခင်မိန့်တော်မူ သောအခါ ဒံယေလ ၉:၂၄ တွင် ဒံယေလသင်ယူခဲ့သည့်အရာ အတိအကျဖြစ်သည်_

လွန်ကျူးခြင်းအမှုကိုဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကိုဖြေရှင်း ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ၎င်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်းသော အရပ်ဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဘို့နှင့် သင်၏ သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏ (ဒံယေလ ၉:၂၄)။

ဤကျမ်းပိုဒ်ဖော်ပြသည့်အတိုင်း၊ ဘုရားသခင်သည် ယေရမိ၏မူလအနှစ်ခုနစ်ဆယ်ထက် ခုနစ်ဆပိုရှည်သော နောက်ဆုံးသောနေ့ရက်များ"သိတင်းခုနစ်ဆယ်"အတွက်၊ ပဋိညာဉ်တရားသစ်၏ နေ့ရက်များဖြစ်သည့် နောက်ဆုံးသောကာလ၏ သာ၍ကြီးသောကောင်းချီးများကို ရွှေ့ဆိုင်းရန် အမိန့်ပေး ခဲ့သည်။ ထိုအချိန်တွင် ပဋိညာဉ်တရားသစ်၏မျှော်လင့်ချက်များ ပြည့်စုံလာမည်ဖြစ်သည်။ လွန်ကျူးခြင်း ပြီးသွားမည်၊ အပြစ်သည်ပြီးဆုံးမည်၊ အပြစ်ဖြေခြင်းပြီးမြောက်မည်၊ ဖြောင့်မတ်ခြင်းရောက်ရှိလာမည်၊ ရူပါရုံ နှင့် ပရောဖက်ပြုချက်တို့ကို တံဆိပ်ခတ်လိမ့်မည်၊ အလွန်သန့်ရှင်းသောနေရာကို ဘိသိက်ပေးလိမ့် မည်။

အနှစ် ၇၀ ကျွန်ခံခြင်းအကြောင်း ယေရမိ၏ပရောဖက်ပြုချက်နှင့်ပတ်သက်၍ ဒံယေလသည် “အချိန်စေ့လုနီးပြီ။ သခင်၊ အဘယ်သို့ဖြစ်သနည်း” ဟု ဆုတောင်းလေသည်။ ထို့ပြင် သူ့အတွက်အဖြေသည် အနှစ် ၇၀ မျှမကဘဲ၊ ဥပုသ်နေ့များအတွက် တည်ဆောက်ထားသောပြည်ကို၎င်း၊ ဖြစ်ပျက်ခဲ့သည့်လျစ်လျူရှုမှုအားလုံးအတွက် အနှစ် ၇၀ ခုနစ်လီလည်း ဖြစ်သည်။ သမ္မာကျမ်းစာကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကျွန်ုပ်တို့အား အကြံပြုသည့်အရာတစ်ခုမှာ၊ တစ်ခါတစ်ရံ ဘုရားသခင် ကတိပြုထားသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်သည့်ရှုထောင့်ရှိသည်၊ သို့သော် တစ်ခါတစ်ရံတွင် ပရောဖက်ပြုချက်အရ နောက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုသည့် အခြားသက်ရောက်မှုအချို့ရှိသည်ဟူသော ရှုထောင့်လည်း ရှိပါသည်။ ထို့ကြောင့် ဥပမာအားဖြင့်၊ ဗျာဒိတ်ကျမ်း၌ ဓမ္မဟောင်းကျမ်းတို့ထက် ကွဲပြားစွာအသုံးပြုထားသော ဓမ္မဟောင်းကျမ်းနှင့်သက်ဆိုင်သည့်ပုံရိပ်များ ရှိတတ်သည်။ ဗျာဒိတ်ကျမ်းသည် အီဂျစ်ပြည်တွင်ဖြစ်ပျက်ခဲ့သော တူညီသောမှတ်တမ်းများအကြောင်း ပြောနေခြင်းမဟုတ်သော်လည်း၊ ဘုရားသခင် တရားစီရင်ခြင်းကို ဆောင်ယူလာပုံအားနှိုင်းယှဉ်ကြည့်ရန် ဗျာဒိတ်ကျမ်းတွင်ဘေးဒဏ်များကို ထပ်မံအသုံးပြုထားသည့် ပုံရိပ်များရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျမ်းစာကိုဖတ်သည့်အခါ၊ နောက်ပိုင်းကျမ်းရေးသူများသည် ကနဦးကျမ်းရေးသူများနှင့် မည်သို့ဆက်ဆံပုံကို နားလည်ရန်လိုသည်။ ကျွန်ုပ်ဆိုလိုသည်မှာ၊ နှစ် ၇၀ ကျွန်ခံခဲ့သည်ဟူ၍လက်ခံသော ခံယူချက်တစ်ခုရှိသည်၊ သို့သော် ကောင်းကင်တမန်က သူ့အားမဖော်ပြပါက ဒံယေလသည် မည်သည့်အခါမှသိမည်မဟုတ်ကြောင်း ဘုရားသခင်၏ စိတ်တွင်ရှိသည်ဟူသည့် အခြားခံယူချက်တစ်ခုလည်းရှိသည်။

ဒေါက်တာ Craig S. Keener

လူတို့၏မနာခံမှုကြောင့် ပဋိညာဉ်တရားသစ်၏အတိုင်းအတာ အပြည့်အစုံကို ဓမ္မဟောင်းတွင် ရွှေ့ဆိုင်းထားသည်ကို ကျွန်ုပ်တို့ တွေ့ခဲ့ရသည်။ ကြားကာလ—ဓမ္မဟောင်းနှင့် ဓမ္မသစ်များကြားကာလ—နှင့် ယေရမိ၏ပရောဖက်ပြုချက်ပြည့်စုံခြင်းနှင့်ပတ်သက်၍ ဣသရေလလူမျိုးအများ၏ရှုထောင့်များ၊ အထူးသဖြင့် ယေရှု၏မြေကြီးဆိုင်ရာဓမ္မအမှု‌တော်မစမီကာလများကို ယခုကြည့်ကြပါစို့။

ပထမရာစုရှိလူတိုင်းအတွက် ပဋိညာဉ်တရားသစ်နှင့်ပတ်သက်၍ ယေရမိ၏ဟောပြောချက်သည် အပြည့်အဝမပြည့်စုံသေးကြောင်း ထင်ရှားသည်။ ဓမ္မသစ်မှတ်တမ်းများနှင့် ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိချက်များအရ ဣသရေလလူမျိုး၌ မတူညီသောဘာသာရေးအုပ်စုများသည် မတူညီသော ရှုထောင့်များရှိကြသော်လည်း အခြေခံကိစ္စရပ်များစွာအတွက် ကျယ်ပြန့်စွာသဘောတူညီမှုရှိကြပါသည်။

ကြားကာလကုန်ဆုံးချိန်နှင့်ပတ်သက်၍ ရဗ္ဗိအများစုသည် နောက်ဆုံးသောကာလ၏မျှော်လင့် ချက် သို့မဟုတ် ပဋိညာဉ်သစ်ခေတ်ကို သမိုင်း၏ကြီးကျယ်သော ခေတ်ကြီးနှစ်ခု၏ ဝေါဟာရများဖြင့် ပြောဆိုကြသည်။

ပထမ၊ ၎င်းတို့သည် ယခင်သမိုင်းနှင့် ၎င်းတို့၏ လက်ရှိအခြေအနေများကို “ဤခေတ်ကာလ” ဟု ရည်ညွှန်းကြသည်။ ကျွန်ခံရသော ဘုရားသခင့်လူမျိုးအပေါ် မကောင်းမှု၏ထင်ရှားသောအောင်ပွဲသည် ဤခေတ်ကာလအား ကျရှုံးခြင်း၊ ဝမ်းနည်းခြင်းနှင့် သေဆုံးချိန်အဖြစ် ရဗ္ဗိများကို သတ်မှတ်ဖော်ပြစေခဲ့ သည်။

ဒုတိယ၊ ရဗ္ဗိဆရာများသည် ဒုတိယမြောက်မဟာသမိုင်းခေတ်၊ အနာဂတ်ဘုန်းကြီးမည့်အချိန်ကို “နောင်လာမည့်ခေတ်ကာလ” ဟုလည်း ပြောဆိုကြသည်။ နောင်လာမည့်ခေတ်ကာလကို “နောက်ဆုံး သောနေ့ရက်များ” “ဘုရားသခင်၏နိုင်ငံတော်” နှင့် ပဋိညာဉ်တရားသစ်၏ခေတ်အဖြစ်လည်း လူသိများ သည်။ နောင်လာမည့်ခေတ်ကာလရောက်လာသောအခါ၊ သမိုင်းအတွက် ဘုရားသခင်၏ရည်ရွယ်ချက် များ ပြည့်စုံလာမည်ဟု ရဗ္ဗိများကမျှော်လင့်ခဲ့ကြသည်။ ကိုယ်တော်သည် ကိုယ်တော်၏နောင်တရသူ၊ ကျွန်ခံရသောလူအများပြန်လာ၍၊ ဒါဝိဒ်၏ရာဇပလ္လင်ကို ပြန်လည်ထူထောင်ပေးပြီး မြေကြီးတပြင်လုံး တွင်ကိုယ်တော်၏အုပ်စိုးမှုကို ဖြန့်ကြက်ကာ၊ ဘုရားသခင်နှင့် ဒါဝိဒ်၏သားတော်ကိုနာခံရန် ငြင်းဆိုသူ များကို တရားစီရင်ပြီး အာဗြဟံ၏ကောင်းချီးများကို မြေကြီးစွန်းတိုင် ဖြန့်ကြက်မည်ဖြစ်သည်။

ထို့အပြင်၊ ဣသရေလရှိရဗ္ဗိအများစုသည် ဤခေတ်မှ နောင်လာမည့်ခေတ်သို့ အကူးအပြောင်း သည် ဒါဝိဒ်၏မဟာသားတော် မေရှိယ၏ပေါ်ထွန်းလာခြင်းဖြင့် ပြတ်သားစွာလုပ်ဆောင်ရမည်ဟု သွန်သင်ခဲ့သည်။ မေရှိယသည် ရှုံးနိမ့်ခြင်းမှ အောင်မြင်ခြင်းသို့၊ မကောင်းမှုမှ ဖြောင့်မတ်ခြင်းသို့၊ သေခြင်းမှ ထာဝရအသက်သို့၊ မှောင်မိုက်မှ ဘုရားသခင်၏ဘုန်းအသရေနှင့် ပြည့်နေသော ကမ္ဘာဆီသို့ ကူးပြောင်းခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့သမိုင်းတွင် ကြီးမားသောအလှည့်အပြောင်းကို ဆောင်ကြဉ်းလာ မည်ဖြစ်သည်။

ဓမ္မဟောင်းနှင့် ကြားကာလ၏နောက်ခံရှုထောင့်များကိုစိတ်တွင်မှတ်သားထားလျှက်၊ ပဋိညာဉ် တရားသစ်ဆိုင်ရာ ယေရမိ၏မျှော်လင့်ချက်ပြည့်စုံမှုကို ဓမ္မသစ်ကျမ်းက မည်သို့ရှင်းပြထားသည်ကို လေ့လာကြည့်ကြပါစို့။

တပည့်တော်များနှင့်အတူ နောက်ဆုံးညစာစားပွဲတွင် ယေရှုသည် ခွက်ကိုကိုင်ကာ “ဤခွက်သည် ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏” ဟူ၍မိန့်တော်မူသည်ကို ကျွန်ုပ်တို့အားလုံးသိကြ သည်။ ထို့ပြင် ပေါလုသည် သူ့ကိုယ်သူနှင့် သူ၏အပေါင်းအဖော်များကို “ပဋိညာဉ်တရားသစ်၏ဆရာ”ဟု ခေါ်ဆိုခဲ့သည်။ ဟေဗြဲသြဝါဒစာသည် ယေရမိ ၃၁ ကိုရည်ညွှန်းပြီး ခရစ်ယာန်များသည် ပဋိညာဉ်တရား သစ်ခေတ်တွင် အသက်ရှင်ကြောင်း အတည်ပြုထားသည်။ သို့သော် ယေရမိ ၃၁ ပါပဋိညာဉ်တရားသစ် ၏ဖော်ပြချက်နှင့်ကျွန်ုပ်တို့၏ခေတ်ကာလတွင် ဖြစ်ပျက်နေသည့်အရာများကို နှိုင်းယှဉ်ကြည့်သည့်အခါ ပဋိညာဉ်တရားသစ်ကတိတော်များ ပြည့်စုံသည်ကို မတွေ့ရသေးကြောင်း သိလာရသည်။ ဘုရားသခင်၏ တရားတော်သည် ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ပြီးပြည့်စုံစွာ ရေးထားခြင်းမရှိပါ။ အသင်းတော်ရှိလူများ သခင်ဘုရားကိုသိရန်အတွက် ဟောပြောရန်လိုအပ်သေးသည်။ ကျွန်ုပ်တို့၏အပြစ်များကိုခွင့်လွှတ်ဖို့ရန် တောင်းခံရန် မိန့်ကြားထားဆဲဖြစ်သည်။ ထို့ကြောင့် ယေရမိ၏မျှော်လင့်ချက်များစွာ မပြည့်စုံသေးသည့် အခါ ပဋိညာဉ်သစ်ခေတ်တွင် ကျွန်ုပ်တို့ မည်သို့ရှိနိုင်မည်နည်း။ ပဋိညာဉ်တရားသစ်၏ပြည့်စုံခြင်းကို မည်သို့ဖွင့်ပြမည်ဟူသည့်အချက်သည် ခရစ်တော်၌ဘုရားသခင် ထုတ်ဖော်ပြသသည့် နက်နဲသောအရာ တွင် အဖြေရှိသည်။

ကွဲပြားသော ဓမ္မသစ်အသွင်အပြင်များသည် ဤကိစ္စရပ်များကို နည်းလမ်းအမျိုးမျိုးဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ဥပမာအားဖြင့်၊ ဘုရားသခင်၏နိုင်ငံတော်ကို ယေရှုသည်သူ၏မြေကြီးဆိုင်ရာ ဓမ္မအမှု‌တော်ဖြင့် စတင်ခဲ့ပြီး၊ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းကြီးထွားလာကာ နောက်ဆုံး တွင် ဘုန်းတန်ခိုးဖြင့်ပြန်ကြွလာသောအခါ ၎င်း၏အထွတ်အထိပ်သို့ရောက်ရှိကြောင်း သူ၏ပုံဥပမာများ စွာတွင် ဖော်ပြခဲ့သည်။

တမန်တော်ပေါလုသည် ဤကိစ္စရပ်များကို ဧဖက် ၃:၃-၅ တွင်၊ နောက်ဆုံးသောနေ့ရက်များနှင့် ပတ်သက်သော နက်နဲသောအရာများကို အတိတ်ကလူတို့တွင် ဖုံးကွယ်ထားသော်လည်း၊ ယခုအခါ ခရစ်တော်၌ ဖော်ပြလျက်ရှိသည်ဟူသောအချက်ကို ရည်ညွှန်းကာ ဟောပြောခဲ့သည်။

ပေါလုသည် ဤနက်နဲသောအရာကို ရောမ ၁၁:၂၅ နှင့် ၁၆:၂၅-၂၆ နှင့် ကောလောသဲ ၁:၂၆-၂၇ ကဲ့သို့သောအခြားနေရာများစွာတွင် ဖော်ပြခဲ့သည်။ ဤကျမ်းပိုဒ်များနှင့် အခြားကျမ်းပိုဒ်များတွင်၊ ခရစ်တော်၏နောက်ဆုံးသောကာလသည် ယခင်မျိုးဆက်များတွင် ဖုံးကွယ်ထားသောကြောင့် ၎င်းနှင့် ပတ်သက်သောခရစ်ယာန်ရှုထောင့်အမျိုးမျိုးကို လျှို့ဝှက်ဆန်းကြယ်မှုများအဖြစ် ပေါလုကိုးကားခဲ့ သည်။

ပေါလု၏စာနေရာများစွာတွင် သူသည် ဧဝံဂေလိတရားသို့မဟုတ် ဧဝံဂေလိတရား၏ အမျိုးမျိုးသောရှုထောင့်များအကြောင်း၊ ဂရိဘာသာဖြင့် musterion နက်နဲသောအရာတစ်ခုအဖြစ် ပြောဆိုသည်။ နက်နဲသောအရာဟုဆိုရာတွင် အဖြစ်အပျက်တွင် ရုတ်တရက်ထွက်ပေါ်လာသည့် တိမ်မြုပ်နေသည့်အရာ သို့မဟုတ် မည်သူမျှမဖြေရှင်းနိုင်သောပဟေဠိတစ်ခု စသည့် လျှို့ဝှက်ဆန်းကြယ်မှုကို သူဆိုလိုခြင်းမဟုတ်ပါ။ ဓမ္မသစ်ကျမ်းပညာရှင်တစ်ဦးက ၎င်းကိုဖော်ပြခဲ့သည့်အတိုင်း၊ ပေါလုအတွက် နက်နဲသောအရာသည်ဓမ္မဟောင်းတွင် ရိုးရှင်းသောအမြင်ဖြင့် ဘုရားသခင် ဝှက်ထားသောအရာဖြစ်သည်။ ယခုအခါ၊ ခရစ်တော်၏ပေါ်ထွန်းလာခြင်း၌ ထင်ရှားသော ဖွင့်လှစ်ဖော်ပြခြင်းအားဖြင့်၊ လူတို့သည်နောက်သို့ပြန်ကြည့်ပြီး၊ “အိုကြည့်ပါ! ဟိုမှာဘာရှိလဲကြည့်ပါ။"ဟုဆိုနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ပေါလုသည် မရှိသောအရာကို တင်ပြနေခြင်းမဟုတ်၊ “ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ”ဟု ဆိုနေခြင်းဖြစ်သည်…နည်းလမ်းများစွာဖြင့်၊ ကြွလာမည့်မေရှိယအကြောင်းနှင့် ဂျူးလူမျိုးနှင့် တစ်ပါးအမျိုးသားတို့ စည်းလုံးညီညွတ်မှုအကြောင်းသည် ဓမ္မဟောင်းမှ ဆာလံကျမ်းနှင့် ဟေရှာယကျမ်းတွင်ရှိနေသည်၊ သို့သော် ယင်းကို ပေါင်းစပ်လိုက်သည့်အခါ... "တကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်နှင့်အညီ”ဟု ပေါလုပြောခဲ့သည့် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပဋိညာဉ်တရားသစ်၏ကတိတော်များကို စောင့်ကြိုနေပါသည်။

ဒေါက်တာ Robert L. Plummer

ပေါလုသည် ဧဖက် ၃ တွင် သူ့အားသိစေသည့် နက်နဲသောအရာများအကြောင်း ပြောခြင်းသည်၊ သူသည် ဧဝံဂေလိတရားအကြောင်းကို ပြောနေခြင်းဖြစ်သည်။ ဧဝံဂေလိတရားသည် နက်နဲသောအရာဖြစ်သည်။ ဆိုလိုသည်မှာ ဧဝံဂေလိတရားနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် ကျွန်ုပ်တို့အား ရှင်းလင်းစွာ ဖော်ပြခြင်းမရှိပါက၊ ၎င်းသည် အများသောသူတို့တွင်နက်နဲသောအရာအဖြစ် ဖုံးကွယ်ထားသည်ဟု ဆိုလိုသည်။ ၎င်းသည် အများသောသူတို့တွင် နက်နဲသောအရာဖြစ်သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဧဝံဂေလိတရားကို ‌ဟောပြောဝေငှခြင်းဖြင့်သာ ၎င်းကိုကျွန်ုပ်တို့အား ဖော်ပြနိုင်မည်ဖြစ်သည်။ ယခု၊ ပေါလုသည် ဧဖက် ၃ တွင်နက်နဲသောအရာကို ဟောပြောသောအခါ၊ ဧ၀ံဂေလိတရား‌ဟောပြောဝေငှခြင်းအားဖြင့် အမှန်တကယ်ဖြစ်ပေါ်လာသည့် ခရစ်တော်၏ခန္ဓာကိုယ်ဆိုင်ရာ နက်နဲသောအကြောင်းအရာကို ပြောနေခြင်းဖြစ်သည်။ ဧဖက် ၃ တွင် သူပြောသည်မှာ၊ နက်နဲသောအရာဆိုသည်မှာ ယုဒလူမျိုးများနှင့် တစ်ပါးအမျိုးသားတို့ အချင်းချင်းချစ်ကြပြီး၊ နိုင်ငံတော်တွင် စစ်မှန်သော စည်းလုံးညီညွတ်မှုဖြစ်ပေါ်လာခြင်းဖြစ်သည် ။ ၎င်းသည် အံ့သြစရာ ကောင်းပါသည်။ ထို့ကြောင့်၊ ရှာဖွေမရနိုင်သော ခရစ်တော်၏စည်းစိမ် ဥစ္စာများကို ဤရိုင်းစိုင်းသော တစ်ပါးအမျိုးသားများထံ ဟောပြောဝေငှ နေသည်ဟု သူဆိုသည်။ မှန်ပါသည်၊ တစ်ပါးအမျိုးသားတစ်ယောက်ဖြစ်သော ကျွန်ုပ်သည်၊ တစ်ပါးအမျိုးသားထံသို့ရောက်လာခြင်းကို ဝမ်းသာပါသည်။ သို့သော် ၎င်းသည်နက်နဲသောအရာဖြစ်သည်… ထိုသူသည် လက်ဝါးကပ်တိုင်၏ အသွေးတော်နှင့်ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဂျူးလူမျိုးနှင့် တစ်ပါးအမျိုးသားများကို တညီတညွတ်တည်း ပေါင်းစည်းပေးသူဖြစ်သည်။

ဒေါက်တာ Sanders L. Willson

တမန်တော်များနှင့် ပရောဖက်များထံ ဘုရားသခင်ဖော်ပြခဲ့သော နက်နဲသောအရာများသည် ဓမ္မသစ်ကျမ်းပညာရှင်များမကြာခဏဖော်ပြသည့် “နိုင်ငံတော်တည်ထောင်သော နောက်ဆုံးသော ကာလ"သို့မဟုတ် “ယခုဖြစ်သော်လည်း မဖြစ်သေး” ဟူသောပဋိညာဉ်တရားသစ်ခေတ်ကို ရှုမြင်လာ စေသည်။ ကျွန်ုပ်တို့ မည်သည့်ဝေါဟာရကိုရွေးချယ်သည်ဖြစ်စေ၊ ယေရှုနှင့် ဓမ္မသစ်ကျမ်းရေးသူများ သည် နောက်ဆုံးသောကာလအတွက် ဘုရားသခင့်အစီအစဉ်တွင်၊ ပဋိညာဉ်တရားသစ်ခေတ်၏ပြည့်စုံ ခြင်းကို အဓိကအဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်ရမည့်အကြောင်း သွန်သင်သည်ကို ကျွန်ုပ်တို့တွေ့မြင်နိုင် သည်။

ဦးစွာ၊ ပဋိညာဉ်တရားသစ်ခေတ်၏ နိုင်ငံတော်စတင်ခြင်းသည် ယေရှု၏ပထမကြွလာချိန်နှင့် ကိုယ်တော်၏တမန်တော်များနှင့် ပရောဖက်များ၏ဓမ္မအမှု‌တော်လုပ်ငန်းများတွင် အစပြုခြင်းဖြစ်သည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်းတွင် ယေရှုနှင့် ကိုယ်တော်၏တမန်တော်များ၏ကာလကို “နောက်ဆုံးသော ကာလ” ဟုဖော်ပြထားသည်။ ဟေဗြဲ ၁:၁-၂ တွင် ဖတ်ရသည့် စကားလုံးများမှာ_

ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင် အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏ (ဟေဗြဲ ၁:၁-၂)။

ဤတွင်၊ ဟေဗြဲကျမ်းရေးသူသည် ယေရှု၏မြေကြီးဆိုင်ရာဓမ္မအမှု‌တော်အချိန်နှင့် သူ၏စာဖတ် သူများကို “ဤနောက်ဆုံးသောကာလ” အဖြစ် ရည်ညွှန်းခဲ့သည်။ ဤကျမ်းပိုဒ်ဖော်ပြသည့်အတိုင်း၊ သခင်ယေရှု၏နိုင်ငံတော်စတင်ခြင်းနှင့်အတူ၊ ဓမ္မဟောင်းကျမ်း၏နောက်ဆုံးသောနေ့ရက်များဆိုင်ရာ ကတိတော်သည် ကမ္ဘာပေါ်သို့ရောက်ရှိလာသည်။

ဓမ္မသစ်ကျမ်းတွင် ပဋိညာဉ်တရားသစ်ခေတ်၏ နိုင်ငံတော်တည်ထောင်ခြင်းအဆင့်တွင် သခင်ယေရှုလူ့ဇာတိခံယူခြင်း၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်သို့ တက်ကြွခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွခြင်း စသည့်ခရစ်တော်၏ပြီးမြောက်အောင်မြင်ခြင်းအားလုံး ပါဝင်ကြောင်း အလေးပေးဖော်ပြသည်။ ဤအထူးအချိန်တွင် အသင်းတော်အတွက် အခြေခံအုတ်မြစ် ဖြစ်သော တမန်တော်များနှင့် ပရောဖက်များ၏ဓမ္မအမှု‌တော်လုပ်ငန်းများလည်း ပါဝင်သည်။ ဧဖက် ၂:၁၉-၂၀ တွင် ပေါလုဤသို့ဖော်ပြထားသည်_

တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည်ထပ်ဆင့်၍ တည်ဆောက်လျက် ရှိကြ၏၊ ထိုတိုက်ထောင့်အမြစ်ကျောက်ကား ယေရှုခရစ် ဖြစ်သတည်း (ဧဖက် ၂း၂၀)။

ဒုတိယ၊ ပဋိညာဉ်တရားသစ်၏ခေတ်ကာလ ဆက်လက်တည်မြဲမှုသည် အသင်းတော်သမိုင်း တစ်လျှောက်လုံးတိုင် ရှည်လျားသည်။ ဤအချိန်အတောအတွင်း၊ ခရစ်တော်သည် ဧဝံဂေလိတရားအား ဟောပြောဝေငှခြင်းနှင့် ပြောင်းလဲစေသောသြဇာလွှမ်းမိုးမှုမှတစ်ဆင့် လူမျိုးတကာထံ အသင်းတော်ကို ပျံ့နှံ့စေခဲ့သည်။

ထို့ကြောင့် ၂တိမောသေ ၃:၁-၅ တွင်ဓမ္မသစ်ကျမ်းရေးသူများသည် အသင်းတော်သမိုင်းကာလ တစ်ခုလုံးကို နောက်ဆုံးသောနေ့ရက်များအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုနေရာတွင် သူပြောသည့်အရာ ကို နားထောင်ပါ_

ဤအရာကို အမှတ်အသားပြုပါ_ နောင်ကာလသည် ခဲယဉ်းသောကာလ ဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့ (၂တိမောသေ ၃:၁-၅)။

ဤတွင်ဖော်ပြထားသော “နောက်ဆုံးသောနေ့ရက်များ”၏အပြစ်များသည် ပေါလုခေတ်တွင် ဖြစ်ပွားခဲ့သောအပြစ်များဖြစ်ပြီး၊ သမိုင်းတစ်လျှောက်နှင့် ယနေ့ခေတ်အထိ ဆက်လက်ဖြစ်ပွားနေခဲ့ သည်။

ပေါလုသည် ဧဖက် ၃:၉-၁၀ တွင် ခရစ်တော်၌ဖော်ပြသော နက်နဲသောအရာအဖြစ် ထိုကာလ၏ စရိုက်လက္ခဏာကို ရည်ညွှန်းခဲ့သည်။

အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော်ရှိသည်နှင့်အညီ၊ ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊ ဘုရားသခင်၏ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိကြရမည်အကြောင်းတည်း (ဧဖက် ၃:၉-၁၀)။

ဤအမြင်တွင် ကျွန်ုပ်တို့သည် အသင်းတော်သမိုင်း၏ ကာလတစ်ခုလုံးကို ပဋိညာဉ်တရားသစ် ခေတ်အဖြစ် ခံယူပိုင်ခွင့်ရှိသည်။

တတိယ၊ ပဋိညာဉ်သစ်ခေတ်၏ နောက်ဆုံးသောနေ့ရက်များ၏ပြီးပြည့်စုံခြင်းသည် ခရစ်တော် ပြန်ကြွလာကာ သမိုင်းအားလုံးအတွက် ဘုရားသခင်၏အဆုံးစွန်သောရည်ရွယ်ချက်များကို ဖြည့်ဆည်း ပေးသောအခါတွင် ရောက်ရှိမည်ဖြစ်သည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်းရေးသူများသည် ခရစ်တော်ပြန် ကြွလာချိန်တွင် နိုင်ငံတော်၏ပြီးပြည့်စုံခြင်းအကြောင်းကို “နောက်ဆုံးသောနေ့ရက်များ” အဖြစ်ဖော်ပြခဲ့ ကြသည်။ ရှင်ယောဟန် ၆း၃၉ တွင်၊ တပည့်တော်များအား ယေရှုမိန့်တော်မူသည်မှာ_

ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစုံတယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ၎င်း၊ (ရှင်ယောဟန် ၆း၃၉)။

ဤတွင် ခမည်းတော်နှင့် သူ၏ဆက်ဆံရေးအကြောင်း တပည့်တော်များအား ယေရှုသွန်သင်ခဲ့ သည်။ “နောက်ဆုံးသောနေ့” ကိုကိုးကားချက်သည် သူ၏ဘုန်းအသရေဖြင့် ပြန်ကြွလာချိန်၊ သေလွန်သူ များထမြောက်ကာ၊ ဘုရားသခင်သည် ကမ္ဘာကိုတရားစီရင်မည့် နောက်ဆုံးနေ့ကို ညွှန်ပြခြင်းဖြစ်သည်။

ဧဖက် ၁:၉-၁၀ တွင်၊ ဤအချိန်ကို ခရစ်တော်၌ဘုရားသခင် ထင်ရှားစေသော နက်နဲသောအရာ အဖြစ် ပေါလုဖော်ပြခဲ့သည်။ ဤအခန်းငယ်များတွင်၊ ပေါလုသည်ပြီးပြည့်စုံခြင်းကို ဖော်ပြခဲ့သည်_

ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သောအလိုတော်၏ နက်နဲသောအရာကို ငါတို့အား ပြတော်မူ၏။ ထိုနက်နဲသောအရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏သာသနာတွင် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ချုပ်ခြာ စေတော်မူလိမ့်သတည်း (ဧဖက် ၁:၉-၁၀)။

ဓမ္မသစ်ကျမ်းတွင်ဖော်ပြသည့်အတိုင်း၊ ယေရှုသည် သူ၏ပထမကြွလာစဉ်တွင် ပဋိညာဉ်တရား သစ်ကို တည်ဆောက်ခဲ့ပြီး၊ ယနေ့ ကမ္ဘာလုံးဆိုင်ရာအသင်းတော်မှတဆင့် ပဋိညာဉ်သစ်ကို ဆက်လက် ဖော်ပြလျက်ရှိသည်၊ ခရစ်တော်သည် ဘုရင်အဖြစ် ဘုန်းတန်ခိုးဖြင့် ပြန်လည်ကြွလာသောအခါ ပဋိညာဉ် တရားသစ်ခေတ်၏ပြည့်စုံသော စီရင်ချက်နှင့် ကောင်းချီးများရောက်ရှိလာမည်ဖြစ်သည်။

ခရစ်တော်၌ပဋိညာဉ်တရားသစ်၏ပြည့်စုံမှုကို လေ့လာပြီးနောက်၊ ယခုကျွန်ုပ်တို့သည် သင်ခန်းစာ၏ဒုတိယအဓိကအကြောင်းအရာအားလေ့လာရန် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်_ ကျွန်ုပ်တို့၏မျက်မှောက်ခေတ်ကျမ်းစာကျင့်သုံးခြင်းသည် ပဋိညာဉ်တရားသစ်ခေတ်၏ ထင်ရှားသော လက္ခဏာတွင်အခြေခံထားပါသည်။

နောက်ပိုင်းသင်ခန်းစာများတွင် ကျွန်ုပ်တို့မြင်တွေ့ရသည့်အတိုင်း၊ ပဋိညာဉ်တရားသစ်ခေတ်တွင် အသက်ရှင်နေသူများ၏ ကျမ်းစာကျင့်သုံးခြင်းနှင့်ပတ်သက်၍ ပြောစရာများစွာရှိသည်။ ယင်းတို့ထဲတွင် မရေမတွက်နိုင်သောယဉ်ကျေးမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာထည့်သွင်းစဉ်းစားမှုများလည်း ပါဝင်သည်။ သို့သော် ဤအချိန်တွင်၊ ပဋိညာဉ်တရားသစ်၏ အဆင့်သုံးဆင့်နှင့်ပတ်သက်သော သွန်သင်ချက်သည် ယနေ့ ကျွန်ုပ်တို့၏အသက်တာတွင် သမ္မာကျမ်းစာကို လက်တွေ့ကျင့်သုံးရာ၌ မည်သို့လမ်းညွှန်ထားသည် ကို ကျွန်ုပ်တို့ မြင်တွေ့လိုပါသည်။ ကျင့်သုံးခြင်းဆိုင်ရာဤရှုထောင့်များသည် ယေဘုယျဖြစ်သော်လည်း၊ ယနေ့ကျွန်ုပ်တို့၏အသက်တာတွင် သမ္မာကျမ်းစာကို မည်သို့ကျင့်သုံးရမည်နှင့်ပတ်သက်၍ မရှိမဖြစ် လိုအပ်သောအမြင်များကို ပေးပါသည်။

ပြဇာတ်ရုံတစ်ခုတွင် သင်ထိုင်သည့်နေရာသည် ဖျော်ဖြေတင်ဆက်မှုအပေါ် သင့်အမြင်အား သက်ရောက်မှုရှိစေသည်ကို ပြဇာတ်ရုံတွင်ကြည့်ရှုသူတိုင်း သိပါသည်။ တူညီသောစရိုက်လက္ခဏာနှင့် လုပ်ဆောင်ချက်များသည် မတူညီသောရှုထောင့်များမှကြည့်လျှင် အလွန်ကွဲပြားနိုင်သည်။ တင်ဆက်မှု တစ်ခုလုံးကိုသိနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ မတူညီသောထိုင်ခုံများမှ တစ်ကြိမ်ထက်မက ကြည့်ရှု ရန်ဖြစ်သည်။ ဤသည်မှာ ယေရှုနှင့် ဓမ္မသစ်ကျမ်းရေးသူများက ခရစ်ယာန်အသင်းတော်အား ပဋိညာဉ် တရားသစ်ခေတ်တွင် သမ္မာကျမ်းစာကို လက်တွေ့ကျင့်သုံးရန် နည်းလမ်းများစွာဖြင့်သွန်သင်ပေးခဲ့ခြင်း ဖြစ်သည်။ မတူညီသောအားသာချက်များမှ သမ္မာကျမ်းစာကို ဆန်းစစ်ခြင်းဖြင့်၊ ကျွန်ုပ်တို့၏ဘဝ အသက်တာတွင် သမ္မာကျမ်းစာကိုကျင့်သုံးရန် ပို၍အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

နောက်ခံကားချပ်ကြီးသုံးခုခွဲထားသော စင်မြင့်ပေါ်တွင် ခရစ်တော်၏သစ္စာရှိနောက်လိုက်တစ်ဦး ကျမ်းစာဖတ်နေသည်ကို စိတ်ကူးကြည့်ပါ။ ပရိသတ်၏တစ်ဖက်မှကြည့်လျှင်၊ ခရစ်တော်၏ပဋိညာဉ် တရားသစ်စတင်ခြင်း၏နောက်ခံကိုဆန့်ကျင်၍ သမ္မာကျမ်းစာကိုဖတ်ရှုနေသည့် ခရစ်ယာန်ကိုမြင်တွေ့ရ သည်။ ပရိသတ်အထဲမှကြည့်လျှင်၊ ခရစ်တော်၏ပဋိညာဉ်တရားသစ် ဆက်လက်တည်မြဲခြင်းကိုဆန့်ကျင် ၍ သမ္မာကျမ်းစာကို ဖတ်ရှုနေသည့်ခရစ်ယာန်ကိုမြင်တွေ့ရသည်။ ပရိသတ်၏ဆန့်ကျင်ဖက်ခြမ်းမှကြည့် လျှင်၊ ခရစ်တော်၏ပဋိညာဉ်တရားသစ်ပြီးပြည့်စုံခြင်း၏ နောက်ခံကားချပ်ကိုဆန့်ကျင်လျက် သမ္မာကျမ်း စာကို ဖတ်ရှုနေသူကိုမြင်တွေ့ရသည်။ ခရစ်တော်၏နောက်လိုက်များသည် တစ်နည်းမဟုတ်တစ်နည်း အားဖြင့် ဤရှုထောင့်သုံးခုလုံးဖြင့် သမ္မာကျမ်းစာကို လေ့လာခြင်းဖြင့် မျက်မှောက်ခေတ်ကမ္ဘာတွင် သမ္မာ ကျမ်းစာကို ကျင့်သုံးရမည်ဖြစ်သည်။

တစ်နည်းဆိုရသော်၊ သမ္မာကျမ်းစာကိုလေ့လာသောအခါ၊ ယုံကြည်သူများသည် ပဋိညာဉ်သစ် စတင်ခြင်းတွင် ခရစ်တော်ပြီးမြောက်ခဲ့သော ကျမ်းချက်တိုင်းကိုဆက်စပ်ပြီး၊ ကိုယ်တော်၏မြေကြီးဆိုင် ရာဓမ္မအမှု‌တော်တွင် ကျွန်ုပ်တို့အတွက် ခရစ်တော်ပြီးမြောက်ခဲ့သမျှကို ထည့်သွင်းစဉ်းစားရန် လိုအပ် သည်။ သို့သော် ကျွန်ုပ်တို့သည် ပဋိညာဉ်တရားသစ်ခေတ်ကာလ၏ဆက်လက်တည်မြဲခြင်းကိုထောက်ရှု ၍ သမ္မာကျမ်းစာ၏သွန်သင်ချက်များကိုရှုမြင်ကာ၊ ယနေ့ကျွန်ုပ်တို့၏အသက်တာတွင် သမ္မာကျမ်းစာ၏ အရေးပါမှုကိုရှာဖွေရန်လည်း လိုအပ်ပါသည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ခေတ်ကာလ ပြီးပြည့်စုံချိန်တွင် ခရစ်တော်လုပ်ဆောင်မည့်အရာများကို ရှုထောင့်များအားဖြင့် သမ္မာကျမ်းစာကို ကြည့်ရှုပြီး ခရစ်တော်၏အံ့ဖွယ်ကောင်းသောပြန်လာခြင်းအတွက် အဆင်သင့်နေထိုင်ရန် အရေးကြီး ပါသည်။

ပဋိညာဉ်အသစ်ကျင့်သုံးခြင်းအတွက် ဤရှုထောင့်သုံးရပ်ကို လေ့လာရန်နည်းလမ်းများစွာ ရှိသည်၊ သို့သော် အရေးကြီးသောအချက်နှစ်ချက်ကိုသာ ထိတွေ့ပါမည်။ ဦးစွာ၊ ပဋိညာဉ်သစ်ခေတ် ကျင့်သုံးခြင်းအတွက် ယေဘုယျလမ်းညွှန်ချက်အချို့ကို အကျဉ်းချုပ်တင်ပြပါမည်။ ဒုတိယအနေနှင့်၊ ဤနည်းဗျူဟာများကို သရုပ်ဖော်သည့် ကျင့်သုံးခြင်းဆိုင်ရာဥပမာတစ်ခုကို တင်ပြပါမည်။ ယေဘူယျ လမ်းညွှန်ချက်အချို့ဖြင့် စကြပါစို့။

အစောပိုင်းသင်ခန်းစာတွင် ကျင့်သုံးခြင်းလုပ်ငန်းစဉ်ကို အောက်ပါအတိုင်းကျွန်ုပ်တို့သတ်မှတ် ထားသည်_

ကျမ်းစာအထောက်အထား၏ မူလအဓိပ္ပာယ်ကို မျက်မှောက်ခေတ်ပရိသတ်များ နှင့် ၎င်းတို့၏အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများကို သက်ရောက်မှုရှိသော နည်းလမ်းများဖြင့် သင့်လျော်စွာ ချိတ်ဆက်ပေးသည်။

ဤအဓိပ္ပါယ်ဖွင့်ဆိုချက်ဖော်ပြသည့်အတိုင်း၊ သမ္မာကျမ်းစာကျင့်သုံးခြင်းတိုင်းတွင် မူလ အဓိပ္ပာယ်ကို မျက်မှောက်ခေတ်ပရိသတ်များနှင့် သင့်လျော်စွာချိတ်ဆက်ပေးခြင်းပါဝင်သည်။

ပထမဦးစွာ၊ မူလပရိသတ်များ၏အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများကို အကျိုး သက်ရောက်မှုရှိစေရန် သမ္မာကျမ်းရေးသူများရှာဖွေသည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ခြင်းဖြင့် ကျွန်ုပ်တို့သည်သမ္မာကျမ်းစာ၏မူလအဓိပ္ပာယ်ကို ဆုံးဖြတ်ရန်လိုအပ်သည်။ ထို့နောက်၊ ယနေ့ခေတ် လူတို့၏အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများအပေါ် သမ္မာကျမ်းစာ ကျမ်းပိုဒ်က မည်သို့ အကျိုးသက်ရောက်သည်ကို ဆုံးဖြတ်ခြင်းဖြင့် ဤမူလအဓိပ္ပာယ်ကို မျက်မှောက်ခေတ်ပရိသတ်များ အတွက် ကျွန်ုပ်တို့ကျင့်သုံးနိုင်သည်။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ကျင့်သုံးသောအခါ ခေတ်ကာလတိုး တက်မှုများကို မှတ်သားထားရန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် မူလကျမ်းပိုဒ်တိုင်းသည် ကျွန်ုပ်တို့ကိုယ်တိုင်ထက် သမ္မာကျမ်းစာ၏မတူညီသောယုံကြည်ခြင်းအဆင့်တွင် နေထိုင်သူများအတွက် ရေးသားထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့၏သင်ခန်းစာဤအချက်တွင်၊ ပဋိညာဉ်တရား သစ်ခေတ်တွင်အသက်ရှင်သော မျက်မှောက်ခေတ်ပရိသတ်များနှင့် သမ္မာကျမ်းစာ၏မူလပရိသတ်များ ကို ခေတ်ကာလတိုးတက်မှုများက ချိတ်ဆက်ပေးသည့်နည်းလမ်းများအပေါ် အာရုံစိုက်ကြပါစို့။

ကျွန်ုပ်တို့၏စိတ်ထဲတွင် မည်သည့်အရာရှိသည်ကိုမြင်ရန်၊ ဦးတည်ချက်နှစ်ခုဖြင့် အတိုချုပ်၍ ကြည့်ပါမည်။ ဦးစွာ၊ ပဋိညာဉ်တရားသစ်၏ကျင့်သုံးခြင်းများနှင့်ပတ်သက်၍ ဓမ္မဟောင်းကျမ်းပိုဒ်များ ၏ယေဘူယျမှတ်ချက်အချို့ကို ကျွန်ုပ်တို့လေ့လာပါမည်။ ထို့နောက် ဒုတိယ၊ ကျွန်ုပ်တို့သည် ဓမ္မသစ် ကျမ်းပိုဒ်များနှင့် အလားတူလုပ်ဆောင်ပါမည်။ ဓမ္မဟောင်းကျမ်းမှ စကြပါစို့။

အစောပိုင်းသင်ခန်းစာတစ်ခုတွင် ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်း၊ ဓမ္မဟောင်းကျမ်းသည် သမ္မာကျမ်းစာသမိုင်းတွင် အဓိကပဋိညာဉ်ခြောက်ခုကို ရည်ညွှန်းသည်။ သို့သော် ဓမ္မဟောင်းစာအုပ်များ ရေးသားခြင်းသည် မောရှေနှင့် ဒါဝိဒ်၏ပဋိညာဉ်ခေတ်နှစ်ခုတွင်သာ ဖြစ်ပွားခဲ့သည်။ ဓမ္မဟောင်းကျမ်းပိုဒ် တိုင်းသည် မောရှေ၏ပဋိညာဉ်ခေတ် သို့မဟုတ် ဒါဝိဒ်၏ပဋိညာဉ်ခေတ်အတွင်း အသက်ရှင်သော ဘုရားသခင့်လူမျိုး၏လိုအပ်ချက်များကို ဖြေရှင်းရန် ပုံစံပြုကာရေးသားထားသည်။ ထို့ကြောင့်၊ ဓမ္မဟောင်းကျမ်းပိုဒ်များသည် ဤပဋိညာဉ်ခေတ်နှစ်ခု၏ ဓမ္မပညာဆိုင်ရာတိုးတက်မှုများအတွက် သင့်လျော်သော အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများကို ဘုရားသခင်၏လူမျိုးထံ မူလက ပေးခဲ့သည်။

ဤအကြောင်းကြောင့်၊ ဓမ္မဟောင်းကျမ်းပိုဒ်များမှ ပဋိညာဉ်တရားသစ်ခေတ်အထိ အဓိပ္ပါယ်ရှိ သော ပေါင်းကူးများတည်ဆောက်ရန် လိုအပ်သည်။ ခရစ်တော်၏နောက်လိုက်များအနေနှင့်၊ ဤလုပ်ငန်းစဉ်တွင် အမှားမရှိနိုင်သော တစ်ခုတည်းသောလမ်းညွှန်မှာ ဓမ္မသစ်ဖြစ်သည်ကို ကျွန်ုပ်တို့ သိပါသည်။ ထို့ကြောင့်၊ ပဋိညာဉ်သစ်၏အဆင့်သုံးဆင့်စလုံးတွင် ဓမ္မဟောင်းကျမ်းကို ဓမ္မသစ်ကျမ်း ရေးသူများကျင့်သုံးကြသည့် နည်းလမ်းများကိုရှာဖွေရန် အရေးကြီးသည်။ ဥပမာအားဖြင့်၊ ဓမ္မသစ်ကျမ်း သည် ခရစ်တော်သည် သူ၏ပထမကြွလာချိန်တွင် ဓမ္မဟောင်းသွန်သင်ချက်များကို ပြည့်စုံစေသည့် နမူနာနည်းလမ်းများစွာကို ကျွန်ုပ်တို့အားဖော်ပြထားသည်။ ထို့ပြင် ဆက်လက်တည်မြဲခြင်းကာလအတွင်း ဓမ္မဟောင်းသွန်သင်ချက်များကို ခရစ်တော်ဆက်လက်ပြည့်စုံစေသည့် နည်းလမ်းများကိုလည်း အာရုံစိုက် စေပါသည်။ ထို့အပြင်၊ ပဋိညာဉ်တရားသစ်၏ပြီးပြည့်စုံခြင်းတွင် ခရစ်တော်သည် ဓမ္မဟောင်းသွန်သင် ချက်များကို ဖြည့်ဆည်းပေးမည့် နည်းလမ်းများကို ဓမ္မသစ်ကျမ်းသည်ညွှန်ပြသည်။

အရေးကြီးဆုံးသော ကျမ်းစာအကြောင်းအရာများထဲမှတစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာအကြောင်းအရာဖြစ်သည်၊ သို့သော် ထိုစကားလုံးသည် ဓမ္မသစ်ကျမ်းတွင်သာ တွေ့ရသည်။ ဓမ္မဟောင်းကျမ်းနေရာများစွာတွင်၊ ဤချီးမြှောက်ခြင်းနှင့်ပတ်သက်၍ အထူးသဖြင့်ဆာလံကျမ်းများတွင် “ထာဝရဘုရားစိုးစံတော်မူသည်”ကို ကျွန်ုပ်တို့တွေ့မြင်ရသည်။ ဓမ္မသစ်ကျမ်းရေးသူများသည် ခရစ်တော်ကြွလာခြင်းနှင့်ပတ်သက်၍ ဓမ္မဟောင်းအကြောင်းအရာများကို ယူကြပြီး၊ ဧဝံဂေလိတရားဟောပြောသူများသည် ယေရှု၏သွန်သင်ချက်ကို အကျဉ်းချုပ်ကာ၊ သူတို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့် ယေရှုအကြောင်း၊ ကောင်းကင်နိုင်ငံတော်၊ ဘုရားသခင်၏နိုင်ငံတော်သည် နီးပြီဖြစ်ကြောင်း သူ၏နှုတ်ကပတ်တော်များ၌ မှတ်တမ်းတင်ထားသည့်အတိုင်း ပြောဆိုနေကြသည်။ ထို့ကြောင့်၊ မိမိလူမျိုးနှင့် လူမျိုးတကာအပေါ် ထာဝရဘုရား၏အုပ်စိုးခြင်းအကြောင်း ပြောဆိုသည့်အရာသည် ယခုအခါဣသရေလတို့၌ စင်မြင့်ပေါ်ရောက်ရှိနေပြီဖြစ်သော ဒါဝိဒ်၏သားတော် ခရစ်တော်မေရှိယနှင့်စပ်လျဉ်း၍ ဖော်ညွှန်းနေပါသည်...ရှင်ပြန်ထမြောက်ခြင်းကို ဟောကြားထားသကဲ့သို့ တမန်တော် ၁ တွင်ခရစ်တော်သည် ကောင်းကင်သို့တက်ကြွပြီး ရာဇပလ္လင်ပေါ်တွင် စိုးစံတော်မူပုံနှင့် လူတို့သည် ရှင်ပြန်ထမြောက်ခြင်းသို့ ချဉ်းကပ်ကြသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသည်။ သို့သော် ခရစ်တော် တစ်ဖန်ကြွလာမည့် သခင်ဘုရား၏ နေ့ရက်အနာဂါတ်ကိုလည်း ခံစားနေကြရဆဲဖြစ်သည်။ တမန်တော် ၁ ပြောထားသကဲ့သို့၊ ကိုယ်တော်ထွက်ခွာသွားသည့်ပုံစံအတိုင်း ပြန်လာမည်ဖြစ်ပြီး၊ စာတန်သည် လွတ်မြောက်လာသောအခါ နောက်ဆုံးလှည့်ဖြားမှုနှင့် ပုန်ကန်မှုတွင် ဘုရားသခင်၏လူများကို စမ်းသပ်သကဲ့သို့၊ နောက်ဆုံးသက်သေပြခြင်းလည်း ရှိလိမ့်မည်၊ သို့သော် အဆုံးတွင် ခရစ်တော်ကြွလာ၍ စာတန်၏အကြံအစည်အားလုံးကို အနိုင်ယူမည်ဖြစ်သည်။

ဒေါက်တာ Greg Perry

မြင်တွေ့ရန် စွဲမက်ဖွယ်အကောင်းဆုံးအရာတစ်ခုမှာ ဧဝံဂေလိတရားသည် ဓမ္မဟောင်းအကြောင်းအရာအားဖြင့် ယေရှုအားဖော်ပြသည့်ပုံစံဖြစ်သည်။ ၎င်းကို နေရာများစွာတွင် ကျွန်ုပ်တို့တွေ့ရပါသည်။ ကျွန်ုပ်တို့မြင်ရသည့် အဓိကနေရာများထဲမှတစ်ခုမှာ မောရှေ၏နေရာတွင် ယေရှုကို အမှန်တကယ်ပုံဖော်ထားသည်ကို တွေ့မြင်ရသည်။ တစ်နည်းအားဖြင့် သူဒုတိယမောရှေသည် ဒုတိယအသစ်နှင့် သာ၍ကြီးမားသော ထွက်မြောက်ခြင်းကို ဦးဆောင်ရန် ကြွလာခြင်းဖြစ်သည်။ ယေရှုကို ဒုတိယမောရှေအဖြစ် ကျွန်ုပ်တို့စဉ်းစားသောအခါ ဥပမာများစွာကို သတိရလာသည်။ တစ်ခုမှာ ရေအတွေ့အကြုံကိုခံပြီးနောက် တောထဲကို သွားမည်ဟူသည့် သူ၏စိတ်ကူးဖြစ်သည်။ ထို့ကြောင့်၊ ကိုယ်တော်သည် ယော်ဒန်မြစ်၌နှစ်ခြင်းခံသောအခါ၊ တစ်နည်းအားဖြင့် ရေကိုဖြတ်သွားခြင်းသည် ပင်လယ်နီကိုဖြတ်သန်းပြီးနောက် သဲကန္တာရသို့ ချက်ချင်းသွားသော ဣသရေလလူမျိုးများနှင့် တူညီသည်။ သဲကန္တာရတွင် ဣသရေလလူတို့ကဲ့သို့ သွေးဆောင်မှုကို တွေ့ကြုံခဲ့ရသော်လည်း၊ ကိုယ်တော်သည် သစ္စာရှိသောသားတော်ဖြစ်ပြီး၊ ဣသရေလသည် နာခံမှုမရှိသော သားတော်ဖြစ်သည်။ ထိုသဲကန္တာရအတွေ့အကြုံတွင်၊ ယေရှုသည် ကြွလာမည့်ထွက်မြောက်ရာလမ်းသစ်၏ အောင်ပွဲခံခေါင်းဆောင်အဖြစ် ပေါ်ထွက်လာပြီး၊ မဿဲ ၅ တောင်ပေါ်တရားဒေသနာတွင် ယေရှုကို ပညတ်တရားအသစ်ပေးသူအဖြစ် သရုပ်ဖော်ထားသည်...ထို့ကြောင့် ခရစ်ဝင်ကျမ်းများနှင့် ဓမ္မဟောင်းကျမ်းတို့ကြား ဤတူညီမှုနှင့် စည်းလုံးညီညွတ်မှုကို အကြိမ်ကြိမ်မြင်နေရပြီး၊ ယေရှုသည် လွန်ခဲ့သောနှစ်များကတည်းက စတင်ခဲ့သောဇတ်လမ်းကို အပြီးသတ်နေပါသည်။

ဒေါက်တာ Michael J. Kruger

ဓမ္မဟောင်းကျမ်းပိုဒ်များကို ကျင့်သုံးရန် ဤအခြေခံပုံစံကိုမှတ်သားထားခြင်းဖြင့်၊ ပဋိညာဉ်တရား သစ်ခေတ်အတွက် ဓမ္မသစ်ကျမ်းပိုဒ်များ၏ကျင့်သုံးခြင်းနှင့်ပတ်သက်၍ လေ့လာကြပါစို့။

ပထမတစ်ချက်တွင်၊ ဓမ္မသစ်ကျမ်းသည် ပဋိညာဉ်တရားသစ်ခေတ်၌ ရေးထားသောကြောင့် ခရစ်ယာန်များသည် ဓမ္မသစ်ကျမ်းကို ကျင့်သုံးသောအခါ ခေတ်ကာလတိုးတက်မှုများကို ထည့်သွင်း စဉ်းစားရန် မလိုအပ်ကြောင်း မြင်နိုင်သည်။ သို့သော် ပဋိညာဉ်သစ်၏ အဖွင့်အဆင့်တွင် ဓမ္မသစ်ကျမ်း တစ်ခုလုံးကို ရေးစပ်ထားကြောင်း မှတ်သားထားရန် အရေးကြီးပါသည်။ ယနေ့၊ ၎င်းအဆင့်တွင် ကျွန်ုပ်တို့ရှိမနေတော့ပါ။ ယင်းအစား၊ ပဋိညာဉ်တရားသစ်၏ဆက်လက်တည်မြဲခြင်းတွင် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ကြသည်။ ထို့ကြောင့်၊ ဓမ္မသစ်ကျမ်းကို ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ကျင့်သုံးသောအခါတွင် ဤခေတ်၏ထူးခြားချက်ကို စွဲမှတ်ထားရန်လိုသည်။

ဓမ္မသစ်ကျမ်းမှ စာအုပ်များသည် အသင်းတော်၏ အုတ်မြစ်ခေါင်းဆောင်များထံမှ ထွက်ပေါ် လာပြီး ပဋိညာဉ်တရားသစ်စတင်ချိန်အတွင်း အသက်ရှင်နေသူများ အတွက် ကနဦးရေးသားထားခြင်း ဖြစ်သည်။ ဤကျမ်းရေးသူများရေးသားခဲ့သည့်အရာများသည် ပဋိညာဉ်တရားသစ်ခေတ်၏ ဆက်လက် တည်မြဲနေချိန်၌အသက်ရှင်နေသော ကျွန်ုပ်တို့အတွက် များစွာသက်ရောက်မှုရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤအရာများကိုရေးသားပြီးနောက် နှစ်ထောင်ပေါင်းများစွာအကြာတွင် အသက်ရှင် နေသော်လည်း၊ ၎င်းတို့သည် ကျွန်ုပ်တို့အပေါ် အခွင့်အာဏာရှိသည်မှာ ယုံမှားသံသယမရှိနိုင်ပါ။

ယနေ့ကျွန်ုပ်တို့၏အသက်တာနှင့် ဓမ္မသစ်ကျမ်းရေးသည့်အချိန်တို့အကြား ခြားနားချက်အချို့ကို သုံးသပ်ကြည့်ပါ။ ဥပမာ၊ ယနေ့ကာလနှင့်မတူဘဲ၊ လမ်းညွှန်မှုပေးရန် တောင်းဆိုခြင်းအား ထိုအချိန်က အသက်ရှင်သော တမန်တော်များနှင့် ပရောဖက်တစ်ဦးချင်းထံ တိုက်ရိုက်တင်ပြနိုင်သည်။ ၎င်းကို ဖိလေမုန်သြဝါဒစာတွင် တွေ့ရသည်။ ထို့အပြင်၊ အသင်းတော်တစ်ခုလုံးနှင့်ဆိုင်သော ကိစ္စရပ်များအား တမန်တော် ၁၅တွင်ပါသည့် ယေရုရှလင် ကောင်စီမှာကဲ့သို့ အသင်းတော်အုတ်မြစ် ခေါင်းဆောင်ပိုင်းတို့ အကြား အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြောဆိုမှုများအားဖြင့် ဆုံးဖြတ်နိုင်ကြသည်။ သို့သော် ယနေ့ကျွန်ုပ်တို့ ခေတ်တွင်မူ၊ အသက်ရှင်နေဆဲ အဆိုပါအုတ်မြစ်အခွင့်အာဏာရှိသူများ ရှိမနေတော့ပါ။ ထို့ကြောင့်၊ ကျွန်ုပ်တို့အား လမ်းညွှန်ကူညီပေးနိုင်ရန်အတွက် ၎င်းတို့၏သွန်သင်မှုဆိုင်ရာ ဓမ္မသစ်ကျမ်း၏ အကျဥ်းချူပ်များကို ကျွန်ုပ်တို့ကိုးကားရမည်ဖြစ်ပါသည်။

၎င်းအပြင်၊ ဓမ္မသစ်ကျမ်းတွင် အံ့သြဖွယ်နှင့် သဘာဝလွန်ဖြစ်ရပ်များ၏ ဥပမာများစွာပါရှိသည်။ ယေရှုနှင့် သူ၏တမန်တော်များနှင့် ပရောဖက်များသည် ၎င်းတို့၏အခွင့်အာဏာကိုတည်ဆောက်ရန် ဤကဲ့သို့သောထူးခြားသောအပြုအမူများကို လုပ်ဆောင်ရန် အထူးသဖြင့် ဆုကျေးဇူများရှိကြသည်။ ယင်းသည် အမှန်ပင်ဖြစ်ခဲ့သော်လည်း၊ ယနေ့ခေတ် အခွင့်အာဏာသည် ဓမ္မသစ်ကျမ်း၏စံနှုန်းဖြင့်သာ တည်ဆောက်ပါသည်။ ဤခြားနားချက်ကို ကျွန်ုပ်တို့မေ့ထားပါက၊ ကျွန်ုပ်တို့၏ကာလအတွက် လွဲမှားသည့်မျှော်လင့်ချက်များ ရှိနေတတ်ပါသည်။ သေချာသည်မှာ၊ ဘုရားသခင်သည် ပဋိညာဉ်တရား သစ်ဆက်လက်တည်မြဲနေချိန်အတွင်း အသင်းတော်တွင် အံ့ဖွယ်အမှုများကို ဆက်လက်လုပ်ဆောင်နေ သော်လည်း၊ ဤခေတ်တွင် ခရစ်တော်နှင့် တမန်တော်များ မြေကြီးပေါ်အသက်ရှင်စဉ်ကကဲ့သို့ အကြိမ်ရေများစွာမဖြစ်ပေါ်ကြောင်း တွေ့ရှိရခြင်းအတွက် ကျွန်ုပ်တို့စိတ်ပျက်မနေသင့်ပါ။

ထို့အပြင်၊ ဓမ္မသစ်ကျမ်းရေးသူများသည် ပဋိညာဉ်တရားသစ်စတင်ခြင်းအတွက် အထူးအရေး ကြီးသည့် အယူဝါဒနှင့် လက်တွေ့ကျသော ကိစ္စရပ်များအတွက် ၎င်းတို့ကိုယ်ကို အဓိကဆက်ကပ်အပ်နှံ ထားသည်။ ဥပမာ၊ ဂျူးများ၌အမြစ်တည်ခြင်းမှ တစ်ပါးအမျိုးသားများအထိ ဘုရားသခင့်နိုင်ငံတော်ကို ချဲ့ထွင်ခြင်းအကြောင်းအရာထက် ဓမ္မသစ်တွင်မည်သည့်ပြဿနာမှ အာရုံစိုက်ခံရမှုမရှိပါ။ ဓမ္မသစ်ကျမ်း တွင်ဖော်ပြထားသော အငြင်းပွားမှုများသည် ခရစ်တော်၏နောက်လိုက်များအနေဖြင့် ဓမ္မဟောင်း အလေ့အကျင့်များနှင့် ဂျူးရိုးရာဓလေ့များကို လိုက်နာခြင်း သို့မဟုတ် မစောင့်ထိန်းခြင်းရှိ၊ မရှိတို့ကို ကိုင်တွယ်ဖြေရှင်းထားသည်။ ဤသွန်သင်ချက်များသည် ယနေ့အသင်းတော်အတွက် သက်ရောက်မှု ရှိသည်မှန်သော်လည်း၊ ခရစ်ယာန်အသင်းတော်သည် ဤအခြေခံအငြင်းပွားဖွယ်ရာများစွာကို ကျော်လွန် သွားပြီဖြစ်သည်။ ဧဝံဂေလိတရားသည် ကမ္ဘာတစ်ဝှမ်းတွင် ဆက်လက်ပျံ့နှံ့နေသကဲ့သို့၊ ကျွန်ုပ်တို့သည် မတူညီသောပြဿနာများကို ရင်ဆိုင်နေရသည်။

ကျွန်ုပ်သည်တမန်တော်ခေတ်ကို ပြန်သွားပြီး၊ တမန်တော်များ၏ဟောပြောခြင်း၊ သူတို့လုပ်ဆောင်ခဲ့သည့်အံ့ဖွယ်အမှုများနှင့် အသင်းတော်အတွက် မိတ်ဆက်ခဲ့သမျှတို့ကို သက်သေခံရန် တစ်ခါတရံဆန္ဒရှိပါသည်။ ဟုတ်ပါသည်၊ ကနဦးအသင်းတော်၏ အတွေ့အကြုံများသည် ယနေ့ခေတ်တွင် ကျွန်ုပ်တို့ရရှိသည့်အတွေ့အကြုံများနှင့် အလွန်ဆင်တူပါသည်။ ကျွန်ုပ်ဆိုလိုသည်မှာ၊ ကမ္ဘာပေါ်ရှိ နေရာများစွာတွင် အသင်းတော်သည် နှိပ်စက်ညှဉ်းပန်းခံနေရသော အသိုက်အဝန်းဖြစ်ပြီး၊ ကျွန်ုပ်တို့သည် ပထမယုံကြည်သူများ ကိုင်စွဲခဲ့သည့် အလားတူဧဝံဂေလိတရားကို လက်ကိုင်ပြုနေပါသည်။ သို့သော် တမန်တော်များ၏ဓမ္မအမှု‌တော်သည် အသင်းတော်သမိုင်း၏ထူးခြားသောကာလတစ်ခုတွင် ထူးခြားသည့် အမှု‌တော်ဖြစ်သည်ဟု ခံယူချက်ရှိပြီး၊ ထိုတမန်တော်များရေးသားသော ကျမ်းများကို ဖတ်ရှုခြင်းဖြင့် ၎င်းတို့၏အခြေခံအုတ်မြစ်အပေါ်တွင် ကျွန်ုပ်တို့ထပ်ဆင့်၍တည်ဆောက်ပါသည်။ သို့သော် တမန်တော်ရာထူးသည် အသင်းတော်တွင် ဆက်လက်လုပ်ဆောင်ရမည့်အရာမဟုတ်ပါ။ ၎င်းသည် သူတို့အားပေးခဲ့သည့် ထူးခြားသည့်အခြေခံဓမ္မအမှု‌တော်ဖြစ်ပြီး၊ ယနေ့အသင်းတော်တွင် သူတို့၏အခြေခံအုတ်မြစ်အပေါ်၌ ကျွန်ုပ်တို့ တည်ဆောက်နေပြီဖြစ်သည်။

ဒေါက်တာ Philip Ryken

ဤအကြောင်းကြောင့်၊ ဓမ္မသစ်ကျမ်းကို မျက်မှောက်ခေတ်လောကတွင် ကျွန်ုပ်တို့ကျင့်သုံးသော အခါ၊ ပဋိညာဉ်သစ်ခေတ်၏အစပျိုးခြင်းအဆင့်တွင် မူလအဓိပ္ပာယ်ကို အခိုင်အမာအခြေခံထားကြောင်း နားလည်ရန် အရေးကြီးပါသည်။ ထိုမူလအဓိပ္ပါယ်ကို မှတ်သားထားပြီး၊ ပဋိညာဉ်တရားသစ်ခေတ်တွင် နောက်ထပ်တိုးတက်မှုများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ကျွန်ုပ်တို့၏ခေတ်ကာလတွင် ၎င်းကိုကျင့်သုံး နိုင်သည်။

ဓမ္မသစ်နှင့် ဓမ္မဟောင်းကျမ်းနှစ်ခုစလုံးတွင် ပဋိညာဉ်တရားသစ်ကျင့်သုံးခြင်းအတွက် ယေဘူယျ လမ်းညွှန်ချက်များကို တွေ့မြင်ရပြီးနောက်၊ ဤမူများကို သရုပ်ဖော်ထားသည့် သမ္မာကျမ်းစာပါ ဥပမာ တစ်ခုကို ကြည့်ကြပါစို့။ စစ်ပွဲကို သမ္မာကျမ်းစာ၏ အလေးပေးစံနမူနာအဖြစ် ကျွန်ုပ်တို့ဖော်ပြပါမည်။

၎င်းသည် နတ်ဆိုးများနှင့် ၎င်းတို့နောက်လိုက်နေသော လူမျိုးများအား စစ်တိုက်ခြင်းနှင့် ပတ်သက်၍ အာရုံစူးစိုက်မှုများစွာပေးကြောင်း သမ္မာကျမ်းစာနှင့် ရင်းနှီးသူတိုင်းသိကြသည်။ ဓမ္မဟောင်း ကျမ်းရှိ ကျမ်းတိုင်းနီးပါးသည် ဤအကြောင်းအရာနှင့် တစ်နည်းမဟုတ်တစ်နည်း သက်ဆိုင်သည်။ ဓမ္မဟောင်းတွင်တွေ့ရှိရသော နတ်ဆိုးများနှင့်စစ်ပွဲသည် ပဋိညာဉ်တရားသစ်ခေတ်တွင် ဆက်လက်တည် ရှိနေကြောင်း ဓမ္မသစ်ကျမ်းက ထပ်ခါတလဲလဲဖော်ပြသည်။

ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်အား စစ်သူရဲတစ်ဦးအဖြစ်၊ ရှင်ဘုရင်အဖြစ်၊ စစ်သူရဲကောင်းတစ်ဦးအဖြစ် သရုပ်ဖော်ထားသည်ကို ကျွန်ုပ်တို့မကြာခဏ တွေ့မြင်ရသည်။ ဆိုလိုသည်မှာ၊ ကျွန်ုပ်တို့၏အကြောင်းအရာသည် အဓိပ္ပါယ်များစွာရှိပုံမရပါ၊ ၎င်းကိုကျွန်ုပ်တို့ အပြည့်အဝနားမလည်ပါ။ သို့သော် ရှေးခေတ်ဣသရေလ၏လက်တွေ့ဘဝတွင် စစ်ပွဲသည် သာမာန်သာဖြစ်သည်... ဖာရောသည် ဘုရားသခင့်လူမျိုးတော်ကို သွားခွင့်ပြုမည်မဟုတ်သောကြောင့် ဘုရားသခင်ပြုတော်မူခဲ့သည်မှာ...ပထမတွင် ကပ်ဘေးဒဏ်များ၊ ထို့နောက် ပင်လယ်နီတွင် အီဂျစ်စစ်တပ်ကို နစ်မြှုပ်စေခြင်းဖြင့် ဘုရားသခင်သည် တိုက်ပွဲကို အဆုံးသတ်ခဲ့သည်။ နောက်ထပ် ဥပမာတစ်ခု ထပ်ပြောပါမည်။ မောရှေနှင့် မိရိအံတို့သည် ဘုရားသခင်ကို ချီးမွမ်းသည့် အောက်ပါသီချင်းကို သီဆိုကြသည်– ရထားများ၊ မြင်းစီးသူရဲများတို့သည်..မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ထို့ကြောင့် ဘုရားသခင်အား စစ်သူရဲတစ်ဦး အဖြစ် သီဆိုထားသည်။ ဣသရေလအမျိုးသည် ခါနနိလူတို့၏ပြည်သို့ ဝင်ရောက်သောအခါ၊ ဘုရားသခင်သည် သူတို့၏ကိုယ်စား တိုက်ခိုက်တော်မူကြောင်းကို ကျွန်ုပ်တို့မြင်ရသည်။

ဒေါက်တာ David T. Lamb

ဤအကြောင်းအရာ၏ ထင်ရှားမှုသည် အောက်ပါအရေးကြီးသော မေးခွန်းတစ်ခုကို ပေါ်ပေါက် လာစေပါသည်။ ယနေ့ ကျွန်ုပ်တို့၏ခေတ်တွင် ၎င်းကို မည်သို့ကျင့်သုံးမည်နည်း။ ဓမ္မဟောင်းဖြစ်စေ သို့မဟုတ် ဓမ္မသစ်ကျမ်းကိုဖြစ်စေ ကျွန်ုပ်တို့ဖတ်သောအခါ၊ ဤအကြောင်းအရာသည် ကျွန်ုပ်တို့၏ အသက်တာများနှင့် မည်သို့သက်ဆိုင်ကြောင်း ပိုမိုပြည့်စုံသော ဖော်ပြမှုကိုရရှိလိုပါက၊ ခရစ်တော်၌ ရှိသော ပဋိညာဉ်တရားသစ်ခေတ်၏ အဆင့်သုံးဆင့်ကို ကျွန်ုပ်တို့ကြည့်ရှုရမည်ဖြစ်သည်။

ပထမဆုံးအနေနှင့်၊ ကျွန်ုပ်တို့ခေတ်ကာလ၏စတင်ပြုခြင်းကို ကျွန်ုပ်တို့အာရုံစိုက်သင့်သည်။ ယေရှု၏မြေကြီးဆိုင်ရာဓမ္မအမှု‌တော်သည် ကမ္ဘာပေါ်တွင်နတ်ဆိုးများနှင့်စစ်ပွဲ၏ ကဏ္ဍအချို့ကို ထူးခြားစွာ ပြည့်စုံစေကြောင်း ဓမ္မသစ်ကျမ်းသည် ရှင်းလင်းစွာဖော်ပြထားသည်။ သခင်ယေရှုကိုယ်တိုင် တပည့်တော်များနှင့် အမှုဆောင်ခြင်းတွင် ဖြစ်ပျက်နေသည့်အရာများကို နတ်ဆိုးများအပေါ် အနိုင်ယူခြင်း အဖြစ် ရည်ညွှန်းခဲ့သည်။

ဥပမာ၊ လုကာ ၁၀:၁၈-၁၉ တွင်၊ တပည့်တော်များသည် နတ်ဆိုးများကို နှင်ထုတ်ခြင်းမှ ပြန်လာ သောအခါ ယေရှု၏မိန့်တော်မူချက်ကို ကျွန်ုပ်တို့ဖတ်ရသည်။

ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။ သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကို နိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ (လုကာ ၁၀:၁၈-၁၉)။

ကောလောသဲ ၂:၁၅ အရ၊ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်း၌ နတ်ဆိုးဝိညာဉ် စွမ်းအားများကို အနိုင်ယူခဲ့သည်။

အထွတ်အမြတ်အာဏာစက်များကို လုယူလျှင် (ခရစ်တော်သည်) ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ (ကောလောသဲ ၂း၁၅)။

အလားတူ ဧဖက် ၄:၈ တွင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် တက်ကြွခြင်းတို့ကို စစ်ပွဲတွင် အောင်ပွဲခံခြင်းအဖြစ် ပေါလုရည်ညွှန်းခဲ့သည်။

ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသောသူတို့ကို ဘမ်းသွားတော်မူ၍၊ လူတို့အားဆုလပ်များကို ပေးတော်မူသည်ဟုလာသတည်း (ဧဖက် ၄:၈)။

ဤကျမ်းပိုဒ်များနှင့် အလားတူကျမ်းပိုဒ်များကိုထောက်၍၊ ကျွန်ုပ်တို့သည် ဓမ္မဟောင်း သို့မဟုတ် ဓမ္မသစ်ကျမ်းများတွင် ဘုရားသခင်၏ရန်သူများကို စစ်တိုက်ခြင်း၏အကြောင်းအရာနှင့် ပတ်သက်လာ သည့်အခါတိုင်း၊ ပဋိညာဉ်တရားသစ် စတင်သည့်ကာလတွင် ခရစ်တော်သည် ဤစစ်ပွဲတွင် သူ၏အခန်း ကဏ္ဍကို မည်သို့ပြည့်စုံစေခဲ့သည်ကို ကျွန်ုပ်တို့ အမြဲသတိရနေသင့်သည်။ ခရစ်တော်၏ ပြီးမြောက်ပြီး ဖြစ်သည့်အရာများမှလွဲ၍၊ အပြစ်နှင့်သေခြင်း၏ တန်ခိုးများအပေါ် နောက်ဆုံးအောင်ပွဲခံရန် မျှော်လင့် ချက်မရှိပါ။

သူ၏ပထမကြွလာချိန်တွင် ခရစ်တော်သည် စစ်ပွဲကို သရုပ်ပြခဲ့သည် သို့မဟုတ် စစ်ပွဲကို ပြီးမြောက်စေခဲ့သည် သို့မဟုတ် စာတန်နှင့်တိုက်သည့်စစ်ပွဲအဖြစ် ပုံဖော်နိုင်သည်။ ဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်လိမ့်မည်ဟူသော ကျရှုံးခြင်းအစတွင် အာဒံနှင့်ဧဝကို ကတိပြုခဲ့သော ကမ္ဘာဦး ၃:၁၅ ဖြင့် ၎င်းကိုစတင်ခဲ့သည်။ ထို့နောက် လက်ဝါးကပ်တိုင်၌ ဖြစ်ပျက်နေသည်ကို ကျွန်ုပ်တို့မြင်ရသည်။ စာတန်၏ဦးခေါင်းသည် ကြေမွသွားသည်၊ ယေရှု၏ဖနောင့်သည် ကိုက်ခံရသည်၊ လုပ်ကြံခံရသည်—သင်သုံးလိုသည့် အသုံးအနှုန်းအတိုင်း—ထိုနောက် သူသည် သေခြင်းမှထမြောက်ပြီး စာတန်ကို အလုံးစုံအောင်ပွဲခံခဲ့သည်။

ဒေါက်တာ Howard Eyrich

ခရစ်ယာန်များစွာသည် ခရစ်တော်သည် ခေတ်ကာလ၏အဆုံးတွင် တစ်ဖန်ပြန် ကြွလာချိန်အထိ နတ်ဆိုးကို ဖျက်ဆီးမည်မဟုတ်ဟု ယူဆကြသည်။ သို့သော် အမှန်မှာ ယေရှုခရစ်သည် သူ၏ ပထမကြွလာစဉ်တွင်ပင် နတ်ဆိုးကို ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။ မူအရ နတ်ဆိုးကို ချေမှုန်းပစ်သည်ဟု ဆိုနိုင်သည်၊ ဆိုလိုသည်မှာ လက်ဝါးကပ်တိုင်တွင် မာရ်နတ်ကို အနိုင်ယူပြီး နောက်ဆုံး ဒုတိယအကြိမ်ကြွလာခြင်းအတွက် အုတ်မြစ်ချခဲ့သည်ဟု ဆိုနိုင်သည်။ လောကကြီး၌ နတ်ဆိုးသည်ရှိနေတုန်းဖြစ်ပြီး၊ ကျွန်ုပ်တို့သည်၎င်းအထဲတွင် အသက်ရှင်နေသော်လည်း၊ ၎င်းသည် မျိုးသုဉ်းခြင်းသို့ ရောက်သောလမ်းပေါ်ရှိ နတ်ဆိုးဖြစ်သည်။ ကျွန်ုပ်တို့၏သခင်ယေရှုခရစ်တိုက်သည့်တိုက်ပွဲတွင်၊ ကိုယ်တော်သည် “အာဏာနှင့်အာဏာစက်များကို ဖျက်သိမ်း၍လူထုရှေ့မှောက်၌ ထိုသူတို့ကိုရှုတ်ချကာ အောင်ပွဲခံခဲ့ပြီး” သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းမှ တစ်ဆင့် မာရ်နတ်၏လုပ်ဆောင်မှုအပေါ် ကြီးမားသောအောင်ပွဲရရှိခဲ့သည်။

ဒေါက်တာ Ghassan Khalaf

ကျွန်ုပ်တို့ခေတ်ကာလ၏အစပျိုးခြင်းအပြင်၊ သမ္မာကျမ်းစာတွင် စစ်မက်ဖြစ်ပွားသည့် အကြောင်းအရာကို တွေ့ရသည့်အခါတိုင်း၊ ကျွန်ုပ်တို့သည် ပဋိညာဉ်တရားသစ်ခေတ်၏ဆက်လက် တည်မြဲခြင်းအတွက် ၎င်းကိုအသုံးပြုရန် အသင့်ရှိရမည်ဖြစ်သည်။

ခရစ်တော်ကိုယ်တော်တိုင်သည် သူ၏ပထမကြွလာချိန်၌ နတ်ဆိုး၏နောက်ဆုံးရှုံးနိမ့်မှုကို အစပြုခဲ့သော်လည်း၊ ဤစစ်ပွဲသည် အသင်းတော်သမိုင်းတစ်လျှောက် ယုံကြည်သူတိုင်း၏ အတွေ့အကြုံ ၏ အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေဆဲဖြစ်ကြောင်း ဓမ္မသစ်ကျမ်းက သွန်သင်ထားသည်။

ဥပမာ၊ ၂ ကောရိန္သု ၁၀:၄ တွင် ဧဝံဂေလိတရားပြန့်ပွားမှုသည် နတ်ဆိုးများကို စစ်တိုက်ခြင်းဖြစ် သည်ဟု ပေါလုအတည်ပြုခဲ့သည်။ ထိုနေရာတွင် သူပြောထားသည်မှာ_

ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏တန်ခိုး တော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏ (၂ ကောရိန္သု ၁၀:၄)။

ပေါလုသည် ဧဖက် ၆:၁၂ တွင်အသင်းတော်၏စစ်ပွဲကို အလားတူရည်ညွှန်းခဲ့သည်_

အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွတ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏ (ဧဖက် ၆း၁၁-၁၂)။

ဤကျမ်းပိုဒ်နှစ်ခုစလုံးတွင် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးသဘောသဘာဝ အရ စစ်ပွဲဆင်နွှဲကြသည်ကို သတိပြုပါ။ ကျွန်ုပ်တို့ခေတ်ကာလ၏စတင်ခြင်းတွင် ယေရှုပြုလုပ်ခဲ့သည့် အတိုင်း၊ ကျွန်ုပ်တို့သည် “အသွေးအသား” နှင့် စစ်မတိုက်ကြပါ။ ကျွန်ုပ်တို့သည် “အထွတ်အမြတ်တို့နှင့် ၎င်း၊ အာဏာစက်တို့နှင့်၎င်း”နှင့်“မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း”စစ်တိုက်ကြသည်။ ခရစ်တော်၏နိုင်ငံတော် ဆက်လက်တည်မြဲနေချိန်အတွင်း၊ ကျွန်ုပ်တို့သည် လူများနှင့် စစ်တိုက်မည့် အစား ဤလောက၌ လုပ်ဆောင်နေသော စာတန်နှင့် အခြားနတ်ဆိုးများနှင့် စစ်တိုက်နေပါသည်။ ၂ ကောရိန္သု ၅:၁၉-၂၀ တွင် ပေါလုက ဤစကားများကို ရေးသားခဲ့သည်_

[ဘုရားသခင်သည်]ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် မေတ္တာရပ်ခံတော်မူနေဘိ သကဲ့သို့ ကျွန်ုပ်တို့သည် ခရစ်တော်၏ သံတမန်များ ဖြစ်ကြသည်။ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့ (၂ကော ၅း၂၀)။

ပဋိညာဉ်တရားသစ် ဆက်လက်တည်ရှိနေစဉ်အတွင်း အသက်ရှင်နေကြသည့် ဘုရားသခင့် လူမျိုးအနေနှင့် ကျွန်ုပ်တို့သည် လူသားချင်းများအပေါ် စစ်သည်တော်များမဟုတ်ပါ။ ယင်းအစား၊ ကျွန်ုပ်တို့သည် ခရစ်တော်၏ဧဝံဂေလိတရားပြန့်ပွားမှုမှတစ်ဆင့် လူသားများအား အပြစ်၏အုပ်စိုးမှုမှ ကယ်တင်ရန်ရှာဖွေသော “ခရစ်တော်၏သံတမန်များ” ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် လူတို့အား “ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန်” တိုက်တွန်းခြင်းဖြင့် စာတန်၏နိုင်ငံတော်ကို ပိုမိုအနိုင်ယူကြသည်။

ထို့ကြောင့်၊ ၂ ကောရိန္သု ၂:၁၄ တွင် ပေါလုသည် ဧဝံဂေလိဓမ္မအမှု‌တော်ဆောင်ခြင်းအား ခရစ်တော်၏အောင်ပွဲအခမ်းအနားအဖြစ် ဖော်ပြခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ–

ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှါ၎င်း၊ ထိုသခင်ကိုသိခြင်း၏ အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှါ၎င်း၊ ပြုတော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း (၂ ကောရိန္သု ၂:၁၄)။

ကျွန်ုပ်တို့သည် ဓမ္မဟောင်းမှ သို့မဟုတ် ဓမ္မသစ်မှ စစ်ပွဲနမူနာများကို အသုံးပြုနေသည်ဖြစ်စေ၊ ခရစ်တော်၏နောက်လိုက်များသည် ပဋိညာဉ်တရားသစ်ကို ဆက်လက်လုပ်ဆောင်နေချိန်တွင် ၎င်းတို့၏ နေ့စဉ်ဓမ္မအမှု‌တော်တွင်ဤအကြောင်းအရာကိုကျင့်သုံးရန် အမြဲအဆင်သင့်ရှိသင့်သည်။// ယေရှု၏နေ့ရက်ကာလများက သူ့ကိုနိုင်ငံရေးအခင်းအကျင်း သို့မဟုတ် လှုပ်ရားမှုတစ်ရပ်စတင်မည်ဟု နားလည်မှုလွဲခဲ့ကြသလို၊ ယနေ့လက်ဝါးကပ်တိုင်စစ်ပွဲအစား၊ နိုင်ငံရေး၊ လူမျိုးစုအရေး လူမှုစီးပွားအကျိုးအမြတ်အတွက်တိုက်သောစစ်ပွဲအဖြစ် မြင်ကြ

ခရစ်တော်သည် ယနေ့ အသင်းတော်မှတဆင့် နည်းလမ်းအမျိုးမျိုးဖြင့် နတ်ဆိုးများနှင့်စစ်ပွဲကို ပြီးမြောက်စေသည်၊ သို့သော် ၎င်းကို ထည့်သွင်းစဉ်းစားရန် အဓိကအချက်မှာ ခရစ်တော်၏နိုင်ငံတော်သည် ကျွန်ုပ်တို့ သာမာန်အားဖြင့် ထင်မြင်သည့် တိုင်းနိုင်ငံများထက် ကွဲပြားနေခြင်းဖြစ်သည်။ ယေရှု၏နေ့ရက်ကာလများက သူ့ကိုနိုင်ငံရေးအခင်းအကျင်း သို့မဟုတ် လှုပ်ရှားမှုတစ်ရပ်စတင်မည်ဟု နားလည်မှုလွဲခဲ့ကြသလို၊ ယနေ့လက်ဝါးကပ်တိုင် စစ်ပွဲအစား၊ နိုင်ငံရေး၊ လူမျိုးစုအရေး၊ လူမှုစီးပွားအကျိုးအမြတ်အတွက် တိုက်သောစစ်ပွဲအဖြစ် မြင်ကြသည်။ ပေါလုသည် ဧဖက် ၆ တွင် ကျွန်ုပ်တို့အား ဤဝိညာဉ်ရေး စစ်ပွဲမျိုးအတွက် လမ်းညွှန်ချက်ပေးထားသည်။ ကျွန်ုပ်တို့ဆုတောင်းရမည်။ သတင်းကောင်းကို မျှဝေရမည်။ ယုံကြည်ခြင်းရှိရမည်။ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်၏ အဓိကနည်းလမ်းများကို ကျင့်သုံးရမည်ဖြစ်သည်…Martin Luther သည်သူ၏ “A Mighty Fortress” တွင်မြေကြီးပေါ်ရှိ စွမ်းအားအားလုံးထက် ဤနှုတ်ကပတ်တော်အကြောင်း ပြောခဲ့သည်။ ထို့ကြောင့်၊ ၎င်းသည် ခရစ်တော်၏ဝိညာဉ်ရေးစစ်ပွဲ ပြီးမြောက်ခြင်းအဖြစ် ဘုရားသခင်၏အစေခံသားတော် ယေရှုခရစ်အားဖြင့် အောင်နိုင်လိမ့်မည်ဟူသော ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ထိုနည်းလမ်းသည် ခရစ်တော်၏ လက်ဝါးကပ်တိုင်ပုံစံအသက်တာအတိုင်း လိုက်နာရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဖိလိပ္ပိ ၂ တွင် တူညီသော သဘောထားရှိခြင်းဖြင့်ခရစ်တော်ကို တုပကြသောကြောင့်၊ ဧဝံဂေလိတရားကို ခွဲခြားသိမြင်စေရန်နှင့် ခရစ်ယာန်ဘာသာကို အခြားဘာသာများနှင့် ခွဲခြားဖော်ပြထားကာ ဘာသာတရားကို တင်းကျပ်မှုအဖြစ် အဓိကရှုမြင်ကြသည်။ ဤသည်မှာ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့ကြား အဓိကကွာခြားချက်တစ်ခုဖြစ်သည်။ အစ္စလမ်ဘာသာသည် ဘုရားသခင်အား အတင်းအကြပ်မဖြစ်သော ယုံကြည်ခြင်းကိုမခံယူပါ၊ ခရစ်ယာန်ဘာသာသည် အခြေခံအားဖြင့် အခြားသူများ၏အကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်ခြင်း ဖြစ်သည့်လက်ဝါးကပ်တိုင်တရားဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် ကျွန်ုပ်တို့အတွက် မိမိအသက်ကို ပေးခဲ့ပြီးဖြစ်သောကြောင့်၊ ၎င်းသည်ခရစ်တော်၏ယဇ်ပူဇော်ခြင်းနှင့် စံနမူနာဖြစ်သည်။ သို့မှသာ ကိုယ်တော်ကိုသခင်ဖြစ်စေခြင်းငှါ အခြားသူတို့သည် အလိုရှိကြမည်ဖြစ်သည်။

— Rev. Mike Glodo

ဓမ္မသစ်ကျမ်းသည် ကျွန်ုပ်တို့၏ခေတ်ကာလအစပျိုးခြင်းနှင့် ဆက်လက်တည်မြဲခြင်းနှင့်အတူ စစ်ပွဲ၏အကြောင်းအရာကိုဆက်စပ်ပေးသည်သာမက၊ ပဋိညာဉ်တရားသစ်ခေတ်၏ပြီးပြည့်စုံခြင်းနှင့် လည်း ဆက်စပ်ပေးပါသည်။

ခရစ်တော်ကိုယ်တော်တိုင် ပထမကြွလာစဉ်တွင် စစ်ပွဲဆင်နွှဲခဲ့သလို၊ ဘုန်းတန်ခိုးဖြင့်ပြန်ကြွလာ သောအခါတွင် နတ်ဆိုးများနှင့်စစ်ပွဲကို ပြီးမြောက်စေမည်ဖြစ်သည်။ နတ်ဆိုးတို့ကို အမျက်တော်ထွက် သောအရာများအဖြစ်နှင့် လူသားများကို ကရုဏာတော်အရာများကဲ့သို့ ပိုင်းခြားထားပြီး ဒုတိယကြွလာ ချိန်တွင်ကွယ်ပျောက်လိမ့်မည်။ ဗျာဒိတ် ၁၉:၁၁-၁၅ တွင်၊ ယောဟန်သည် ဤနည်းဖြင့်လာမည့်တိုက်ပွဲ ကို ဖော်ပြခဲ့သည်_

ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိသတည်း။ ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ဝတ်လျက်၊ နောက်တော်သို့ လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သော သန်လျင်သည် ခံတွင်းတော်ထဲကထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည် (ဗျာဒိတ် ၁၉:၁၁-၁၅)။

နည်းလမ်းများစွာဖြင့်၊ နတ်ဆိုးနှင့်နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲနေသည့် ခရစ်တော်၏ဤမြင်ကွင်း သည် ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် ကျွန်ုပ်တို့၏အောင်ပွဲနှင့် ထာဝရအသက်အတွက် မျှော်လင့် ချက်ဖြစ်သည်။ အပြစ်နှင့်သေခြင်းတရားအား နောက်ဆုံးအနိုင်ယူသောအခါ၊ ခရစ်တော်သည်စိုးစံကာ သူ၏နောက်လိုက်အားလုံးကို အောင်ပွဲခံရန် ဖိတ်ခေါ်မည်ဖြစ်သည်။

သမ္မာကျမ်းစာရှိ စစ်ပွဲများ၏အကြောင်းအရာ၊ အထူးသဖြင့် ဓမ္မဟောင်းမှ စစ်ပွဲသည်၊ ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ကိုယ်တော်၏အမျက်ဒေါသ ဖြစ်ပြီး၊ ၎င်းသည် မည်ကဲ့သို့ ပေါ်ပေါက်လာမည်၊ နောက်ဆုံးကာလ၌ မည်သို့မည်ပုံ ဖြစ်မည်နှင့်ပတ်သက်၍ အကြောင်းအရာကြီးတစ်ခုဖြစ်သည်။ သို့သော် ဓမ္မသစ်ကျမ်းတွင် ဤအကြောင်းအရာကိုဖော်ထုတ်ရန် မတူညီသောနည်းလမ်းနှစ်ခုရှိသည်။ ပထမအချက်မှာ ယေရှုနှင့်အတူဖြစ်သည်။ သူသည် မြင့်မြတ်သောသူရဲကောင်းတစ်ဦးအဖြစ် အပြစ်ကို စစ်တိုက်ရန် ကြွလာသော်လည်း၊ ယခုတွင် အပြစ်သားအပေါ်မဟုတ် အပြစ်အပေါ်သာလျှင် ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် ဤနေရာတွင် သားကောင်ဖြစ်သည်။ သူသည် အမျက်ဒေါသကိုဆောင်သောသူထက် ဘုရားသခင်၏အမျက်ဒေါသကို အပြည့်အ၀ခံယူသူ ဖြစ်လာသည်။ ယခုတွင်၊ အပြစ်သားများသည် ထိုတရားစီရင်ခြင်းကို တွေ့ကြုံခံစားခဲ့ကြသူများအဖြစ် မိမိတို့ကိုယ်ကို ခရစ်တော်၌ပုန်းအောင်းခြင်း သို့မဟုတ် ခရစ်တော်ထံ စည်းလုံးခြင်းဖြင့် အဆုံးတွင်ဘုရားသခင်၏အမျက်တော်မှ လွတ်မြောက်ကြသည်။ ထို့ကြောင့် ခရစ်တော်ကြွလာသောအခါ၊ သူသည် မိမိလူတို့နှင့်အတူ ကြွလာမည်ဖြစ်ပြီး၊ နောင်တမရသောသူ သို့မဟုတ် ယုံကြည်ခြင်းဖြင့် သူ၌မစည်းလုံးသောသူများကို စစ်ခင်းတော့မည်ဖြစ်သည်။ ထို့ကြောင့်တစ်နည်းအားဖြင့်၊ ရေလွှမ်းမိုးခြင်းတွင် ဣသရေလနှင့် ကတိထားရာပြည်၊ အာရှုရိနှင့် ဗာဗုလုန်တို့ ဣသရေလကို တိုက်နေခြင်းတို့သည် နောက်ဆုံးသောကာလစီရင်ချက်၏စစ်ပွဲ ဖော်ပြမှုများအဖြစ်မြင်တွေ့နိုင်ပါသည်။ သို့သော် ၎င်းအားလုံးသည် ကျွန်ုပ်တို့အတွက် ခရစ်တော် တွေ့ကြုံခဲ့သောဖော်ပြမှုများပင် ဖြစ်သည်။ ၎င်းတွင် ဖော်ပြမှုနှစ်ခုရှိသည်_ ပထမ၊ ဘုရားရှင်၏ကျေးဇူးတော်— ကိုယ်တော်သည် ထိုစစ်ပွဲ၊ အမျက်ဒေါသနှင့် ကျွန်ုပ်တို့အတွက်ကျိန်ခြင်းကို ကြုံတွေ့ခဲ့ရသော်လည်း၊ ၎င်းတွင်ဘုရားရှင်၏တရားမျှတမှုသည် ရှိပါသည်။ သူသည် ပြန်လာနေပြီး၊ သူနှင့်အတူမရှိသူများသည် တူညီသောစီရင်ခြင်း တွေ့ကြုံရမည်ဖြစ်သည်။

ဒေါက်တာ Miles Van Pelt

ခရစ်တော်ပြန်ကြွလာခြင်း၏ကြီးကျယ်ခမ်းနားသော ပြီးပြည့်စုံခြင်းကို အောင်နိုင်သူစစ်သည် တော်အဖြစ် သမ္မာကျမ်းစာတစ်အုပ်လုံးတွင် တွေ့ရသော စစ်ပွဲ၏အကြောင်းအရာကိုအနက်ပြန်ရန် ကျွန်ုပ်တို့ အမြဲအမှတ်ရနေသင့်သည်။

စစ်ပွဲ၏အကြောင်းအရာကို ဓမ္မသစ်ကျမ်းကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်းသည် ကျွန်ုပ်တို့၏ ခေတ်ကာလတွင် သမ္မာကျမ်းစာကိုကျင့်သုံးရန် ကျွန်ုပ်တို့အတွက်လမ်းညွှန်ချက်ဖြစ်သည်။ ဓမ္မသစ်ကျမ်း သည်အကြောင်းအရာများကို မတူညီသောနည်းလမ်းများဖြင့် ဖော်ထုတ်ပေးသောကြောင့် တစ်ခုချင်းစီ အားကျွန်ုပ်တို့သေချာစွာလေ့လာရမည်ဖြစ်သည်။ သို့တိုင်၊ မည်သည့်ကျမ်းစာဆိုင်ရာအကြောင်းအရာကို မဆို ပိုမိုပြည့်စုံစွာကျင့်သုံးရန်၊ ခရစ်တော်၌ ပဋိညာဉ်တရားသစ်ခေတ်စတင်ခြင်း၊ ဆက်လက်တည်မြဲ ခြင်းနှင့် ပြီးပြည့်စုံခြင်းတို့၌ ၎င်းကိုမည်သို့ရှုမြင်သည်ကို ကျွန်ုပ်တို့ကြည့်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဓမ္မဟောင်း၌သော်လည်းကောင်း သို့မဟုတ် ဓမ္မသစ်တွင်သော်လည်းကောင်း မည်သည့်အကြောင်းအရာ ကို စတင်လေ့လာသည်ဖြစ်စေ၊ ခရစ်တော်၏နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့သည် ပဋိညာဉ်တရား သစ်ခေတ်၏ အဆင့်သုံးဆင့်စလုံးတွင် ၎င်းတို့ မည်သို့ပြည့်စုံကြောင်းကို ရှာဖွေတွေ့ရှိခြင်းဖြင့် ဤအကြောင်းအရာများကို ကျွန်ုပ်တို့၏အသက်တာတွင် ကျင့်သုံးနိုင်ပါသည်။

မျက်မှောက်ခေတ်ကျင့်သုံးခြင်းနှင့် ပဋိညာဉ်တရားသစ်ဆိုင်ရာ ဤသင်ခန်းစာတွင်၊ ခရစ်တော်၌ ပဋိညာဉ်သစ်သည် သမ္မာကျမ်းစာကို မျက်မှောက်ခေတ်ကျင့်သုံးခြင်းအပေါ် သက်ရောက်မှုရှိစေမည့် နည်းလမ်းများကို ကျွန်ုပ်တို့လေ့လာထားပါသည်။ ပဋိညာဉ်သစ်အတွက် ဓမ္မဟောင်းမျှော်လင့်ချက်၏ ပြည့်စုံမှုကို ခရစ်တော်၌ကျွန်ုပ်တို့၏ခေတ်ကာလစတင်ခြင်း၊ ဆက်လက်တည်မြဲခြင်းနှင့် ပြီးပြည့်စုံခြင်း များတွင် မည်သို့မြင်နိုင်သည်ကို ကျွန်ုပ်တို့ သတိပြုမိပါသည်။ ထို့ပြင် ပဋိညာဉ်တရားသစ်၏တူညီသော အဆင့်သုံးဆင့်နှင့် မျက်မှောက်ခေတ်အသက်တာတွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်၏အကြောင်းအရာတိုင်း၏ ကျင့်သုံးခြင်းကို ကျွန်ုပ်တို့ဖော်ပြထားပါသည်။

ခရစ်တော်၌ပဋိညာဉ်တရားသစ်သည် သေးငယ်သောကိစ္စမဟုတ်ပါ။ ၎င်းသည် သမိုင်းတစ် လျှောက်လုံးအတွက် ဘုရားသခင်၏ရည်ရွယ်ချက်များ၏ အထွတ်အထိပ်ဖြစ်သည်။ ထို့ကြောင့်၊ ခရစ်တော်၌ပဋိညာဉ်သစ်သည် ကျွန်ုပ်တို့၏မျက်မှောက်ခေတ်တွင် သမ္မာကျမ်းစာ၏အစိတ်အပိုင်းတိုင်း ကို မည်သို့ကျင့်သုံးရမည်နှင့်ပတ်သက်၍ အကျိုးသက်ရောက်သည်။ ခရစ်တော်၏နောက်လိုက်များအနေ နှင့် ကျွန်ုပ်တို့သည်၊ သမ္မာကျမ်းစာကိုဖတ်ရှုရာတွင် ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များကို ခရစ်တော်၌ပြီးမြောက်စေသည့်နည်းဖြင့် ဖတ်ရှုရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်ပြုတော်မူပြီး သောအရာကို ပြန်ကြည့်သည်၊ ယခု ကိုယ်တော်လုပ်နေသောအရာကို ကျွန်ုပ်တို့ကြည့်ကာ ကိုယ်တော် ပြန်လာသောအခါတွင် မည်သည့်အရာပြီးမြောက်မည်ကို ကျွန်ုပ်တို့ စောင့်မျှော်နေပါသည်။ သို့မှသာ ပဋိညာဉ်တရားသစ်၏လူများအဖြစ် ကျွန်ုပ်တို့သည် မျက်မှောက်ခေတ်တွင် သမ္မာကျမ်းစာကို မှန်ကန်စွာ ကျင့်သုံးနိုင်မည်ဖြစ်သည်။

Continue reading the full transcript