<link rel="stylesheet" href="https://cdn.plyr.io/3.7.8/plyr.css" />
Back to CatalogHGBသမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ
သမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ ·VideoTranslated from English

HGB-10 ကျမ်းစာဆိုင်ရာ ယဉ်ကျေးမှုနှင့် ခေတ်သစ်အသုံးချပုံ

Read the full text

အတန်းဗີ ၁၀ နှင့်အတူ တွဲဖက်ထားသော ဗီဒီယိုတစ်ခု ဖြစ်ပြီး အောက်ပါမေးခွန်းများကို ဖြေကြားထားသည်- ဘုရားသခင်သည် လူသားမျိုးစိတ်အား ယဉ်ကျေးမှုဆိုင်ရာ အမိန့်ပေးခဲ့ရခြင်းမှာ အဘယ်ကြောင့်နည်း? လူသားများ၏ အပြစ်ထဲသို့ ကျရောက်ခြင်းသည် ကျွန်ုပ်တို့၏ မှန်ကန်စွာ တွေးခေါ်နိုင်စွမ်းကို မည်သို့ထိခိုက်စေသနည်း? ရှေး� 이스라엘၏ ယဉ်ကျေးမှုကို ဘုရားသခင်၏ ဥပဒေများက မည်သို့ညွှန်ကြားခဲ့သနည်း? ခရ�ിസ્ત၏ ကြွလာခြင်းသည် အစ္စရေးလူမျိုးနှင့် ဂေနတေလ လူမျိုးတို့၏ ဆက်ဆံရေးကို မည်သို့ထိခိုက်စေခဲ့သနည်း? ကျမ်းစာထဲတွင် ဖော်ပြထားသော ယဉ်ကျေးမှုအလေ့အထများကို ယနေ့ ကျွန်ုပ်တို့ လိုက်နာရန် လိုအပ်သော အလေ့အထများနှင့် မည်သို့ခွဲခြားနိုင်မည်နည်း? ခရစ်ယာန်များသည် ၁ ကိုရင်္တ ၁၁ တွင် ပေါလုပြောသော ခေါင်းစွပ်နှင့်ပတ်သက်သော ထုတ်ပြန်ချက်များကို မည်သို့တုံ့ပြန်သင့်သနည်း? ခရစ်ယာန်များသည် မြ salt of the earth နှင့်အညီ ဖြစ်ကြပြီး ခရစ်ယာန်များသည် light of the world နှင့်အညီ ဖြစ်ကြရန် ဘာကိုဆိုလိုသနည်း? ခရစ်ယာန်များသည် ယဉ်ကျေးမှုများအကြား ကွာခြားချက်များကို ယနေ့ အတည်း၌ရှိနေသော်လည်း ကျမ်းစာ၏ လုံးဝအာဏာကို မည်သို့အတည်ပြုနိုင်သနည်း?


From the transcript

၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့သော သာ့ဒ်မစ်လ် သည်အမြတ်အစွန်းကို အဓိက မထားသော ဧဝံဂေလိ ခရစ်ယာန် အမှုတော် တစ်ခု ဖြစ်ပါသည်။ သာ့ဒ်မစ်လ်က ပေးအပ်ရန် ရည်စူးထားသည်မှာ-

ကျွန်ုပ်တို့၏ ပန်းတိုင်မှာ ကမ္ဘာတလွှားရှိ အမှုတော်အတွက် လုံလောက်သော လေ့ကျင့်ရည် ချို့တဲ့ ကင်းမဲ့သည့် သင်းအုပ်နှင့် ခရစ်ယာန် ခေါင်းဆောင် ထောင်ပေါင်း များစွာအား အခမဲ့ ခရစ်ယာန် ပညာရေးကို ပေးကမ်းရန် ဖြစ်ပါသည်။ ပြိုင်ဖက်ကင်းသော မီဒီယာစုံသင် စာသင်တိုက် သင်ရိုးကို အင်္ဂလိပ်၊ အာရဘစ်၊ တရုတ်၊ ရုရှ နှင့် စပိန် ဘာသာစကားများဖြင့် ထုတ်လုပ်ပြီး ကမ္ဘာ အနှံ့ ဖြန့်ဝေခြင်း အားဖြင့် ဤပန်းတိုင်ကို ကျွန်ုပ်တို့ ဖြည့်ဆည်းနေပါသည်။ ကျွန်ုပ်တို့၏ သင်ရိုးကို ကျွန်ုပ်တို့၏ မိတ်ဖက် အမှုတော်များအားဖြင့် အခြားသော ဘာသာစကား တစ်ဒါဇင်ကျော်သို့ ပြန်ဆိုလျက် ရှိပါသည်။ သင်ရိုးတွင် ရုပ်ပုံများက ထိန်းကျောင်းသော ဗီဒီယိုများ၊ ပုံနှိပ်ထားသော ညွှန်ကြားချက်များ နှင့် အင်တာနက် အရင်းအမြစ်များ ပါဝင်ပါသည်။ ၎င်းကို ကျောင်းများ၊ အုပ်စုများ၊ တစ်ဦးချင်း ပုဂ္ဂိုလ်များ၊ အွန်လိုင်းတွင်သာမက သင်ယူလေ့လာသော လူ့အဖွဲ့အစည်းများတွင်ပါ အသုံးပြုနိုင်အောင် ပုံစံဆွဲထားပါသည်။

နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံး ပါဝင် ပစ္စည်းနှင့် အရည်အသွေး ရှိသော ဆုရ မီဒီယာစုံသင် သင်ခန်းစာများကို အလွန်ပင် တွက်ချေကိုက်စွာ ပြုစုထုတ်လုပ်ပေးသည့် နည်းစနစ်တစ်ခုကို ကျွန်ုပ်တို့ တိုးတက်ဖွံ့ဖြိုးလာစေခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စာရေးသူများနှင့် အယ်ဒီတာများသည် ဓမ္မပညာပိုင်းဆိုင်ရာ လေ့ကျင့်မှု ရှိထားပြီးသော ပညာပေးသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘာသာပြန်ဆိုသူများသည်လည်း သူတို့၏ ဦးတည် ဘာသာစကားများ၌ ဓမ္မပညာပိုင်းဆိုင်ရာ ကျွမ်းကျင် လိမ္မာသော ဒေသစကားပြောသူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ သင်ခန်းစာများတွင်လည်း ကမ္ဘာတလွှားမှ ထောင်ပေါင်းများစွာသော ဂုဏ်အသရေ ရှိ စာသင်တိုက် ပါမောက္ခများနှင့် သင်းအုပ်ဆရာများ၏ ထိုးထွင်းအမြင်များ ပါဝင်ပါသည်။ ဖြည့်စွက်ပြောရလျှင် ကျွန်ုပ်တို့၏ ရုပ်ပုံ ဒီဇိုင်နာများ၊ ပန်းချီဆရာများ၊ ထုတ်လုပ်သူများသည် လုံးဝဥဿုံ ခေတ်မှီသော ကရိယာများနှင့် နည်းလမ်းများကို သုံး၍ အမြင့်ဆုံး ထုတ်လုပ်မှု ဆိုင်ရာ စံနှုန်းများကို လိုက်နာထားပါသည်။

ကျွန်ုပ်တို့၏ ဖြန့်ချိရေး ဆိုင်ရာ ပန်းတိုင်များကို ပြီးမြောက်ရန် အတွက် သာ့ဒ်မစ်လ် အနေဖြင့် အသင်းတော်များ၊ စာသင်တိုက်များ၊ ကျမ်းစာကျောင်းများ၊ သာသနာပြုများ၊ ခရစ်ယာန် အသံလွှင့်သူများ၊ ဂြိုလ်တု ရုပ်မြင်သံကြား ဝန်ဆောင်မှုပေးသူများ၊ အခြားသော အဖွဲ့အစည်းများနှင့် မဟာဗျူဟာကျသော မိတ်ဖက်ဖြစ်မှုကို အခိုင်အမာ ပြုလုပ်ထားပါသည်။ ဤ ဆက်နွယ်မှုများကြောင့် ဒေသခံခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ၊ စာသင်တိုက် စာသင်သားများသို့ ဗီဒီယို သင်ခန်းစာ အမြောက်အများကို ဖြန့်ဝေပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များ သည်လည်း ဖြန့်ချိရေး လမ်းကြောင်းများ အဖြစ် အသုံးတည့်နေသလို သင်၏ ကိုယ်ပိုင် လေ့လာသင်ယူ လူ့အဖွဲ့အစည်းကို မည်သို့ စတင်ရမည် ဆိုသည်နှင့် သက်ဆိုင်သည့် သင်ခန်းစာ ပစ္စည်းများ အပါအဝင် ကျွန်ုပ်တို့၏ သင်ခန်းစာများကို ထပ်ဆောင်းဖြည့်ဆည်းပေးရန် အတွက် နောက်ထပ် လိုအပ်သော ပစ္စည်းများကိုလည်း ပေးကမ်းပါသည်။

“ကျမ်းစာ၏ဤအပိုင်းသည် ယဉ်ကျေးမှုဆိုင်ရာမျှသာမဟုတ်လော” ဟုတစ်စုံတစ်ဦးမေးသည်ကို သမ္မာကျမ်းစာသင်ကြားသူတိုင်းတစ်ချိန်မဟုတ်တစ်ချိန်တွင် ကြားဖူးကြသည်။ များသောအားဖြင့် သူတို့ ဆိုလိုသည်မှာ သမ္မာကျမ်းစာ၏အချို့သောအပိုင်းများသည် ရှေးခေတ်သမ္မာကျမ်းစာ၏ယဉ်ကျေးမှုများ နက်ရှိုင်းစွာပါဝင်နေသောကြောင့် ယနေ့ကျွန်ုပ်တို့အပေါ် မည်သို့မျှသက်ဆိုင်ခြင်းမရှိပါ။ ထို့ကြောင့်၊ ခရစ်ယာန်များသည် မျက်မှောက်ခေတ်အသက်တာနှင့်သက်ဆိုင်သည့်ကျမ်းစာပိုဒ်များနှင့် “ယဉ်ကျေးမှု ဆိုင်ရာ” ကျမ်းပိုဒ်များကိုသာပိုင်းခြားရန် ကြိုးစားလေ့ရှိသည်။

ဤသင်ခန်းစာတွင်၊ ကျွန်ုပ်တို့သည် မတူညီသောအမြင်ကို တင်ပြပါမည်။ သမ္မာကျမ်းစာ၏ အစိတ်အပိုင်းများကို ယဉ်ကျေးမှုဆိုင်ရာ သို့မဟုတ် ကျင့်သုံးမှုအဖြစ်သဘောထားခြင်းထက်၊ အစိတ်အပိုင်းတိုင်းတွင် ယဉ်ကျေးမှုဆိုင်ရာနှင့် ကျင့်သုံးမှုဆိုင်ရာ နှစ်မျိုးစလုံးပါရှိကြောင်း ကျွန်ုပ်တို့ မြင်တွေ့ရမည်ဖြစ်သည်။ သမ္မာကျမ်းစာတစ်အုပ်လုံးသည် ရှေးခေတ်ယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာ များ ထင်ဟပ်သော်လည်း၊ ကျွန်ုပ်တို့မည်သူမည်ဝါဖြစ်စေ၊ မည်သည့်နေရာ၊ မည်သည့်အချိန်၌အသက် ရှင်သည်ဖြစ်စေ လူတိုင်းအတွက် တစ်နည်းမဟုတ်တစ်နည်း ကျင့်သုံးရမည့် ဘုရားသခင့်နှုတ်မြွက်စကား တော်ဖြစ်နေဆဲဖြစ်သည်။

ဤသည်မှာ ကျွန်ုပ်တို့အား သူကျမ်းစာပေးခဲ့သည် အနက်ပြန်ခြင်းဆိုင်ရာ အခြေခံအုတ်မြစ်များ အခန်းဆက်ဆောင်းပါးမှ ဆယ်ခုမြောက်သင်ခန်းစာဖြစ်ပြီး_ "သမ္မာကျမ်းစာယဉ်ကျေးမှုနှင့် မျက်မှောက် ခေတ်ကျင့်သုံးခြင်း" ဟုခေါင်းစဉ်တပ်ထားပါသည်။ ဤသင်ခန်းစာတွင်၊ သမ္မာကျမ်းစာ၏ယဉ်ကျေးမှု ဆိုင်ရာရှုထောင့်များသည် သမ္မာကျမ်းစာကျင့်သုံးခြင်းအပေါ် ကျွန်ုပ်တို့၏မျက်မှောက်ခေတ်တွင် မည်သို့ အကျိုးသက်ရောက်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

အစောပိုင်းသင်ခန်းစာများတွင် ကျွန်ုပ်တို့ပြောခဲ့သည့်အတိုင်း၊ ကျွန်ုပ်တို့ခေတ်တွင် သမ္မာကျမ်းစာ ကျမ်းပိုဒ်များကို ကျင့်သုံးသည့်အခါတိုင်း၊ သမ္မာကျမ်းစာ၏မူလပရိသတ်များနှင့် မျက်မှောက်ခေတ် ပရိသတ်များအကြား ခေတ်ကာလ၊ ယဉ်ကျေးမှုနှင့် ပုဂ္ဂိုလ်ရေးကွာဟမှုကို ထည့်သွင်းစဉ်းစားရပါမည်။ ဤထည့်သွင်းစဉ်းစားမှုသုံးရပ်သည် တစ်ခုနှင့်တစ်ခု လုံးဝပိုင်းခြား၍မရသော်လည်း၊ သမ္မာကျမ်းစာ၏ မူလအဓိပ္ပာယ်မှ မျက်မှောက်ခေတ်ကျင့်သုံးခြင်းသို့ ကူးပြောင်းလာသောအခါတွင် ကျွန်ုပ်တို့သည် အဓိကဖြစ်သည့်ယဉ်ကျေးမှုဆိုင်ရာပြဿနာများကို အထူးသဖြင့်အာရုံစိုက်သွားမည်ဖြစ်သည်။

ယဉ်ကျေးမှုကိုသတ်မှတ်ရန် နည်းလမ်းများစွာရှိသည်။ သို့သော်မျက်မှောက်ခေတ်လူမှုဗေဒနှင့် မနုဿဗေဒတွင် ယေဘုယျအားဖြင့် ပေါ်လွင်သောအမြင်များကို လိုက်နာခြင်းဖြင့် ကျွန်ုပ်တို့သည် ယဉ်ကျေးမှုကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆိုပါမည်_

အသိုက်အဝန်းတစ်ခုသွင်ပြင်လက္ခဏာရှိသော အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများ၏ ကန့်သတ်မှုပုံစံများဖြစ်သည်။

ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း၊ ယဉ်ကျေးမှုများတွင် ဘာသာစကား၊ အနုပညာ၊ ကိုးကွယ်မှု၊ နည်းပညာ၊ လူအချင်းချင်းဆက်ဆံမှုနှင့် လူမှုရေးဆိုင်ရာ အခွင့်အာဏာများကဲ့သို့သော ကန့်သတ်မှုပုံစံ များပါဝင်သည်။ ထို့ပြင် ဤကန့်သတ်မှုပုံစံများတွင် ဝေမျှထားသည့်အယူအဆများ၊ အမူအကျင့်များနှင့် စိတ်ခံစားမှုများလည်း ပါ၀င်သည်။ ထို့ကြောင့်၊ ယဉ်ကျေးမှုအကြောင်းပြောသောအခါ၊ ဤအင်္ဂါရပ်များ သည် မိသားစု၊ လူမျိုးစု၊ လူမှုရေးအသင်းအဖွဲ့၊ ဘာသာရေးအသင်းအဖွဲ့၊ လူမျိုးတစ်မျိုး သို့မဟုတ် လူသားမျိုးနွယ်တစ်ခုလုံးကိုပင်ဖြစ်စေ အသိုက်အဝန်းတစ်ခု၏လက္ခဏာများကို မည်ကဲ့သို့ပုံဖော်သည် ကို ကျွန်ုပ်တို့ စိတ်ထဲတွင် စွဲမှတ်ထားရန်လိုသည်။

ဤသင်ခန်းစာသည် သမ္မာကျမ်းစာယဉ်ကျေးမှုနှင့် မျက်မှောက်ခေတ်ကျင့်သုံးခြင်းဆိုင်ရာ ရှုထောင့်သုံးမျိုးအပေါ် အာရုံစိုက်ပါမည်_ ဦးစွာ၊ သမ္မာကျမ်းစာ၏အစောပိုင်းအခန်းများတွင်တွေ့ရသော သမ္မာကျမ်းစာဆိုင်ရာအခြေခံအုတ်မြစ်များကို ကျွန်ုပ်တို့လေ့လာပါမည်။ ဒုတိယ၊ ဓမ္မဟောင်းနှင့် ဓမ္မသစ် တွင် ဖြစ်ပွားခဲ့သော ယဉ်ကျေးမှုဆိုင်ရာ တိုးတက်ဖွံ့ဖြိုးလာမှုများကို ကျွန်ုပ်တို့ခြေရာခံပါမည်။ တတိယ၊ သမ္မာကျမ်းစာ၏ဤယဉ်ကျေးမှုဆိုင်ရာရှုထောင့်များသည် မျက်မှောက်ခေတ်သမ္မာကျမ်းစာကျင့်သုံးခြင်း အပေါ် မည်ကဲ့သို့အကျိုးသက်ရောက်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ယဉ်ကျေးမှုဆိုင်ရာ သမ္မာကျမ်းစာအခြေခံအုတ်မြစ်များကို ဦးစွာကြည့်ကြပါစို့။

ကျွန်ုပ်တို့သည် ယဉ်ကျေးမှုဆိုင်ရာသမ္မာကျမ်းစာအခြေခံအုတ်မြစ်များကို သုံးသပ်ခြင်းအား ကမ္ဘာဦးကျမ်း ၁–၁၁ ကိုလေ့လာခြင်းဖြင့် စတင်ပါမည်။ ပထမဦးစွာ၊ ဤအခန်းများသည် ယဉ်ကျေးမှု၏ အရေးပါပုံကို မည်ကဲ့သို့ ဖွဲ့ဆိုထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဒုတိယ၊ ဤအခန်းများသည် ယဉ်ကျေးမှုဆိုင်ရာ ဆန့်ကျင်ဘက်စံနှုန်းနှစ်ခုကို မိတ်ဆက်ပုံကို ကျွန်ုပ်တို့အာရုံစိုက်ပါမည်။ တတိယ၊ သမ္မာကျမ်းစာ၏အဖွင့်အခန်းများသည် ဘုရားသခင်၏သစ္စာရှိအစေခံများအကြား အမျိုးမျိုးသော ယဉ်ကျေးမှုအတွက် ‌ခေတ်ကာလကိုမည်သို့သတ်မှတ်ထားသည်ကို ကျွန်ုပ်တို့သတိပြုပါမည်။ ယဉ်ကျေးမှု၏အရေးပါမှုဖြင့် စတင်ကြပါစို့။

ကမ္ဘာဦးကျမ်း၏ပထမအခန်းကြီးဆယ့်တစ်ခန်းသည် ဖန်ဆင်းခြင်းမှ အာဗြဟံကာလအထိ ကမ္ဘာ့သမိုင်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ၎င်းတို့သည် ကမ္ဘာကြီးနှင့် လူ့ယဉ်ကျေးမှုအတွက် ဘုရားသခင်၏စံပြပုံစံများကို ချမှတ်ထားသောကြောင့် ကျွန်ုပ်တို့၏လေ့လာမှုအတွက် အထူးအရေးကြီး ပါသည်။ ဤနည်းအားဖြင့်၊ ၎င်းတို့သည် ကမ္ဘာဦးကျမ်းသာမက ကျန်သမ္မာကျမ်းစာများကိုလည်း ဖတ်ရှု လေ့လာရန် ကျွန်ုပ်တို့ကိုလမ်းညွှန်ပေးသည်။

ယဉ်ကျေးမှုဆိုင်ရာအခြေခံအုတ်မြစ်များသည် ကမ္ဘာဦး ၁:၂၈ တွင် ပထမဆုံးပေါ်လာပြီး “ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်” ဟုခေါ်လေ့ရှိသောကျမ်းပိုဒ်ဖြစ်သည်။ ဤတွင်၊ ဘုရားသခင်သည် လူသားများကို မိန့်တော်မူသည်မှာ_

အချင်းတို့ များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ (ကမ္ဘာ ၁း၂၈)။

ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်များ၏ အရေးပါမှုကိုနားလည်ပြီးကျင့်သုံးရန်၊ အစောပိုင်း သင်ခန်းစာများတွင် မြင်တွေ့ခဲ့ရသည့်အရာများကို မှတ်သားထားရန် လိုအပ်ပါသည်။ သမိုင်းအတွက် ဘုရားသခင်၏နောက်ဆုံးပန်းတိုင်သည် ကိုယ်တော်၏မြင်ရသောဘုန်းတန်ခိုးနှင့်လောကကိုပြည့်စေကာ ဖန်ဆင်းခံတိုင်းသည်ကိုယ်တော်ကို ထာဝစဉ်ကိုးကွယ်ရန်ဖြစ်သည်။ ဘုရားသခင်သည် ကနဦးဖန်ဆင်း ခြင်းအစီအစဥ်ကို အစပြုပြီးနောက်၊ ဘုရားသခင်၏ဘုန်းတော်ကို နောက်ဆုံးပြသခြင်းအတွက် ပြင်ဆင် ရာတွင် ဖန်ဆင်းခြင်းကို ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရန် လူသားမျိုးနွယ်၏တာဝန်ဖြစ် ကြောင်း ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်သည်ဖော်ပြသည်။

ဘုရားသခင်သည် လူသားတို့အား ယဉ်ကျေးမှုဆိုင်ရာ လုပ်ပိုင်ခွင့်ကို အရိုးရှင်းဆုံးစည်းကမ်းချက်များဖြင့် ပေးခဲ့ပြီး၊ သို့မှသာ ကမ္ဘာလောက၊ ဖန်ဆင်းခြင်းတွင် ကိုယ်တော်၏ဘုန်းတော်နှင့် ပြည့်စေမည်ဖြစ်သည်။ ရှေးဗိမာန်တော်၊ အိမ်တော်တည်ဆောက်ခြင်းကဲ့သို့ ဖန်ဆင်းခြင်း၏ပုံသဏ္ဌာန်ကို ကျွန်ုပ်တို့ မြင်တွေ့ရသည်။ ဗိမာန်တော်တည်ဆောက်သောအခါ၊ အဆောက်အအုံကိုတည်ဆောက်သောနတ်ဘုရားသည် ထိုအရပ်၌ နေတော်မူသည်။ ထို့ကြောင့်၊ ဖန်ဆင်းခြင်းဆိုင်ရာ သမ္မာကျမ်းစာရှုမြင်ချက်မှာ မြေကြီးတပြင်လုံးကို ဘုရားသခင်အတွက် ကျိန်းဝပ်ရာ၊ သန့်ရှင်းရာဌာန ဖြစ်စေရန် ဖန်ဆင်းထားခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်ကို ကိုယ်စားပြုသည့်ရုပ်တုအစား—ငှက် သို့မဟုတ် ခြင်္သေ့ရုပ်တု သို့မဟုတ် ထိုဗိမာန်တော်တွင် ထားရှိထားသည့်ရုပ်တုကဲ့သို့— ဘုရားသခင်သည် ယောက်ျားနှင့်မိန်းမကို ကိုယ်တော်၏ပုံသဏ္ဍာန်ဆောင်သူအဖြစ် ထားတော်မူသည်။ ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်ပေးရာတွင်၊ “ငါ၏ပုံသဏ္ဍာန်ကိုပွားများ၍ မြေကြီးကို ပြည့်စေကာအုပ်စိုးပြီး၊ ယဇ်ပုရောဟိတ်ကဲ့သို့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလော့” ဟုဘုရားသခင် မိန့်တော်မူခဲ့သည်။ ထို့ကြောင့်၊ ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်မှာ ဘုရားသခင်၏ပုံသဏ္ဍာန်ဆောင်သောသူများသည် ဖန်ဆင်းခံကမ္ဘာကြီး အပေါ်တွင် ဘုရားသခင်၏အရှင်သခင်ဆိုင်ရာလုပ်ပိုင်ခွင့်ကို ကျင့်သုံးရန်ဖြစ်ပြီး၊ ကမ္ဘာမြေကြီးသည် ဖန်ဆင်းတော်မူသော ဘုရားသခင်အတွက် ကျိန်းဝပ်ရာနှင့် ဟေရှာယ ၆ တွင်မြင်ရသော ကောင်းကင်ပလ္လင်နေရာကဲ့သို့ဖြစ်ရန် ဖြစ်သည်။ ထို့ကြောင့်ဥပမာ၊ ရေသည် ပင်လယ်ကိုလွှမ်းမိုးသကဲ့သို့ ကမ္ဘာမြေကြီးသည် ထာဝရဘုရား၏ဘုန်းတော်နှင့် ပြည့်စုံမည့်အကြောင်း ဓမ္မဟောင်းကျမ်းက ကျွန်ုပ်တို့အားပြောခြင်းသည် အသစ်အဆန်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်အတွက် မူလပုံစံဖြစ်ခြင်းကြောင့်ဖြစ်သည်။

— Rev. Mike Glodo

ကမ္ဘာဦးကျမ်း ၁ ၏အစတွင်၊ ကျရှုံးခြင်းမတိုင်မီ၊ ဘုရားသခင်သည် အလွန်အရေးကြီးသောလုပ်ပိုင်ခွင့် သို့မဟုတ် ညွှန်ကြားချက်များ—အမှန်တကယ်၊ ကျွန်ုပ်တို့ပြောနေသည့်လောကအမြင်တစ်ခု—ကိုအာဒံနှင့်ဧဝအားပေးထားပြီး၊ ၎င်းသည်ဥယျာဉ်၏အလှတရား၊ အစီအစဉ်နှင့် ပြည့်စုံခြင်းတို့ကိုခံယူကာ ကမ္ဘာအရပ်ရပ်သို့ ပြန့်ပွားစေရန် ဖြစ်သည်။ သမ္မာကျမ်းစာ၏ဇာတ်လမ်းသည် ကျရှုံးခြင်းနှင့် ဆုံးရှုံးခြင်းအကြောင်း အလွန်များပြားသည်၊ ထို့နောက် ဒုတိယအာဒံနှင့် ကိုယ်တော်၏သတို့သမီး၊ အသင်းတော်၊ ယေရှုခရစ်တို့မှတဆင့် ထိုလုပ်ပိုင်ခွင့်ကို ပြန်လည်စတင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာဦးကျမ်း ၁ မှ မူလထုံးစံအတိုင်း ယဉ်ကျေးမှုဆိုင်ရာ လုပ်ပိုင်ခွင့်ဖြစ်သည့် ဖန်ဆင်းခြင်းဆိုင်ရာလုပ်ပိုင်ခွင့်သည် သမ္မာကျမ်းစာ၏ သတင်းတရား၏အဓိကအချက်ဖြစ်ပြီး၊ ရွေးနှုတ်ခြင်းဟူသည် အမှန်တကယ်ပင်လွန်စွာအရေးကြီးသည်ဟု ကျွန်ုပ်အကြံပြုလိုပါသည်။ ဓမ္မပညာရှင်တစ်ဦးမှ ရွေးနှုတ်ခြင်းအား “ဖန်ဆင်းခြင်း ပြန်လည်ရရှိမှု” ဟုခေါ်ဆိုခဲ့သည်။ ထို့ပြင် ၎င်းသည်လှပသောပုံသဏ္ဍာန်တစ်ခုဖြစ်သည်ဟု ကျွန်ုပ်ထင်ပါသည်။ ၎င်းသည် သမ္မာကျမ်းစာသည် မည်သည့်အရာဖြစ်ကြောင်း နှင့်ပတ်သက်၍ လှပပြည့်စုံသော နားလည်မှုတစ်ခုဖြစ်သည်။ သမ္မာကျမ်းစာ၏သတင်းစကားနှင့်ပတ်သက်၍ ဘုရားသခင်သည် ကောင်းကင်မှမြေကြီးတိုင်၊ ဖန်ဆင်းခြင်းမှ အသစ်သောဖန်ဆင်းခြင်းအထိ သူ၏အုပ်စိုးမှု သို့မဟုတ် သူ၏နိုင်ငံတော်ကို ပြန်လည်ထူထောင်ခြင်းအဖြစ် ကျွန်ုပ်မကြာခဏဖော်ပြခဲ့ပါသည်။ ဘုရားသခင်၏ ဤအစွန်းနှစ်ဖက် လမ်းကြောင်းများသည် ကောင်းကင်ဘုံအမှန်တရားများကို မြေကြီးအမှန်တရားများအဖြစ်သို့ အပြည့်အဝယူဆောင်လာကာ၊ ဖန်ဆင်းခြင်းမှသည် ဖန်ဆင်းခြင်းအသစ်၏အဆုံးပန်းတိုင်အထိ လုပ်ဆောင်နေသည့် ဘုရားသခင်၏ယာယီသဘောတရားကို ပေးပါသည်။ ၎င်းအယူအဆ၏အဓိကအချက်မှာ ဘုရားသခင်သည် ကိုယ်တော်၏ ဂုဏ်အသရေ၊ ပြည့်စုံခြင်း သို့မဟုတ် သမ္မာကျမ်းစာအသုံးအနှုန်းဖြစ်သည့် “ကိုယ်တော်၏ဘုန်းတော်”ကိုကမ္ဘာတဝှမ်းလုံးတွင် ပိုမိုကျင့်သုံးရန် ဖြန့်ကြက်နေသည်ဟူ၍ ဖြစ်သည်။ ၎င်းမှာ တစ်ဦးချင်းအနေဖြင့် လူသားအားလုံးကိုခေါ်ခြင်းနှင့် ဘုရားသခင့်အသင်းတော်ရှိ လူသားများကိုရွေးနှုတ်ခြင်းလည်း ဖြစ်သည်။

ဒေါက်တာ Jonathan T. Pennington

ဤအရာကို“ငါတို့ပုံသဏ္ဍာန်နှင့်တညီတသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့” ဟုမိန့်တော်မူခဲ့သည့် ကမ္ဘာဦး ၁:၂၆ တွင် တွေ့ရသည်။ ရှေးခေတ်တွင် တိုင်းနိုင်ငံများ၏ဘုရင်များကို နတ်ဘုရား၏ပုံသဏ္ဍာန် များဟု ခေါ်ဝေါ်ကြပြီး၊ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့၏တော်ဝင်တာဝန်သည် နတ်ဘုရားများ၏ အလိုဆန္ဒကိုဆုံးဖြတ်ရန်နှင့် ၎င်းတို့၏အလိုနှင့်အညီယဉ်ကျေးမှုများကိုတည်ဆောက်ရန်ဖြစ်သည်။ ဤအချက် အရ၊ ကမ္ဘာဦးကျမ်း၏အစောပိုင်းအခန်းများတွင် လူသားအားလုံးသည် ဘုရားသခင်၏ အလိုတော်ရှိသည့် ဤတော်ဝင်ယဉ်ကျေးမှုလုပ်ငန်းကို မြေကြီးပေါ်တွင်ထပ်ဆင့်လုပ်ဆောင်ရန် ဖန်ဆင်းခံရကြောင်း ရှင်းလင်းစွာဖော်ပြသည်။

ထို့အပြင်၊ ကမ္ဘာဦးကျမ်း ၂ တွင် ဘုရားသခင်၏အလိုတော်နှင့်အညီ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှု တိုင်းသည် ယဇ်ပုရောဟိတ်ဆိုင်ရာအမှုတော်ဖြစ်ကြောင်း ရှင်းပြထားသည်။ အပိုဒ်ငယ် ၁၅ တွင် ဘုရားသခင်သည် အာဒံနှင့်ဧဝအား ကိုယ်တော်၏ဥယျာဉ်ကို“ပြုစုစောင့်ရှောက်ရန်” ထားရှိခဲ့ကြောင်း ကျွန်ုပ်တို့သိရှိရသည်။ ဤအသုံးအနှုန်းသည် ပုံမှန်မဟုတ်သော ဟေဗြဲကြိယာနှစ်ခု၏ပေါင်းစပ်မှု ဖြစ်သည်_ avad သည် အများအားဖြင့် “အလုပ်လုပ်ရန်” သို့မဟုတ် “အလုပ်ကြမ်းလုပ်ရန်” ဟုပြန်ဆို ထားပြီး shamar ကို ပုံမှန်အားဖြင့် “ဂရုစိုက်ရန်” သို့မဟုတ် “ကာကွယ်ရန်” ဟုပြန်ဆိုသည်။ မောရှေ သည် ဤအသုံးအနှုန်းများကို တစ်ကြိမ်တည်းသာ အခြားနေရာတွင် တွဲသုံးခဲ့သည်— တောလည်ရာ ၃:၈ တွင်၊ တဲတော်၌ဘုရားသခင်၏ဘုန်းအသရေရှိတော်မမူမီ လေဝိသားယဇ်ပုရောဟိတ်များ၏အမှုတော်ကို ဖော်ပြသောအခါဖြစ်သည်။

ထို့ကြောင့်၊ အမှန်တကယ်တွင် ယဉ်ကျေးမှုသည် ကျွန်ုပ်တို့ဖြစ်တည်မှု၏အသေးအဖွဲကိစ္စမျှသာ မဟုတ်ကြောင်း ကမ္ဘာဦးကျမ်း၏အဖွင့်အခန်းများသည် သမ္မာကျမ်းစာအုတ်မြစ်ရှုထောင့်ကို တည်ဆောက်ထားသည်။ ယင်းအစား၊ ၎င်းသည် ကျွန်ုပ်တို့၏ဘုရားသခင်အတွက် ယဇ်ပုရောဟိတ် ဆိုင်ရာအမှုတော်ဖြစ်သည်။ ဘုရားသခင်သည် ကိုယ်တော်၏မြင်သာသောဘုန်းအသရေကို နောက်ဆုံး ပြသရန်အတွက်ပြင်ဆင်ရန် ကျွန်ုပ်တို့အားကမ္ဘာမြေကြီးအားပြည့်စေရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ စီမံရန်၊ လှပစေရန်နှင့် သန့်ရှင်းစေရန်အတွက်ခန့်အပ်ထားပါသည်။

ဘုရားသခင်သည်လူတို့အား ယဉ်ကျေးမှုဆိုင်ရာ လုပ်ပိုင်ခွင့်ကို အဘယ်ကြောင့် ပေးခဲ့သည်ကို နားလည်ရန်၊ လူသည်သူ၏ပုံသဏ္ဍာန်ဖြင့် ထူးခြားစွာ ဖန်ဆင်းထား ကြောင်း သတိရရန် အရေးကြီးသည်ဟု ထင်ပါသည်။ ထို့ကြောင့် ဘုရား၏ ပုံသဏ္ဌာန်တော်အတွက် တည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းတစ်ခုရှိသည်— ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်၌ရှိကြသည်။ သို့သော်၊ ဘုရားသခင်၏ဘုန်းတော်ကို ကျွန်ုပ်တို့လုပ်ဆောင်သည့်အလုပ်အားဖြင့် ထင်ရှားစေခြင်းငှာ၊ ကျွန်ုပ်တို့လူသားဖြစ်ခြင်း၏ သင့်လျော်မှန်ကန်သော နည်းလမ်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုထင်ဟပ်စေသည့် လုပ်ဆောင်နိုင်သောအစိတ်အပိုင်းတစ်ခုလည်း ရှိပါသည်။ ထို့ကြောင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်ကို စဉ်းစားသောအခါ၊ ကမ္ဘာမြေကို ပြည့်စေ၍နိုင်ရန်၊ ကမ္ဘာကြီးကို ဧဒင်ကဲ့သို့၊ ဥယျာဉ်ကဲ့သို့ အစရှိသဖြင့်ဖြစ်စေရန်၊ လူဦးရေများပြားပြည့်စေရန် ဖြည့်ဆည်းပေးရမည့်အလုပ်မျိုး ရှိပါသည်။ ဆိုလိုသည်မှာ လူသားအသွင်သဏ္ဍာန်ဖြင့် ဘုရားသခင်၏ပုံသဏ္ဍာန်တွင် ထူးခြားစွာပြသထားသော ဘုရားသခင်၏ဘုန်းတော်ကို ကမ္ဘာမြေကြီးစွန်း တိုင်အောင် ပြန့်နှံ့ရန် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းအသရေအတွက် ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်ကို ကျွန်ုပ်တို့ထမ်းဆောင်ရမည်ဖြစ်သည်။

ဒေါက်တာ Bruce Baugus

ယဉ်ကျေးမှု၏အရေးပါမှုနှင့်သက်ဆိုင်သည့် သမ္မာကျမ်းစာအခြေခံအုတ်မြစ်များကို ကျွန်ုပ်တို့ တွေ့မြင်ရပြီးနောက်၊ ယခုကျွန်ုပ်တို့သည် ဒုတိယအကြောင်းအရာဖြစ်သည့် သမိုင်းတစ်လျှောက် လူသားတို့လိုက်နာခဲ့သော ယဉ်ကျေးမှုဆိုင်ရာဆန့်ကျင်ဘက် စံနှုန်းနှစ်ရပ်၏သမ္မာကျမ်းစာအခြေခံ အုတ်မြစ်များကို လေ့လာကြပါစို့။

ကျွန်ုပ်တို့သည် မတူညီသောကမ္ဘာ့အရပ်ဒေသများသို့ ခရီးထွက်သောအခါ၊ လူများသည် မတူညီ သောနည်းလမ်းများဖြင့် လုပ်ဆောင်ကြသည့်နေရာများစွာရှိနေကြောင်း မိမိကိုယ်ကိုသတိပေးရသည်။ ကျွန်ုပ်တို့အားလုံး လမ်းတစ်ဖက်တည်းတွင်မောင်းနှင်ရန်၊ ဘာသာစကားတစ်မျိုးတည်းပြောရန် သို့မဟုတ် တူညီသောအဝတ်အစားများကို၀တ်ဆင်ရန် မလိုအပ်ပါ။ သို့တိုင်၊ ကမ္ဘာဦးကျမ်း၏အဖွင့် အခန်းများတွင် ယဉ်ကျေးမှုသည် ကိုယ်ကျင့်တရားအရ ဘက်လိုက်ခြင်းမရှိကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ဆန့်ကျင်ဘက်အနေနှင့်၊ ယဉ်ကျေးမှုတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုတိုင်းသည် တစ်နည်း မဟုတ်တစ်နည်းအားဖြင့် ဘုရားသခင်ကို နှစ်သက်စေသည်သို့မဟုတ် မနှစ်သက်မှုဖြစ်စေပြီး၊ ၎င်းသည် ဆန့်ကျင်ဘက်ဖြစ်သော ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းနှစ်ခုထဲမှ တစ်ခုကိုထင်ဟပ်သည်။

လူသားများသည် ယဉ်ကျေးမှုကိုပုံစံအမျိုးမျိုးဖြင့် ဖွံ့ဖြိုးတိုးတက်စေသည်ကို သမ္မာကျမ်းစာ ရေးသားသူများ ကောင်းစွာသိရှိကြသည်။ သို့သော် သူတို့၏ရှုထောင့်မှကြည့်လျှင်၊ ယဉ်ကျေးမှုအားလုံး သည် အခြေခံအမျိုးအစားနှစ်ခုဖြစ်သည့် ဘုရားသခင်ကိုအစေခံသော ယဉ်ကျေးမှုပုံစံများနှင့် ကိုယ်တော် ကိုဆန့်ကျင်သောယဉ်ကျေးမှုပုံစံများမှ တစ်ခုအဖြစ်သို့ ရောက်သွားကြသည်။

နောက်ပိုင်းတွင် ကျွန်ုပ်တို့မြင်တွေ့ရမည့်အရာမှာ၊ ယနေ့ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ကျင့်သုံး သောအခါတွင် ဤယဉ်ကျေးမှုကွဲပြားမှုများသည် အလွန်အရေးကြီးလာသည်။ သို့သော် ယခုတွင်၊ သမ္မာကျမ်းစာ၏ အစောဆုံးအခန်းများတွင် ဤကွဲပြားမှုသည် မည်သို့စတင်ဖြစ်ပေါ်ခဲ့သည်ကို သုံးသပ်ကြည့်ကြပါစို့။

ကမ္ဘာဦးကျမ်း ၃ တွင်၊ အာဒံနှင့်ဧဝတို့သည် ကောင်းမကောင်းကိုသိကျွမ်းရာအပင်၏အသီးကို စားခြင်းဖြင့် ဘုရားသခင်အပေါ်သစ္စာစောင့်သိခြင်းစမ်းသပ်မှုကို ကျရှုံးခဲ့သည်။ ယင်းနောက်တွင်၊ ၎င်းတို့၏အပြစ်ထဲသို့ ကျရောက်ခြင်းသည် လူသားများအား ကွဲပြားသောယဉ်ကျေးမှုလမ်းကြောင်းနှစ်ခု ကို လိုက်လျှောက်ရန် လမ်းပြပေးမည်ဖြစ်ကြောင်း ဘုရားသခင်ဖော်ပြခဲ့သည်။ ကမ္ဘာဦး ၃:၁၅ တွင် မြွေကို မိန့်တော်မူသောအခါ ဤယဉ်ကျေးမှုနှစ်ခုကို ဘုရားသခင်ဖော်ပြပုံကို နားထောင်ပါ_

သင်နှင့် မိန်းမကို၎င်း၊ သင်၏အမျိုအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏ (ကမ္ဘာ ၃း၁၅)။

အတိုချုပ်အားဖြင့်၊ ဤနေရာတွင်ဖော်ပြထားသော “မိန်းမ” သည် ဘုရားသခင်ဖန်ဆင်းသည့် ပထမဆုံးအမျိုးသမီးဧဝဖြစ်ပြီး၊ မြွေသည် စာတန်ဖြစ်သည်။

ဤကျမ်းပိုဒ်သည် သမိုင်းတစ်လျှောက် လူ့ယဉ်ကျေးမှုဆိုင်ရာသွင်ပြင်လက္ခဏာရှိသော ကွဲပြားမှု ကိုဖြစ်ပေါ်စေသည်။ မိန်းမ၏အမျိုးအနွယ်သည် ဘုရားသခင်ကို သစ္စာရှိစွာဝတ်ပြုကိုးကွယ်ရန် ကြိုးပမ်း ခဲ့သည်။ မြွေ၏အမျိုးအနွယ်သည် သူ့ကို ဆန့်ကျင်ရန် ကြိုးပမ်းခဲ့သည်။ ဧဝ၏အမျိုးအနွယ်ဖြစ်သော ခရစ်တော်သည် စာတန်အပေါ် ကိုယ်တော်၏နောက်ဆုံးအောင်ပွဲ ပြီးဆုံးသည်အထိ၊ ဤကွဲပြားမှုသည် လူ့ယဉ်ကျေးမှုအပေါ် ဆက်လက်ဖော်ပြနေဦးမည်ဖြစ်သည်။

ဤလမ်းနှစ်သွယ်သည် ကမ္ဘာဦးကျမ်း ၄ တွင် ကာဣနနှင့် အာဗေလတို့၏ဇာတ်လမ်းတွင် ချက်ချင်းပေါ်လာသည်။ အခန်းကြီး ၄ ၏အဆုံးနားတွင်၊ ကာဣနနှင့်သူ၏သားစဉ်မြေးဆက်များသည် မြွေ၏အမျိုးအနွယ်အဖြစ် နေထိုင်ခဲ့ကြသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသည်။ သူတို့သည် အလွန်ခေတ်မီ ဆန်းပြားသော ယဉ်ကျေးမှုများကို ဖန်တီးခဲ့ကြသော်လည်း၊ ဘုရားသခင်၏ အလိုတော်ကိုဆန့်ကျင်ပြီး နတ်ဆိုး၏ဇာတိမျိုးရိုးကို သူတို့၏ဝိညာဉ်ရေးဖခင်အဖြစ် လဲလှယ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြ သည်။

သို့သော် ကမ္ဘာဦးကျမ်း ၅ တွင် မိန်းမ၏အမျိုးအနွယ်အဖြစ် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်စေခဲ့ သော ရှေသ၏သားစဉ်မြေးဆက်မှတ်တမ်းကို ကျွန်ုပ်တို့တွေ့ရှိရသည်။ သူတို့သည် မိသားစုနှင့် မျိုးနွယ်စု များကို တည်ဆောက်ကြသည်။ သူတို့သည်ဘာသာရေးအလေ့အကျင့်နှင့် ဘာသာစကားတို့ကို ဖွံ့ဖြိုးတိုး တက်စေခဲ့ကြသည်။ သူတို့သည် မစုံလင်သော်လည်း၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ် ချီးမြှောက်သော ယဉ်ကျေးမှုပုံစံများကိုထူထောင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ဤအချက်မှစတင်၍၊ သမ္မာကျမ်းစာ သည် ဤဆန့်ကျင်ဘက်ယဉ်ကျေးမှုဆိုင်ရာစံနှုန်းနှစ်ခုကို ဆက်လက်ခွဲခြားထားသည်။

ယခု ဤနေရာတွင် ကျွန်ုပ်တို့ သတိထားရန် ရှိသည်။ သမ္မာကျမ်းစာကို အဓိပါယ်ဖွင့်ဆိုရန်နှင့် ကျင့်သုံးရန်၊ ဤလူ့ယဉ်ကျေးမှုလမ်းကြောင်းနှစ်ခုကြားတွင် တူညီမှုများများစွာရှိသည်ကို တွေ့မြင်ရပါ သည်။ ကမ္ဘာဦးကျမ်း ၄ နှင့် ၅ တွင် ကာဣနနှင့် အာဗေလတို့နှစ်ဦးစလုံးသည် သဘာဝတရားကို အနိုင်ယူ ရန်ကြိုးပမ်းခဲ့ကြသည်ဟု ဖော်ပြသည်။ သူတို့နှစ်ဦးလုံးသည် လူ့အဖွဲ့အစည်းနှင့် ဘာသာရေးအလေ့ အကျင့်များကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကြသည်။ ရှေသနှင့် ကာဣနတို့၏မျိုးရိုးစဉ်ဆက်စာရင်း၏ဖော်ပြ သည့်အတိုင်း နှစ်ဦးစလုံးသည် အိမ်ထောင်ပြုပြီး သားသမီးများ ထွန်းကားခဲ့ကြသည်။

ဤသို့ မတူညီသောယဉ်ကျေးမှုစံနှုန်းများကို လိုက်လျှောက်သော လူများသည် အလားတူ ယဉ်ကျေးမှုဓလေ့စရိုက်များကို ဖော်ထုတ်ရန် မည်သို့ဖြစ်နိုင်သနည်း။ ဤတူညီချက်များသည် အကြောင်းရင်းနှစ်ရပ်ကြောင့် ပေါ်လာကြောင်း သမ္မာကျမ်းစာ၏ ကျန်ကျမ်းများအားဖြင့် ကျွန်ုပ်တို့ သိရှိလာရသည်။

တစ်ဖက်တွင်၊ ဘုရားသခင်၏ဘုံကျေးဇူးတော်ဖြစ်သော လူသားများအပေါ် ကယ်တင်ခြင်းမရှိ သော ကရုဏာတော်သည် စာတန်နောက်လိုက်သူတို့၏အပြစ်ရှိသောအပြစ်များကို တားမြစ်ထားသည်။ ရလဒ်အနေနှင့်၊ ကမ္ဘာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော ယဉ်ကျေးမှုအများစု ပင်လျှင် ဘုရားသခင်၏အလိုတော်နှင့်အညီ အတိုင်းအတာတစ်ခုအထိ ပြသခဲ့ကြသည်။ တစ်ဖက်တွင်၊ အပြစ်သည် ဘုရားသခင်၏လမ်းစဉ်အတိုင်း လိုက်လျှောက်သူများကို ဆက်၍ယိုယွင်းပျက်စီးစေသည်။ ထို့ကြောင့်၊ ကမ္ဘာပေါ်ရှိ အသန့်ရှင်းဆုံးယဉ်ကျေးမှုများပင်လျှင် ဘုရားသခင်၏အလိုတော်ကို အပြည့် အဝလိုက်နာရန် ပျက်ကွက်ခဲ့ကြပါသည်။

ကာဣနနှင့် အာဗေလတို့ခေတ်မှစ၍ ကျွန်ုပ်တို့ခေတ်တိုင်အောင်၊ ဘုရားသခင်၏သစ္စာရှိအစေခံ များနှင့် ကိုယ်တော်ကို ပုန်ကန်သူ၏ယဉ်ကျေးမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကြား ကွဲပြားမှုများနှင့် တူညီမှုများ အမြဲရှိခဲ့သည်။ ယနေ့ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏ မည်သည့်ကျမ်းပိုဒ်ကိုမဆို ကျင့်သုံး ရန် ကြိုးစားသည်နှင့်အမျှ၊ ဤကွဲပြားသောယဉ်ကျေးမှုများကို သတိရနေရန် အရေးကြီးသည်။

ယဉ်ကျေးမှု၏အရေးပါမှုဆိုင်ရာ သမ္မာကျမ်းစာအခြေခံအုတ်မြစ်များနှင့် ဆန့်ကျင်ဘက် ယဉ်ကျေးမှုဆိုင်ရာစံနှုန်းနှစ်ခုတည်ဆောက်ခြင်းအား လေ့လာပြီးနောက်၊ ယခု ကျွန်ုပ်တို့သည်တတိယ အချက်ကို သုံးသပ်နိုင်ပြီဖြစ်သည်_ သမ္မာကျမ်းစာ၏အဖွင့်အခန်းများတွင် ဘုရားသခင်သည် ယဉ်ကျေးမှု အမျိုးမျိုးကို နှစ်သက်သဘောကျသည်ကိုတွေ့ရသည်။

ကမ္ဘာဦးကျမ်း၏ပထမအခန်းများတွင် အဓိကအားဖြင့် လူအနည်းငယ်နှင့် သက်ဆိုင်သည်။ ထို့ကြောင့် သမ္မာကျမ်းစာ၏ ဤအပိုင်းတွင် ယဉ်ကျေးမှုအမျိုးမျိုးကိုဖော်ပြသည့် လူ့အဖွဲ့အစည်း ဥပမာများမရှိပါ။ သို့တိုင်၊ ဘုရားသခင်သည် ကမ္ဘာဦးကျမ်း၏ပထမအခန်းကြီးများ၌ ကနဦးလူ့သမိုင်း တွင် လူတစ်ဦးချင်းစီအား သူ၏ဆန္ဒကိုဖော်ပြသည့်နည်းလမ်းများဖြင့် ယဉ်ကျေးမှုအမျိုးမျိုးအတွက် ကာလကို သတ်မှတ်ပေးခဲ့သည်။

ယဉ်ကျေးမှုအမျိုးမျိုး၏ အခြေခံအုတ်မြစ်များကို ဖော်ပြရန် နည်းလမ်းများစွာရှိသော်လည်း၊ အချိန်ကိုငဲ့သောအားဖြင့် “အထူးဖွင့်လှစ်ဖော်ပြခြင်း”နှင့် “ယေဘူယျဖွင့်လှစ်ဖော်ပြခြင်း” ဟုခေါ်သော ယဉ်ကျေးမှုမျိုးကွဲများ မည်သို့ဖွံ့ဖြိုးတိုးတက်ခဲ့ပုံတို့ကိုကျွန်ုပ်တို့ သုံးသပ်ပါမည်။

“အထူးဖွင့်လှစ်ဖော်ပြခြင်း” ဟူသည် အိပ်မက်များ၊ ရူပါရုံများ၊ ပရောဖက်များ၊ ကျမ်းချက်များနှင့် အခြားအလားတူသောနည်းလမ်းများအားဖြင့် လူများစွာအတွက် ဘုရားသခင်၏ထုတ်ဖော်ပြောဆိုမှုနှင့် ကိုယ်တော်၏အလိုတော်ကို ဖော်ပြရန်အတွက် အစဉ်အလာဓမ္မပညာရှင်များကျင့်သုံးသည့်အသုံးအနှုန်း ဖြစ်သည်။ ဥပမာ၊ ကမ္ဘာဦးကျမ်း၏အစောပိုင်းအခန်းများတွင် ဘုရားသခင်သည်မိမိကိုယ်ကို အာဒံနှင့်ဧဝ၊ ကာဣနနှင့်အာဗေလ၊ နောဧတို့အား နှုတ်ဖြင့်ထုတ်ဖော်ပြသခဲ့သည်။

အခြားတစ်ဖက်တွင်၊ “ယေဘူယျဖွင့်လှစ်ဖော်ပြခြင်း” သည်လူများနှင့် ဖန်ဆင်းခြင်းအားလုံးတွင် —လူ့ကိုယ်ရည်ကိုယ်သွေးများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးစွမ်းရည်များနှင့် အခြားအရည်အသွေးများ —နှင့်အခြေအနေများတွင်—ပြင်ပလောက၌မြင်နိုင်သောဖန်ဆင်းခြင်းအားလုံးတွင် ဘုရားသခင်သည် ကိုယ်တော်နှင့် ကိုယ်တော်၏အလိုတော်ကို ထုတ်ဖော်ပြသခြင်းကို ရည်ညွှန်းသည်။ ဆာလံ ၁၉ နှင့် ရောမ ၁:၁၈-၂၀ တွင် ဤအရာကို ကျွန်ုပ်တို့တွေ့မြင်ရသည်။

ဘုရားသခင်၏အထူးနှင့် ယေဘူယျဖွင့်လှစ်ဖော်ပြခြင်းကို ကျင့်သုံးခြင်းသည် ကိုယ်တော်၏ လူများကြားတွင် ယဉ်ကျေးမှုအမျိုးမျိုးအတွက် အချိန်ကာလကို ဘုရားသည် မည်သို့သတ်မှတ်ကြောင်း နားလည်ရန် ကျွန်ုပ်တို့ကို ကူညီပေးပါသည်။

ဘုရားသခင်၏သစ္စာရှိလူများသည် တစ်ချိန်တည်းမှာပင် တူညီသောအထူးဖွင့်လှစ်ဖော်ပြခြင်းကို နာခံခြင်းတွင် ၎င်းကိုကျွန်ုပ်တို့တွေ့ရသည်၊ အကြောင်းမှာ သူတို့သည်မတူညီသော အခြေအနေများကို ကြုံတွေ့နေရသည့် မတူညီသောသူများဖြစ်ကြသည်။ ဥပမာ၊ အာဒံနှင့်ဧဝသည် ကမ္ဘာဦး ၁:၂၈ တွင် ယဉ်ကျေးမှု၏လုပ်ပိုင်ခွင့်ဆိုင်ရာဖွင့်လှစ်ဖော်ပြခြင်းကို ရရှိခဲ့သည်။ သို့သော် အာဒံနှင့်ဧဝတို့၌ မတူညီ သောစွမ်းရည်များ၊ ကိုယ်ရည်ကိုယ်သွေးများ၊ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးများ စသည်တို့ရှိကြသည်။ သူတို့သည် မတူညီသောကိုယ်ရေးကိုယ်တာ အခြေအနေများနှင့်လည်း ဖော်ပြကြသည်။ ၎င်းတို့ကြား တွင် ဤမတူကွဲပြားမှုများ မည်သို့ပင်ရှိစေကာမူ၊ အာဒံနှင့် ဧဝတို့သည် ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်၏ အထူးဖွင့်လှစ်ဖော်ပြခြင်းကို ၎င်းတို့၏ဘဝတွင် မတူညီသောနည်းလမ်းများဖြင့် တစ်ချိန်တည်းတွင် ကျင့်သုံးရမည်ဖြစ်သည်။

ထို့အပြင်၊ လူများနှင့်ပတ်သက်သည့် အခြေအနေများသည် ဆက်လက်ဖြစ်ပေါ်နေသောကြောင့်၊ လူသားများသည် တူညီသောအထူးဖွင့်လှစ်ဖော်ပြခြင်းကို အချိန်နှင့်အမျှ နည်းလမ်းအမျိုးမျိုးဖြင့် ကျင့်သုံးလေ့ရှိသည်။ ဥပမာတစ်ခုအနေနှင့်၊ ဘုရားသခင်သည် ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်ကို ဦးစွာ ပေးသောအခါ၊ အပြစ်တရားသည် လောကထဲသို့ မ၀င်ရောက်သေးပါ။ သို့သော် အာဒံနှင့်ဧဝသည် ဘုရားသခင်ကို ပုန်ကန်ပြီးနောက်၊ သူတို့နှင့် သူတို့၏အခြေအနေများ ပြောင်းလဲသွားပြီး၊ ရလဒ်အနေဖြင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်များကို သူတို့၏နာခံသည့်ပုံစံလည်း ပြောင်းလဲသွားသည်။ အမှန်တကယ် တွင်၊ ကမ္ဘာဦးကျမ်း ၃ ပါ အထူးဖွင့်လှစ်ဖော်ပြခြင်းသည် အချိန်ကာလနှင့် လူသား၏ဖြစ်တည်မှု တိုးတက်လာသည်နှင့်အမျှ ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်များ၏ပြည့်စုံမှုအပေါ် နာကျင်မှုနှင့် အချည်းနှီး ဖြစ်ခြင်းသည် မည်ကဲ့သို့ ရှုပ်ထွေးစေမည်ကိုဖော်ပြသည်။

ဘုရားသခင်သည် အထူးဖွင့်လှစ်ဖော်ပြခြင်းတစ်ခုကို အချိန်နှင့်အမျှ ထပ်မံပေါင်းထည့်လိုက် သည်နှင့် တူညီသောအမျိုးအစားများ ထပ်၍ပေါ်လာသည်ကို ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ အတိုင်းအတာ တစ်ခု သို့မဟုတ် အခြားတစ်ခုအတွက်၊ အသစ်သောအထူးဖွင့်လှစ်ဖော်ပြခြင်းတိုင်းသည် ကနဦးအထူး ဖွင့်လှစ်ဖော်ပြခြင်းများ၏တောင်းဆိုချက်များကို ပြုပြင်ပြောင်းလဲခဲ့သည်။ ထို့ကြောင့်၊ ဘုရားသခင်သည် အထူးဖွင့်လှစ်ဖော်ပြခြင်းအသစ်များကို ပေးသောအခါတိုင်း၊ ကိုယ်တော်၏သစ္စာရှိလူတို့သည် တစ်ချိန် တည်း၌ပင်နှင့် အချိန်ကြာလာသည်နှင့်အမျှ ကိုယ်တော်အားဝတ်ပြုပုံကို ပြောင်းလဲခြင်းဖြင့် တုံ့ပြန်ရမည် ဖြစ်သည်။

အစကတည်းကပင်၊ အထူးနှင့် ယေဘူယျဖွင့်လှစ်ဖော်ပြခြင်းများသည် ကနဦးလူသားများအား ဘုရားသခင်အားဝတ်ပြုကိုးကွယ်ရန် နည်းလမ်းအမျိုးမျိုးကို လမ်းပြပေးခဲ့သည်။ ဤသင်ခန်းစာတွင် နောက်ပိုင်းတွင် တွေ့ရမည်ဖြစ်သည့်အတိုင်း၊ ဤကနဦးမျိုးကွဲများသည် သမ္မာကျမ်းစာသမိုင်း တစ်လျှောက်လုံးနှင့် ယနေ့တိုင် ဘုရားသခင့်သစ္စာရှိလူများ၏လူ့အဖွဲ့အစည်းများအတွက် ယဉ်ကျေးမှု အမျိုးမျိုး၏အခြေခံအုတ်မြစ်ကို ချပေးခဲ့သည်။

ကမ္ဘာဦးကျမ်းပါ ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်သည် ကျွန်ုပ်တို့အား ပွားများရန်၊ မြေကြီးကိုပြည့်စေပြီး ၎င်းကို အုပ်စိုးရန် တောင်းဆိုသည်။ ၎င်းသည် ယဉ်ကျေးမှုမျိုးစုံကို ဖြစ်ပေါ်စေသည်။ ထို့ပြင် မေးစရာရှိလာနိုင်သည်မှာ၊ ၎င်းသည် ဘုရားသခင့်ပုံစံ၏တစ်စိတ်တစ်ပိုင်း အမှန်တကယ်ဟုတ်ပါသလော။ မတူကွဲပြားသောယဉ်ကျေးမှုများကြားတွင် ကွဲပြားမှုရှိရန် ဘုရားသခင် ရည်ရွယ်တော်မူသလော။ ပြောရမည်ဆိုလျှင် သမ္မာကျမ်းစာ၏သွန်သင်ချက် သည် အကြွင်းမဲ့ဟုတ်မှန်ပါသည်။ ဤအရာသည် ဘုရားသခင်က ကျွန်ုပ်တို့ကို စတင်လုပ်ဆောင်ရန်ခေါ်တော်မူခြင်း၏ ဆောင်ရွက်မှုတစ်ခုဖြစ်သည်... မတူကွဲပြားမှုများကို ကိုယ်တော်၏ဆန္ဒဖြင့် ဖြတ်ကျော်နိုင်သော ပတ်ဝန်းကျင်တစ်ခုတွင် ကျွန်ုပ်တို့ကိုဖန်ဆင်းထားသည်_ ၎င်းတွင် သွေ့ခြောက်သောကုန်းမြေသာမဟုတ်၊ ပင်လယ်လည်းရှိသည်။ နေမင်းကြီးသာမက အခြားကြယ်အမျိုးအစားများလည်း ရှိသေးသည်။ ငှက်များတင်မက၊ တိရစ္ဆာန်အမျိုးအစားပေါင်းစုံရှိသည်။ လူသားဖြစ်ခြင်း တစ်မျိုးတည်းသာမဟုတ်၊ ယောက်ျားနှင့်မိန်းမဟူ၍ရှိသည်။ ထို့ကြောင့် ကိုယ်တော်၏ဖန်ဆင်းခြင်းတစ်လျှောက်လုံး ဤနည်းဖြင့်ဖန်ဆင်းခဲ့သော ဘုရားသခင်၏ပုံသဏ္ဍာန်ကို ကျွန်ုပ်တို့ ချဲ့ထွင်လိုက်သည်နှင့်အမျှ၊ ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အမျိုးစုံကိုထင်ဟပ်ပြပြီး၊ ၎င်းသည် မတူညီသောယဉ်ကျေးမှု အလေ့အထများနှင့် အရာဝတ္ထုများတွင် ပေါ်လွင်လာမည်ဖြစ်သည်။ ကြည့်ပါ၊ ကျွန်ုပ်တို့ပြောလိုသည့်အခြားအရာတစ်ခုမှာ ဘုရားသခင်သည်ကျွန်ုပ်တို့အား ကမ္ဘာတစ်ဝှမ်းလုံးကို ကိုယ်တော်၏ဘုန်းတော်ဖြင့်ပြည့်စေရန် ခေါ်ခြင်းဖြစ်ပြီး၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ရာသီဥတုအမျိုးမျိုး၊ မြေမျက်နှာသွင်ပြင်အမျိုးမျိုးကဲ့သို့သော အရာများကို တွေ့ကြုံမည်ဖြစ်သည်။ အီကွေတာတွင် နှင်းခဲအိမ်ကို သင်မဆောက်နိုင်ပါ၊ အလက်စကာတွင် မြက်တဲအိမ်များသည် အလုပ်မဖြစ်ပါ။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် မြေကြီးတပြင်လုံးနှံ့ပြား၍ မြေကြီးတပြင်လုံးကို အုပ်စိုးသကဲ့သို့၊ ရွေးနှုတ်ခံရသူ အစုအဝေးတွင် လူမျိုးတိုင်း၊ ဘာသာစကားတိုင်းမှ လူများဖြစ်ကြမည်ဟု ဗျာဒိတ်ကျမ်း၌ဖော်ပြထားသည်တွင် အမျိုးအစားအစုံဖြစ်မည်ကို ကျွန်ုပ်တို့ သိပါသည်။ ယင်းသည် ဘုရားသခင်၏မူလရည်ရွယ်ချက်မှ ခွဲထွက်ခြင်း မဟုတ်ပါ။ ၎င်းသည် ကမ္ဘာဦးကျမ်း ၁ တွင် ဘုရားသခင် မိန့်တော်မူထားသည့် အချက် ပြည့်စုံမှုဖြစ်သည်။

ဒေါက်တာ Jimmy Agan

ကမ္ဘာပေါ်တွင် ဘုရားသခင်၏ လုပ်ဆောင်ခြင်းအလှတရား၏ တစ်စိတ်တစ်ပိုင်း မှာကိုယ်တော်သည် ယဉ်ကျေးမှုတစ်ခုတည်းတွင်သာ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ယဉ်ကျေးမှုများစွာအားဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ထင်ပါသည်။ ထို့ပြင် သမ္မာကျမ်းစာထဲမှာ ၎င်းနှင့်ပတ်သက်၍အတည်ပြုချက် အခိုင်အမာရှိသည်ဟု ကျွန်ုပ်ထင်ပါသည်။ ဧဝံဂေလိတရားဟောပြောဝေငှခြင်း သည် လူမျိုးအားလုံးအတွက်ဖြစ်သည်၊ ဆိုလိုသည်မှာ လူမျိုးပေါင်းစုံ၊ ကမ္ဘာပေါ်ရှိ လူအုပ်စုအားလုံးအတွက်ဖြစ်သည်။ ဗျာဒိတ်ကျမ်းအဆုံးသို့ ရောက်သောအခါ၊ မြေကြီးပေါ်ရှိ ရှင်ဘုရင်များ ၏ဘုန်းအသရေကို ဘုရားသခင်၏နိုင်ငံတော်သို့ ယူဆောင်လာသည်ဟုသမ္မာကျမ်းစာတွင် ဖော်ပြထားသည်၊ ကမ္ဘာ့ယဉ်ကျေးမှုအမျိုးမျိုးတွင် မတူညီသော ယဉ်ကျေးမှုရတနာများ၊ ထူးခြားသောစွမ်းအားနှင့် ဆုကျေးဇူးများကို ကျွန်ုပ်တို့တွေ့မြင်ရပြီး၊ ဤအရာများအားလုံးသည် လူသားမျိုးနွယ်အတွက် ကိုယ်တော်၏ရည်ရွယ်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သော ရွေးနှုတ်ခြင်း နည်းလမ်းဖြင့် ဘုရားသခင်အသုံးပြုသည့်အရာများဖြစ်သည်။ ထို့ပြင် ၎င်းသည် ခရစ်တော်၏ကိုယ်ခန္ဓာထဲ၌ ယဉ်ကျေးမှုများရှိနေခြင်းသည် အလွန်အရေးကြီး သည်ဟု ကျွန်ုပ်ယူဆသော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်၊ သို့မှသာ ကျွန်ုပ်တို့သည်ကမ္ဘာကြီး၏မတူညီသော ယဉ်ကျေးမှုများမှတစ်ဆင့် ဘုရားသခင့် အမှုတော်၏ ကြွယ်ဝပြည့်စုံမှုမှ အကျိုးခံစားနိုင်သည်။

ဒေါက်တာ Philip Ryken

သမ္မာကျမ်းစာယဉ်ကျေးမှုနှင့် မျက်မှောက်ခေတ်ကျင့်သုံးခြင်းဆိုင်ရာ ဆက်စပ်မှုကိုလေ့လာရန်၊ ကျွန်ုပ်တို့သည် ယဉ်ကျေးမှုဆိုင်ရာ သမ္မာကျမ်းစာအခြေခံအုတ်မြစ်များကိုသာမက ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများတစ်လျှောက် ယဉ်ကျေးမှုဆိုင်ရာ တိုးတက်ဖွံ့ဖြိုးလာမှုများကိုလည်း မှတ်သားထားရန် လိုအပ်ပါသည်။

သမ္မာကျမ်းစာ၏ ယဉ်ကျေးမှုဆိုင်ရာတိုးတက်မှုများကို အကျဉ်းချုပ်ဖော်ပြရန် နည်းလမ်းများစွာ ရှိသော်လည်း ကျွန်ုပ်တို့၏ရည်ရွယ်ချက်များအတွက်၊ ကျွန်ုပ်တို့သည် ယဉ်ကျေးမှုဆိုင်ရာ အခြေခံ အုတ်မြစ်များကို ဆန်းစစ်ရန်ကျင့်သုံးခဲ့သော တူညီသောရှု့ထောင့်မှတစ်ဆင့် ဤယဉ်ကျေးမှုဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုများကို ကြည့်ရှုပါမည်။ သမ္မာကျမ်းစာသမိုင်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ယဉ်ကျေးမှု၏ အရေးပါမှုကို ကျွန်ုပ်တို့ဦးစွာကြည့်ရှုပါမည်။ ထို့နောက်၊ သမ္မာကျမ်းစာတွင် ဆန့်ကျင်ဘက်ဖြစ်သော ယဉ်ကျေးမှုဆိုင်ရာစံနှုန်းနှစ်ခု မည်သို့ဖွံ့ဖြိုးတိုးတက်လာသည်ကို ကျွန်ုပ်တို့ မြင်တွေ့ရမည်ဖြစ်သည်။ နောက်ဆုံးတွင်၊ သမ္မာကျမ်းစာတွင် ယဉ်ကျေးမှုအမျိုးမျိုး မည်သို့ဖွံ့ဖြိုးတိုးတက်လာသည်ကို ကျွန်ုပ်တို့ လေ့လာပါမည်။ ယဉ်ကျေးမှု၏အရေးပါမှုဖြင့် စတင်ကြပါစို့။

ယဉ်ကျေးမှုသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုစလုံးတွင် အရေးပါသော်လည်း၊ ဓမ္မဟောင်းကျမ်း ၌ ယဉ်ကျေးမှု၏အရေးပါမှုသည် ဣသရေလလူမျိုးအဖြစ် ရှေးသမ္မာကျမ်းစာများ၏အာရုံစိုက်မှုပမာဏ တွင် အထင်ရှားဆုံးဖြစ်သည်။

ကမ္ဘာဦးကျမ်းသည် ဣသရေလလူမျိုးမဖြစ်မီကာလ၏ ယဉ်ကျေးမှုဆိုင်ရာတိုးတက်ဖွံ့ဖြိုးလာမှု များကို ဖော်ပြသော်လည်း၊ ဣသရေလလူမျိုးတို့ အီဂျစ်ပြည်မှ ထွက်ခွာပြီး သိနာတောင်တွင်လူမျိုး အဖြစ် စုစည်းပြီးနောက် မောရှေ၏ပဋိညာဉ်ခေတ်ကာလတွင် ပညတ္တိကျမ်း Pentateuch— သမ္မာကျမ်း ၏ပထမငါးစောင်—တစ်ခုလုံးကို ရေးသားခဲ့သည်။ ထိုအကြောင်းကြောင့်၊ ဤစာအုပ်များသည် ဣသရေလလူမျိုးအတွက် ဘုရားသခင့်အမိန့်တော်များနှင့် လမ်းညွှန်ချက်များကို အာရုံစိုက်ထားသည်။

ဓမ္မဟောင်းကျမ်း၏ကျန်စာအုပ်များဖြစ်သော ယောရှုမှမာလခိအထိကို ဣသရေလသည် အပြည့်အဝဖွံ့ဖြိုးတိုးတက်သောလူမျိုးဖြစ်လာပြီးနောက် ဒါဝိဒ်၏တော်ဝင်ပဋိညာဉ်ခေတ်ကာလတွင် ရေးသားခဲ့သည်။ ဤစာအုပ်များသည် ဣသရေလ၏ကြီးမားသောဘုန်းအသရေ၊ ကွဲပြားသောနိုင်ငံတော် ၏အတက်အကျ၊ ကျွန်ခံခြင်းနှင့် ဓမ္မဟောင်း၏အဆုံး၌ ပြန်လည်တည်ဆောက်ခြင်းကာလအတွင်း ဣသရေလလူမျိုး၏ယဉ်ကျေးမှုကို ညွှန်ပြသော ဘုရားသခင်၏ဖွင့်လှစ်ဖော်ပြခြင်းများကို ဖော်ပြသည်။

ဓမ္မဟောင်းကျမ်းသည် ဣသရေလလူမျိုးတွင်ဖြစ်ပျက်ခဲ့သော ယဉ်ကျေးမှုဆိုင်ရာ တိုးတက် ဖွံ့ဖြိုးလာမှုများစွာကိုဖော်ပြသော်လည်း၊ သမ္မာကျမ်းစာ၏အကြီးမားဆုံးသော ယဉ်ကျေးမှု ဖွံ့ဖြိုးတိုး တက်မှုသည် ဓမ္မဟောင်းကျမ်းမှတဆင့် ခရစ်တော်၌ပဋိညာဉ်တရားသစ်ခေတ်သို့ ကူးပြောင်းခြင်းတွင် ဖြစ်ပေါ်ခဲ့သည်။ ဓမ္မသစ်ကျမ်းသည် ဣသရေလ၏အမျိုးသားယဉ်ကျေးမှုကို အာရုံစိုက်မည့်အစား၊ ခရစ်ယာန်အသင်းတော်၌ ယဉ်ကျေးမှုပုံစံများ တိုးတက်ဖွံ့ဖြိုးလာမှုများကို အာရုံစိုက်စေသည်။

ဤထင်ရှားစွာပြောင်းလဲသွားပုံကို နားလည်ရန်၊ ပထမရာစုပါလက်စတိုင်းရှိ ဂျူးအများစုသည် ပဋိညာဉ်ခေတ်သစ် ရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်နေကြသည်ကို ကျွန်ုပ်တို့သတိရရန်လိုသည်။ အစောပိုင်းသင်ခန်းစာတစ်ခုတွင် ကျွန်ုပ်တို့လေ့လာခဲ့သည့်အတိုင်း၊ မေရှိယရောက်ရှိခြင်းမတိုင်မီကြား ကာလတွင် ဂျူးရဗ္ဗိများသည် သမိုင်းအားလုံးကို “ဤခေတ်ကာလ” ဟုခေါ်ဆိုခဲ့သည်။ မေရှိယပေါ်ထွန်း လာသောအခါ၊ “နောင်ကာလ”တွင် ကြွလာမည်ဟု သွန်သင်ကြသည်။ မေရှိယသည်နောင်လာမည့် ခေတ်တွင် ပေါ်ထွန်းလာမည်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဆိုးယုတ်သောလူမျိုးများကို တိုက်ထုတ်ရာ၌ ကိုယ်တော်၏လူများကိုဦးဆောင်ကာ၊ ဣသရေလလူမျိုး၏ယဉ်ကျေးမှုကို သိသာထင်ရှားစွာ ပြောင်းလဲ ပေးသော ကိုယ်တော်၏ဘုန်းကျက်သရေရှိသော ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာနိုင်ငံတော်တွင် မိမိလူမျိုးကို လျင်မြန်စွာ ထူထောင်ပေးပါသည်။

ယေရှုနှင့် ကိုယ်တော်၏တမန်တော်များသည် ကိုယ်တော်၏အုပ်ချုပ်မှုကို ကာလသုံးခုဖြင့် ဖော်ဆောင်မည်ဖြစ်သည်_ပထမကြွလာချိန်တွင် ကိုယ်တော်၏နိုင်ငံတော် စတင်တည်ထောင်ခြင်း၊ အသင်းတော်သမိုင်းတစ်လျှောက် နိုင်ငံတော်ဆက်လက်တည်မြဲခြင်းနှင့် ဒုတိယကြွလာချိန်တွင် ကိုယ်တော်၏နိုင်ငံတော် ပြီးပြည့်စုံမည်ဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြခဲ့သည်။ ဤကာလသုံးခုအမြင် သည် ပဋိညာဉ်တရားသစ်ကာလတွင် မိမိလူမျိုး၏ယဉ်ကျေးမှုအပေါ် ဘုရားသခင်မျှော်လင့်ထားသည့် နည်းလမ်းများနှင့်ပတ်သက်၍ နားလည်မှုအသစ်တစ်ရပ်ကို ဖြစ်ပေါ်စေသည်။

ဗျာဒိတ် ၁၁:၁၅ တွင်ဖော်ပြထားသည့်အတိုင်း၊ ခရစ်တော်၏နိုင်ငံတော်၏နောက်ဆုံးပန်းတိုင်ကို ကျွန်ုပ်တို့ သတိမထားမိပါက၊ ဓမ္မသစ်တွင်ဖော်ပြသောယဉ်ကျေးမှု၏ အရေးကြီးပုံကို မျက်ခြေပြတ်ရန် အလွန်လွယ်ကူပါသည်။

လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏ (ဗျာဒိတ် ၁၁း၁၅)။

ဤကျမ်းပိုဒ်တွင်၊ တစ်နေ့တွင် ခရစ်တော်သည်“လောကီနိုင်ငံ”ကို၎င်း၏ပုန်ကန်သော ယဉ်ကျေးမှု များနှင့်တကွ ဖျက်ဆီးမည်ကို ကျွန်ုပ်တို့တွေ့မြင်ရသည်။ သို့သော် ကိုယ်တော်သည် ဤဆိုးယုတ်သော ယဉ်ကျေးမှုများကို ရိုးရိုးဖျက်ဆီးမည်မဟုတ်ပေ။ သူသည် လောကီနိုင်ငံအား “ကျွန်ုပ်တို့၏သခင်နှင့် ကိုယ်တော်ခရစ်တော်၏နိုင်ငံတော်အဖြစ်”ဖော်ပြနိုင်သည့် “အစဉ်အမြဲစိုးစံမည့်” ကမ္ဘာအနှံ့ယဉ်ကျေးမှု အဖြစ်သို့လည်း ပြောင်းလဲပေးမည်ဖြစ်သည်။

ထို့ကြောင့်၊ ဓမ္မသစ်ကျမ်း၏မဖြစ်စလောက်သောအရာတစ်ခုဖြစ်ခြင်းထက်၊ ယဉ်ကျေးမှုသည် အလွန်အရေးကြီးသောကြောင့် သမ္မာကျမ်းစာ၏ ဤအစိတ်အပိုင်းတိုင်းသည် လူ့ယဉ်ကျေးမှုအတွက် ဘုရားသခင်၏ရည်ရွယ်ချက်များ ပြည့်စုံစေရန် ခရစ်တော်မည်သို့ယူဆောင်လာပုံနှင့် တစ်နည်းတစ်ဖုံ အားဖြင့် သက်ဆိုင်ပါသည်။

အချို့သောကျမ်းပိုဒ်များသည် ယေရှု၏အသက်တာ၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ တက်ကြွခြင်းနှင့် ဝိညာဉ်တော်သွန်းလောင်းခြင်းတို့ဖြင့် ယဉ်ကျေးမှုဆိုင်ရာနောက်ဆုံးကာလကို ဖော်ပြသည့်နည်းလမ်းများကို အာရုံစိုက်ထားသည်။ ဓမ္မသစ်ကျမ်း၏အခြားအစိတ်အပိုင်းများသည် ခရစ်တော်၏နိုင်ငံတော် ဆက်လက်တည်တံ့နေချိန်အတွင်း ဧဝံဂေလိတရားအားဖြင့် ကမ္ဘာကြီးကို အသွင်ပြောင်းရာတွင် ကူညီပေးသည့်အသင်းတော်ကို လမ်းညွှန်ခြင်းအပေါ် အာရုံစိုက်ထားသည်။ ထို့အပြင် အခြားကျမ်းပိုဒ်များက ခရစ်တော်သည် လူသားမျိုးနွယ်အပေါ် ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏အလိုတော်ကို ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင် လည်း ပြည့်စုံစေရန် ယဉ်ကျေးမှုတစ်ခုကိုတည်ဆောက်ခြင်းတွင် ပြီးပြည့်စုံမည်ဖြစ်ကြောင်း အာရုံစိုက် စေသည်။

ယခု ကျွန်ုပ်တို့သည် သမ္မာကျမ်းစာသမိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ယဉ်ကျေးမှု၏အရေးပါမှုကို ကြည့်ရှုခြင်းဖြင့် ယဉ်ကျေးမှုတွင် သမ္မာကျမ်းစာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို စူးစမ်းလေ့လာခဲ့ပြီး နောက်၊ သမ္မာကျမ်းစာတစ်အုပ်လုံးတွင်တွေ့ရှိရသော ဆန့်ကျင်ဘက်ယဉ်ကျေးမှုဆိုင်ရာစံနှုန်းနှစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျွန်ုပ်တို့လေ့လာပါမည်။

ကမ္ဘာဦးကျမ်း ၃ တွင်ယဉ်ကျေးမှုစံနှုန်းနှစ်ခုကို တည်ထောင်ခြင်းသည် ဓမ္မဟောင်းကျမ်းရေးသူ များသည် မြွေ၏အမျိုးအနွယ်ဖြစ်သောတစ်ပါးအမျိုးသားများနှင့် ဧဝအမျိုးအနွယ်ဖြစ်သောဣသရေလ လူမျိုးတို့နှင့် ဆက်စပ် ရန် ဦးဆောင်ခဲ့သည်။

တစ်ပါးအမျိုးသားများသည် မိစ္ဆာဘုရားများကို ဝတ်ပြုခြင်း၌ ၎င်းတို့၏ယဉ်ကျေးမှုကို ဖွံ့ဖြိုး တိုးတက်စေခဲ့ကြပြီး ဣသရေလအမျိုး၏ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည်။ သူတို့သည် ဤမိစ္ဆာ ဘုရားများအတွက် နတ်ကွန်းများနှင့် ဘုရားကျောင်းများကို တည်ဆောက်ကြပြီး တစ်ခါတစ်ရံတွင် ၎င်းတို့၏သားသမီးများကိုပင် ယဇ်ပူဇော်ကြသည်။ ကိုယ်တော်၏လူများသည် ဤကျင့်ထုံးများနှင့် မသက်ဆိုင်ကြောင်း ဘုရားသခင်သည် ရှင်းလင်းစွာ မိန့်တော်မူသည်။

တစ်ဖက်တွင်၊ ဣသရေလလူမျိုးသည် မောရှေအားဖြင့် ဘုရားသခင်ပေးသော ဖြောင့်မတ်သော ပညတ်များကို လက်ခံယုံကြည်ပြီး စစ်မှန်သောဘုရားသခင်တစ်ဆူတည်းကို ဘုန်းထင်ရှားစေသည့် နည်းများဖြင့် အသက်ရှင်နေထိုင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့သည် ဥပုသ်နေ့ကိုစောင့်ထိန်းကြပြီး၊ ရုပ်ပုံကိုးကွယ်ခြင်းကိုရှောင်ကြဉ်ကြကာ လူ့ဉာဏ်ပညာနှင့် ခွန်အားများအစား ဘုရားသခင်၏လမ်းညွှန်မှု နှင့် ကာကွယ်မှုကို အားကိုးကြသည်။

မှန်ပါသည်၊ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းဖြင့် တစ်ပါးအမျိုးသားများကို ဣသရေလလူမျိုးထဲသို့လက်ခံခြင်းမပြုရ သို့မဟုတ် ဣသရေလလူမျိုးများသည် အလွန်ဖောက်ပြန် ပျက်စီးကာ ဘုရားသခင်၏ရန်သူဖြစ်မလာနိုင်ဟု မဆိုလိုပါ။ သို့ရာတွင် လူတစ်ဦးစီသည် ၎င်းတို့၏ ဓလေ့ထုံးတမ်းစံနှုန်းများကို လိုက်နာသည့်အတိုင်းအတာအထိ၊ ဣသရေလလူမျိုးများသည် ဘုရားသခင် ထံတော်၌ ၎င်း၏ယဉ်ကျေးမှုကိုဖော်ထုတ်ခဲ့ပြီး၊ တစ်ပါးအမျိုးသားများသည် မိစ္ဆာဘုရားများကို ဝတ်ပြုခြင်း၌ ၎င်းတို့၏ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကြသည်။

ယခု တစ်ချိန်တည်းတွင်၊ ဓမ္မဟောင်းနှင့် ရှေးဟောင်းသုတေသနပညာသည် ဣသရေလလူမျိုးနှင့် တစ်ပါးအမျိုးသားများ၏ယဉ်ကျေးမှုများသည် ပုံစံအမျိုးမျိုးဖြင့်တူညီကြောင်း ဖော်ပြသည်။ ဤတူညီမှု အချို့သည် ၎င်းတို့၏အိမ်နီးချင်းများ၏ အပြစ်ရှိသောလမ်းကို ဣသရေလတို့လိုက်လျှောက်ခြင်းကြောင့် ထွက်ပေါ်လာသောရလဒ်ဖြစ်သည်။ သို့သော် အခြားတူညီသောအချက်များသည် တစ်ပါးအမျိုးသားများ ၏အပြစ်ရှိသောအပြုအမူများကို တားမြစ်ထားသော ဘုရားသခင်၏ဘုံကျေးဇူးတော်ကြောင့် ထွက်ပေါ် လာခြင်းဖြစ်ပြီး၊ ၎င်းတို့၏ယဉ်ကျေးမှုဆိုင်ရာရှုထောင့်များသည် အနည်းဆုံး ဘုရားသခင်၏အလိုတော် နှင့်အညီ အပေါ်ယံအားဖြင့်မှန်ကန်ပါသည်။ ဤယဉ်ကျေးမှုဆိုင်ရာကွဲပြားမှုများသည် ဓမ္မဟောင်းကာလ တစ်လျှောက်လုံး ဆက်လက်တည်ရှိနေခဲ့သည်။

ကျွန်ုပ်တို့သည် ဓမ္မသစ်ကျမ်းကိုကြည့်သောအခါ၊ ယဉ်ကျေးမှုဆိုင်ရာဆန့်ကျင်ဘက်စံနှုန်းနှစ်ခု သည် တစ်ဖန်ပေါ်လာသော်လည်း မတူညီသော ပေါင်းစည်းမှုများဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဓမ္မဟောင်းတွင်စတင်ခဲ့သော ဣသရေလ၏ကာလကြာရှည်စွာသစ္စာမဲ့မှုသည် ခရစ်တော်၏ လူ့ဇာတိခံယူချိန်၌ သစ္စာရှိသောဂျူးအကြွင်းအကျန်ကိုသာ ကျန်ရစ်စေခဲ့သည်။ ဓမ္မသစ်ကျမ်းတွင်၊ တစ်ပါးအမျိုးသားများသည် ဤအကြွင်းအကျန်နှင့်အတူ ဘုရား၏လူမျိုးအဖြစ် ရွေးချယ်ခြင်းကို အပြည့်အဝလက်ခံရရှိနေပြီဖြစ်သည်။ ထို့ကြောင့်၊ ယုဒလူမျိုးနှင့် တပါးအမျိုးသားများအကြား ပိုင်းခြား ခြင်းထက်၊ ဓမ္မသစ်ကျမ်းရေးသူများသည် ဂျူးလူမျိုးဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ ခရစ်တော်၏ နောက်လိုက်များအား မိန်းမ၏အမျိုးအနွယ်နှင့် မယုံကြည်သူများအား မြွေ၏အမျိုးအနွယ်အဖြစ် သတ်မှတ်ဖော်ပြပါသည်။

ထို့ကြောင့် ယေရှုသည် ယောဟန် ၈:၄၄ တွင်စာတန်ကို ဖာရိရှဲတို့၏ဖခင်အဖြစ် မိန့်ဆိုခဲ့သည်။ ရောမ ၁၆:၂၀ တွင်ပေါလုသည် ရောမမြို့ရှိ ခရစ်ယာန်များအား ဘုရားသခင်သည်စာတန်ကို သူတို့၏ ခြေအောက်တွင် ချေမှုန်းပစ်မည်ဟု အာမခံထားသော ကမ္ဘာဦး ၃:၁၅ ကို ရည်ညွှန်းပြောဆိုခဲ့သည်။

ဣသရေလနှင့် တပါးအမျိုးသားများကြားမှ ဆက်ဆံရေးသည် စိတ်ဝင်စားစရာ ကောင်းသော မေးခွန်းတစ်ခုဖြစ်သည်…ကမ္ဘာဦးကျမ်း ၁၈ နှင့် အခြားနေရာများ ကို ကြည့်မည်ဆိုလျှင်၊ ဘုရားသခင်သည် အာဗြဟံနှင့် သူ၏သားစဉ်မြေးဆက် များကို ကောင်းချီးပေးမည်ဟု ကတိပေးထားသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဇာတ်ဝင်ခန်းပေါင်းစုံ ပြဇာတ်တစ်ခုအဖြစ်ယူဆပါက၊ ဘုရားသခင်သည် အာဗြဟံအား ကတိပြုထားသည့် ပထမဆုံးလုပ်ရပ်တစ်ခု ဖြစ်ပြီး၊ ၎င်းကို ပတ်ဝန်းကျင်နိုင်ငံများ၏အကျင့်ပျက်လွှမ်းမိုးမှုမှ ဣသရေလလူမျိုးကိုကင်းဝေးစေကာ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ သူတို့မအောင်မြင်သော်လည်း၊ သူတို့ကို ဆုံးမတော်မူသည်။ မေရှိယကြွလာချိန်အထိ လူမျိုးကိုကာကွယ်ပေးသည်။ မေရှိယသည်ကြွလာ၍ ဣသရေလအမျိုးအတွက် ကယ်တင်ခြင်းအကြောင်း ကြေညာသည်။ မဿဲခရစ်ဝင်ကျမ်းကို ကြည့်လျှင်၊ မဿဲ ၁၅ တွင်“ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။” ဤခါနာန်အမျိုးသမီးသည် သူ၏သမီးအတွက် ကိုယ်တော်ကိုတောင်းပန်နေသည်။ ၎င်းသည်တစ်ခါတရံ စိတ်အနှောင့်အယှက်ဖြစ်စေပါသည်။ လူများက “ကောင်းပြီ၊ အဘယ်ကြောင့် သူ၏သမီးကို ချက်ချင်း မကုသပေးသနည်း”ဟုမေးကြသည်။ ယေရှုက "ဤလုပ်ရပ်သည် နှစ်ခုဖြစ်၏" ဟုတစ်နည်းအားဖြင့် ပြောဆိုနေခြင်းဖြစ်သည်။ ဟုတ်သည်မဟုတ်ပါလား။ “ဣသရေလအမျိုးပျောက်သောသိုးများအတွက် ကယ်တင်ခြင်းအကြောင်း ကြေညာရန်ငါလာ၏။” သို့ဆိုလျှင်သင်သည် ခရစ်ဝင်ကျမ်း၏အဆုံး မဿဲ ၂၈ သို့ရောက်ရှိပြီဖြစ်သည်၊ ကျွန်ုပ်တို့တွင် လူမျိုးခပ်သိမ်း၊ ဂျူးလူမျိုးများနှင့် တစ်ပါးအမျိုးသားများထံ ပြန့်နှံ့သွားသည့် ကျွန်ုပ်တို့ပါဝင်သော ဧဝံဂေလိတရားဆိုင်ရာ လုပ်ရပ်သုံးခု ရှိသည်။ ယခု၊ ရောမ ၁ တွင် စိတ်ဝင်စားစရာကောင်းသည်မှာ၊ လုပ်ရပ်သုံးခုတွင် ပေါလုသည် ဤထူးခြားချက်ကို ထိန်းသိမ်းထားသည်။ သူသည် “ယုဒလူတို့ကို ရှေ့ဦးစွာ၊ ထို့နောက် တပါးအမျိုးသားတို့အကြောင်း” ကိုပြောသည်။ သူသည် အာဗြဟံ၏ကတိတော်ရှိသောပြည်သူ/ပြည်သားတို့အပေါ် တာဝန်ဝတ္တရားရှိကြောင်း ခံစားရသည်_ ထိုသူတို့အား ဦးဆုံးဝေငှဖို့ရန်ဖြစ်သည်။ ထို့ကြောင့် တရားစရပ်သို့သွား၍ ဘိုးဘေးတို့အား ပေးသောကတိတော်သည် မှန်ကန်သည်ဟု ဟောပြောလေသည်။ တရားစရပ်မှနှင်ထုတ်ခံရသောအခါ၊ သို့မဟုတ် သူတို့သည် သူ၏စကားကို နားမထောင်သောအခါ၊ တစ်ပါးအမျိုးသားများထံသို့ ချက်ချင်းသွားသည်။ အကြောင်းမှာ ဧဖက် ၂ တွင် သူဖော်ပြထားသည့်အတိုင်း၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့်၊ ဂျူးနှင့် တစ်ပါးအမျိုးသားများကြား ပိုင်းခြားထားသော တံတိုင်းသည် ပြိုပျက်သွားပြီး… ယခု ကျွန်ုပ်တို့တွင် ဂျူးလူမျိုးနှင့် တစ်ပါးအမျိုးသားများသည် ဘုရားသခင်၏သားသမီးများအဖြစ် အတူတကွ လှပသောစည်းလုံးမှုရှိပြီဖြစ်သည်။

ဒေါက်တာ Robert L. Plummer

ဓမ္မသစ်ကျမ်းသည် ယုံကြည်သူများအား ဤလောကီပုံသဏ္ဍာန်မဆောင်ရန် သတိပေးလေ့ရှိ သည်။ အဘယ်ကြောင့်ဆိုသော် အသင်းတော်နှင့် လောကသည် ဆန့်ကျင်ဘက် စံနှုန်းများကို လိုက်နာ သောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ဓမ္မသစ်ကျမ်းရေးသူများသည် အသင်းတော်နှင့် လောက ကြားလမ်းစဥ်သည် အကြွင်းမဲ့မဟုတ်ကြောင်း အသိအမှတ်ပြုကြသည်။ သမ္မာကျမ်းစာတွင် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ၊ ကနဦးခရစ်ယာန်များသည် မယုံကြည်သူများလိုက်နာသော ဓလေ့ ထုံးတမ်းများနှင့် ဒဿနအမြင်များကို ထောက်ခံအားပေးလေ့ရှိကြသည်။ အစောပိုင်းတွင် ကျွန်ုပ်တို့ လေ့လာခဲ့သည့်အတိုင်း၊ ဤတူညီချက်များထဲမှ အချို့သည် ခရစ်တော်၏နောက်လိုက်များအပေါ် အပြစ်၏လွှမ်းမိုးမှုမှ ထွက်ပေါ်လာပြီး၊ အခြားသော တူညီမှုများသည် ကမ္ဘာပေါ်ရှိ ဘုံကျေးဇူးတရား၏ ကောင်းကျိုးဆိုးကျိုးများမှဖြစ်ပေါ်ခဲ့သည်။

သမ္မာကျမ်းစာ၏ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ကျွန်ုပ်တို့၏အာရုံစူးစိုက်မှုတွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းတွင် ယဉ်ကျေးမှု၏အရေးပါမှုနှင့် သမ္မာကျမ်းစာသမိုင်းတစ်လျှောက် ဆန့်ကျင်ဘက်ဖြစ်သော ယဉ်ကျေးမှုဆိုင်ရာစံနှုန်းများ မည်ကဲ့သို့ ဖြစ်ထွန်းလာသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည်။ ယခုကျွန်ုပ်တို့၏တတိယအကြောင်းအရာဖြစ်သော သမ္မာကျမ်းစာပါ ယဉ်ကျေးမှု အမျိုးမျိုး ဖွံ့ဖြိုးတိုးတက်ခြင်းကို ကြည့်ကြပါစို့။

ကျွန်ုပ်တို့သည် ဓမ္မဟောင်းကျမ်းကို လေ့လာသောအခါ၊ ဣသရေလ၏ အမျိုးသားယဉ်ကျေးမှုကို ခိုင်မာစေရန် ပုံစံပြုထားသည့် ဥပဒေများနှင့် ညွှန်ကြားချက်များစွာ ပါဝင်သည်မှာ ထင်ရှားသည်။ သို့သော် ဘုရားသခင်သည် ဣသရေလလူမျိုးများ၏ ယဉ်ကျေးမှုအားလုံး အတိအကျတူညီစေရန် မျှော်လင့်ထားသည်ဟု မဆိုလိုပါ။ အမှန်တကယ်တွင်၊ ဣသရေလရှိ မတူညီသောလူ့အဖွဲ့အစည်းများ သည် ဘုရားသခင်၏အထူးနှင့် ယေဘူယျဖွင့်လှစ်ဖော်ပြခြင်းများကို သစ္စာရှိစွာ လိုက်နာကျင့်သုံးသည်နှင့် အမျှ ယဉ်ကျေးမှုပုံစံအမျိုးမျိုးသည် ထွက်ပေါ်လာခဲ့သည်။

ဤကွဲပြားမှုအများစုသည် တစ်ပြိုင်နက်တည်းဖြစ်ပေါ်ခဲ့သည်။ လေဝိသားယဇ်ပုရောဟိတ်များ သည် ၎င်းတို့၏လူ့အဖွဲ့အစည်းအတွင်း ဘုရားသခင်၏ပညတ်တော်များကို အချို့သောနည်းလမ်းများဖြင့် ကျင့်သုံးကြပြီး၊ တစ်ချိန်တည်းတွင် ဘုရင်များနှင့် အခြားနိုင်ငံရေးခေါင်းဆောင်များသည် ဘုရားသခင်၏ ပညတ်တော်များကို ကွဲပြားစွာကျင့်သုံးကြသည်။ မိသားစုတစ်စုသည် ၎င်း၏မိသားစုဝင်များအတွက် သင့်လျော်သောနည်းလမ်းများဖြင့်ဘုရားသခင်၏ပညတ်တော်များကိုလိုက်နာကြပြီး၊ အခြားမိသားစုများ သည်၎င်းတို့၏မိသားစုဝင်များအတွက်ဘုရားသခင်၏ပညတ်တော်များကို သင့်လျော်သည့်နည်းလမ်းများ ဖြင့် ကျင့်သုံးကြသည်။

ယင်းအပြင်၊ အချိန်ကြာလာသည်နှင့်အမျှ ဘုရားသခင်သည်ဣသရေလတို့အား အထူးဖွင့်လှစ် ဖော်ပြခြင်းများ ပို၍ပေးလာသောကြောင့် ကွဲပြားမှုများပို၍ပင် ဖြစ်ပေါ်ခဲ့သည်။ ခါနာန်ပြည်ကိုသိမ်းပိုက် စဉ် တောကန္တာရတစ်လျှောက် ချီတက်လာစဉ်တွင် ဘုရားသခင်သည် ကိုယ်တော်၏လူများအတွက် ယဉ်ကျေးမှုပုံစံအချို့ကို မိန့်တော်မူခဲ့သည်။ ဘုရားသခင်သည်ဣသရေလနိုင်ငံတွင် ဘုရင်စနစ် တည်ထောင်ချိန်နှင့် ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် ရှောလမုန်ကိုမိန့်တော်မူသောအခါ အပြောင်းအလဲများကိုပေးတော်မူသည်။ ဣသရေလ၏ယဉ်ကျေးမှုတွင် အခြားသောကွဲပြားမှုများသည် ကျွန်ခံရစဉ်နှင့် ကျွန်ခံပြီးနောက် ဖြစ်ပွားခဲ့သည်။

ဣသရေလ၏ယဉ်ကျေးမှုဆိုင်ရာ အချို့သောရှုထောင့်များသည် ၎င်းတို့၏သမိုင်းတစ်လျှောက်တွင် များစွာပြောင်းလဲမှုမရှိခဲ့ပေ။ ၎င်းတို့သည် အစမှအဆုံးတိုင်အောင် ဘိုးဘေးဘီဘင်တို့၏ ယဉ်ကျေးမှုဖြစ်သည်။ ခင်ပွန်းသည်သည် မိသားစုတွင်အဓိကပုဂ္ဂိုလ်ဖြစ်သည်။ မည်သည့် နည်းလမ်းဖြင့်မျှ တစ်ခုတည်းသော ပုဂ္ဂိုလ်မဟုတ်ပါ။ သင့်ဖခင်ကို ရိုသေပြီး သင်၏မိခင်ကိုမကျိန်ဆဲနှင့် ဟူသောသုတ္တံစကားကို ကျွန်ုပ်အမှတ်ရသည်။ မည်သို့ပင်ဆိုစေကာမူ၊ ယဉ်ကျေးမှုသည် အစမှအဆုံးထိတိုင်အောင် ဘိုးဘေးဘီဘင်တို့၏ ယဉ်ကျေးမှုဖြစ်သည်။ အခြားတစ်ဖက်တွင်မူ၊ ၎င်းတို့၏ဘဝနေထိုင်မှုသည် လျော့ရဲသောမျိုးနွယ်စုများအဖြစ်မှ ပိုမိုတင်းကျပ်စွာ ဖွဲ့စည်းထားသော လူမျိုးစုဖွဲ့စည်းပုံအဖြစ်သို့သိသာစွာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင်လူမျိုးအဆင့်အတန်းသို့ ရောက်ရှိခဲ့သည်၊ လူမျိုးသည်ဖျက်ဆီးခံရကာ ပိုမိုကြီးမားသော ကမ္ဘာ့အင်ပါယာအတွင်း ယဉ်ကျေးမှုတစ်ခုအဖြစ်တည်ရှိနေကြောင်း နားလည်သဘောပေါက်ရန် ကြိုးစားနေကြသော ဘုရားသခင်၏လူများဖြစ်သည့် ကျွန်ုပ်တို့သည်မည်သူနည်း။ ထိုခေတ်ကာလအလွန်တွင် သူတို့အတွက်နိုင်ငံရေးအခြေအနေသည် သိသာစွာပြောင်းလဲသွားသည်။

ဒေါက်တာ John Oswalt

ကျွန်ုပ်တို့သည် ဓမ္မသစ်ကျမ်းကိုကြည့်သောအခါတွင် ယဉ်ကျေးမှုအမျိုးမျိုးကို တွေ့ရပြန်သည်။ ဓမ္မဟောင်း ယဉ်ကျေးမှုပုံစံများသည် ကျင့်သုံးဆဲဖြစ်သော်လည်း၊ ဘုရားသခင်၏လူမျိုးသည် လူမျိုး တစ်မျိုးတည်းမဟုတ်တော့သည့်အချက်ကို မြင်တွေ့ရမည်ဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်၏ လူများသည် ခရစ်ယာန်အသင်းတော်ဖြစ်ပြီး၊ မတူကွဲပြားသော လူမျိုးဆိုင်ရာယဉ်ကျေးမှုများအတွင်း နေထိုင်ရန် ခေါ်ထုတ်ထားသော အသိုက်အဝန်းတစ်ခုဖြစ်သည်။ ထို့ကြောင့် သင်မျှော်လင့်ထားသည့် အတိုင်း၊ ပဋိညာဉ်တရားသစ်ခေတ်တွင် ဘုရားသခင်သည် မိမိ၏သစ္စာရှိလူများကို ပိုမိုကြီးမားသော ယဉ်ကျေးမှုအမျိုးမျိုးကို ဖွံ့ဖြိုးတိုးတက်စေရန် ပို့ဆောင်ပေးသည်။

လူများနှင့် အခြေအနေများ၏ကွဲပြားမှုတို့ကြောင့် ခရစ်ယာန်လူ့အဖွဲ့အစည်းများသည် တစ်ခုနှင့် တစ်ခု မတူညီသောနည်းလမ်းများဖြင့် သမ္မာကျမ်းစာသွန်သင်ချက်များကို ကျင့်သုံးကြသည်။ ဥပမာ အားဖြင့်၊ ဂျူးနှင့် တစ်ပါးအမျိုးသားယုံကြည်သူများသည် ၎င်းတို့၏ကိုယ်ပိုင်အခြေအနေများအပေါ် အခြေခံ၍ ထူးခြားသောယဉ်ကျေးမှုအလေ့အထများကို ကျင့်သုံးကြသည်။ ဒေသအသီးသီးတွင်ရှိသော ခရစ်ယာန်အသင်းတော်များသည် သမ္မာကျမ်းစာကို လိုက်နာကျင့်သုံးရာတွင် မိမိတို့၏လူမျိုးနှင့် အခြေအနေများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ မိသားစုအုပ်စုအသီးသီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကွဲပြားသောနည်းလမ်းများဖြင့် သစ္စာရှိစွာလိုက်နာကြသည်။

သို့သော် ပဋိညာဉ်အသစ်၏အထူးဖွင့်လှစ်ဖော်ပြခြင်းသည် တပြိုင်နက်တည်း ဖြစ်မလာကြောင်း သတိရရန် အရေးကြီးသည်။ ရာစုနှစ်တစ်ခုနီးပါး၊ ဘုရားသခင်သည် ခရစ်တော်အားဖြင့်လည်းကောင်း၊ ခရစ်တော်၏တမန်တော်များနှင့် ပရောဖက်များအားဖြင့်လည်းကောင်း အသင်းတော်အတွက် သူ၏ အလိုတော်ကို ထုတ်ဖော်ခဲ့သည်။ ထို့ကြောင့်၊ ဓမ္မသစ်ကျမ်းရှိ အသင်းတော်၏ယဉ်ကျေးမှုသည်လည်း အချိန်နှင့်အမျှ ကွဲပြားပါသည်။ ဥပမာ၊ တမန်တော် ၁၅ တွင် ယေရုရှလင်မြို့၌ တမန်တော်များနှင့် အကြီးအကဲများတွေ့ဆုံသောအခါ အရေဖျားလှီးခြင်းအလေ့အထသည် သိသာစွာပြောင်းလဲသွားသည်။ ဓမ္မသစ်ကျမ်းကို ရေးသားပြီး လက်ခံရရှိသည့်အချိန်တိုင်း၊ ခရစ်ယာန်အသင်းတော်များသည် အမျိုးမျိုး သောအပြောင်းအလဲများကို ဖြတ်သန်းခဲ့ကြသည်။ ဤအရာများနှင့် အခြားသော အကြောင်းအရင်းများ ကြောင့်၊ ဓမ္မသစ်ခေတ် ခရစ်ယာန်လူ့အဖွဲ့အစည်းများအကြားတွင် ယဉ်ကျေးမှုမျိုးစုံရှိခဲ့သည်။

ကျွန်ုပ်တို့သည် ယဉ်ကျေးမှု၏အခြေခံအုတ်မြစ်များနှင့် သမ္မာကျမ်းစာ၏ ယဉ်ကျေးမှုဆိုင်ရာ တိုးတက်ဖွံ့ဖြိုးလာမှုများသည် သမ္မာကျမ်းစာရှိယဉ်ကျေးမှုအပေါ် သက်ရောက်မှုရှိပုံကို စူးစမ်းလေ့လာ ခြင်းဖြင့် သမ္မာကျမ်းစာယဉ်ကျေးမှုနှင့် မျက်မှောက်ခေတ်ကျင့်သုံးခြင်းတို့ကို ကြည့်ရှုခဲ့ကြပြီးနောက်၊ ယခုတတိယ အဓိကအကြောင်းအရာကို ကြည့်ကြပါစို့။ မျက်မှောက်ခေတ်သမ္မာကျမ်းစာကျင့်သုံးခြင်းနှင့်ပတ်သက်၍ ဤထည့်သွင်းစဉ်းစားမှုအားလုံးသည် မည်သည့်အရာကိုဆိုလိုသနည်း။

ကျွန်ုပ်တို့ခေတ်တွင်၊ ဧဝံဂေလိဆရာများစွာသည် ယုံကြည်ခြင်းကို အဓိကအားဖြင့် သီးသန့် ပုဂ္ဂလိကကိစ္စတစ်ခုအဖြစ် ယူဆကြသည်။ ယခုသေချာစေရန်၊ သမ္မာကျမ်းစာတွင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ပုဂ္ဂိုလ်ရေးလျှောက်လှမ်းခြင်းအကြောင်း ပြောစရာများစွာရှိသည်။ သို့သော် ကျွန်ုပ်တို့ အများစုသည် သမ္မာကျမ်းစာ၏ဤကဏ္ဍကို မျက်မှောက်ခေတ်ယဉ်ကျေးမှုအတွက် သမ္မာကျမ်းစာ၏ သက်ရောက်မှုများကို စိတ်ဝင်စားမှုအနည်းငယ်သာရှိကြောင်း အလေးပေးဖော်ပြကြသည်။ သို့သော် ကျွန်ုပ်တို့မြင်ရသည့်အတိုင်း၊ သမ္မာကျမ်းစာသည် ယုံကြည်ခြင်း၏ယဉ်ကျေးမှုဆိုင်ရာရှုထောင့်ကို အလွန်အလေးပေးဖော်ပြသောကြောင့် ကျွန်ုပ်တို့သည် ယနေ့ခေတ်ယဉ်ကျေးမှုတွင် သမ္မာကျမ်းစာကို ကျင့်သုံးရန် ဆက်ကပ်အပ်နှံထားရမည်ဖြစ်သည်။

သမ္မာကျမ်းစာပါ ယဉ်ကျေးမှု၏အခြေခံအုတ်မြစ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ကျွန်ုပ်တို့ ကြည့်ရှုခဲ့သည့်အတိုင်း၊ ယဉ်ကျေးမှုနှင့်ပတ်သက်သော သမ္မာကျမ်းစာသွန်သင်ချက်၏ မျက်မှောက်ခေတ် ကျင့်သုံးခြင်းကို ကျွန်ုပ်တို့သုံးသပ်ပါမည်။ ဦးစွာ၊ သမ္မာကျမ်းစာကို ကျင့်သုံးသောအခါတွင် ယဉ်ကျေးမှု ၏အရေးပါပုံကို လေ့လာပါမည်။ ထို့နောက်၊ ဆန့်ကျင်ဘက် ယဉ်ကျေးမှုစံနှုန်းနှစ်ခုသည် ယနေ့ သမ္မာကျမ်းစာကို ကျင့်သုံးခြင်းအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်သည်ကို ကြည့်ပါမည်။ နောက်ဆုံး အနေနှင့်၊ မျက်မှောက်ခေတ်ကျင့်သုံးခြင်းသည် ကျွန်ုပ်တို့ခေတ်အတွက် ဘုရားသခင်ခန့်အပ်ထားသော ယဉ်ကျေးမှုအမျိုးမျိုးကို ထည့်သွင်းစဉ်းစားရမည်ကို ကျွန်ုပ်တို့ လေ့လာပါမည်။ မျက်မှောက်ခေတ် ကျင့်သုံးခြင်းတွင် ယဉ်ကျေးမှု၏အရေးပါမှုဖြင့် စတင်ကြပါစို့။

သမ္မာကျမ်းစာ၏အစိတ်အပိုင်းများစွာသည် မျက်မှောက်ခေတ်ယဉ်ကျေးမှုတွင် သမ္မာကျမ်းစာကို ကျင့်သုံးရန် အဘယ်ကြောင့် အရေးကြီးသည်ကိုနားလည်ရန်ကူညီပေးသည်။ ယင်းကိုမြင်ရန် လွယ်ကူ သောနည်းလမ်းများထဲမှတစ်ခုမှာ၊ ခရစ်တော်မိန့်မှာထားသည့်အရာ အပြည့်အစုံကို သွန်သင်ခြင်းဖြင့် ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှုတိုင်းကို သြဇာလွှမ်းမိုးရန် ကိုယ်တော်၏နောက်လိုက်များအား ခရစ်တော်ခေါ် ခဲ့ပုံကို သုံးသပ်ရန်ဖြစ်သည်။

ကြီးမြတ်သောမဟာစေခိုင်းမှု သို့မဟုတ် “ဧဝံဂေလိတရားဆိုင်ရာလုပ်ပိုင်ခွင့်”ဟုခရစ်ယာန်များ ခေါ်သော အကျွမ်းတဝင်ရှိသော ကျမ်းပိုဒ်ဖြစ်သည့် မဿဲ ၂၈:၁၉-၂၀ တွင်သခင်ယေရှု မိန့်ဆိုပုံကို နားထောင်ပါ။ ဤကျမ်းပိုဒ်တွင် ယေရှုက သူ၏တပည့်တော်များအား_

သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိဉာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒ ပေးကြလော့ (မဿဲ ၂၈:၁၉-၂၀)။

ဤကျမ်းပိုဒ်သည် ခရစ်တော်၏နောက်လိုက်များ၏အမှုတော်ကို ဘုန်းတန်ခိုးဖြင့် သူပြန်လည် ကြွဆင်းလာသည်အထိ အကျဉ်းချုပ်ထားသည်။ သို့သော် ကျွန်ုပ်တို့၏ မျက်မှောက်ခေတ်ယဉ်ကျေးမှု ဆိုင်ရာကြိုးပမ်းမှုများနှင့် မည်သို့ဆက်စပ်သည်ကို နားလည်သဘောပေါက်ရန်မူ၊ ဤဧဝံဂေလိတရား ဆိုင်ရာလုပ်ပိုင်ခွင့်သည် ကမ္ဘာဦးအစတွင် လူသားမျိုးနွယ်အား ပေးအပ်ထားသည့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ပိုင်ခွင့်ကို မည်ကဲ့သို့ပဲ့တင်ထပ်ကြောင်း သိမြင်ရန် အထောက်အကူပြုပါသည်။ ကမ္ဘာဦး ၁:၂၈ ၏ ယဉ်ကျေးမှုဆိုင်ရာလုပ်ပိုင်ခွင့်တွင် ဘုရားသခင်သည် လူသားများကို “များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့”ဟု အမိန့်ပေးခဲ့သည်။

ထို့အတူ မဿဲ ၂၈:၁၉ တွင်၊ ခရစ်တော်သည် ကိုယ်တော်၏နောက်လိုက်များအား အရေအတွက် တိုးများလာစေရန်၊ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့”ဟုမိန့်တော်မူသည်။ အာဒံနှင့်ဧဝတို့သည် ကမ္ဘာမြေကြီးကို ဘုရားသခင်၏ပုံသဏ္ဍာန်များဖြင့် ပြည့်စေရသကဲ့သို့၊ ခရစ်ယာန်များသည်လည်း ဘုရားသခင်ရွေးနှုတ်ထားသော ပုံသဏ္ဍာန်များကို ပွားများရန်ဖြစ်သည်။ ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းအလို့ငှာ လူများကိုလမ်းပြခြင်းဖြင့် ဤအပိုင်းကို ကျွန်ုပ်တို့ လုပ်ဆောင်ပါသည်။

သို့သော် ယေရှု၏ဧဝံဂေလိတရားဆိုင်ရာလုပ်ပိုင်ခွင့်သည် ဘုရားသခင်၏သစ္စာရှိအစေခံအရေ အတွက်တိုးလာရုံမျှဖြင့် မရပ်တန့်ခဲ့ပေ။ မဿဲ ၂၈:၂၀ အရ၊ ကျွန်ုပ်တို့၏တာဝန်တွင် “ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့” ပါဝင်သည်။ အာဒံနှင့်ဧဝအနေဖြင့် ကမ္ဘာမြေကိုပြည့်စေပြီး နှိမ့်ချခြင်းဖြင့် ဘုရားသခင်ကိုနာခံရန် ခေါ်ခြင်းခံရသကဲ့ သို့၊ ခရစ်ယာန်များသည်ကိုယ်တော်၏အမိန့်တော်များကိုလိုက်နာခြင်းဖြင့် လူမျိုးအားလုံးကို ဘုရားသခင်အားနာခံရန် သွန်သင်ပေးရမည်ဖြစ်ပြီး၊ ၎င်းတွင် ယဉ်ကျေးမှုကဏ္ဍအားလုံးနီးပါးတွင် ညွှန်ကြားချက်များပါဝင်သည်။

အောက်ပါနည်းဖြင့် ကျွန်ုပ်တို့ ကြည့်ရှုနိုင်သည်_ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်ကိုနာခံကာ ကမ္ဘာမြေကိုနိုင်ခြင်းဖြင့် ယဉ်ကျေးမှုကို တည်ဆောက်ရမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံကာ လူမျိုးတို့ကို ဆုံးမသွန်သင်ခြင်းဖြင့် ယဉ်ကျေးမှုကို တည်ဆောက်ရမည်ဖြစ်သည်။

၎င်းသည် မဿဲ ၂၈ ၌ယေရှုသည် ယုံကြည်သူများအား နှစ်ခြင်းပေးကာ လူမျိုးအားလုံးကို ကိုယ်တော်၏ပညတ်တော်များကို သွန်သင်ပေးခြင်းဖြင့် ယဉ်ကျေးမှုတိုင်းအပေါ် သက်ရောက်မှုရှိစေရန် မိမိ၏နောက်လိုက်များအားမျှော်လင့်ကြောင်း ထင်ရှားသည်။ ကိုယ်တော်၏သွန်သင်ချက်များသည် ဆင်းရဲမွဲတေမှု၊ ငွေကြေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ တရားမျှတမှု၊ လူမျိုးရေး၊ နိုင်ငံရေးနှင့် အခွန် ပေးဆောင်မှုများကဲ့သို့သော လူထုယဉ်ကျေးမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးသည်။ ထို့ကြောင့် ဓမ္မသစ်စာအုပ်များသည် ကျယ်ပြန့်သောယဉ်ကျေးမှုဆိုင်ရာ ပြဿနာများစွာကို ထိတွေ့သည်ကိုတွေ့ရ သည်။

ဤတူညီချက်များတစ်လျှောက် မဿဲ ၅:၁၃-၁၄ တွင်၊ ခရစ်တော်သည် ကိုယ်တော်၏တပည့်များ ကို ရဲရင့်စွာဖော်ပြခဲ့သည်မှာ_

ဤလောက၏ဆားဖြစ်ကြ၏။ ...ဤလောက၏အလင်းဖြစ်ကြ၏ (မဿဲ ၅:၁၃-၁၄)။

သမိုင်းက အဖန်ဖန်ပြသခဲ့သည့်အတိုင်း၊ ယေရှု၏နောက်လိုက်များသည် လူမျိုးတိုင်းအတွက် ခရစ်တော်မိန့်မှာသမျှကို သစ္စာရှိစွာသွန်သင်ခြင်းငှာ မိမိတို့ကိုယ်ကို သစ္စာရှိစွာ ဆက်ကပ်အပ်နှံထားသော အခါ၊ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ ယဉ်ကျေးမှုတိုင်း၏ ကဏ္ဍအသီးသီးကို အပြုသဘောဆောင်သော သြဇာလွှမ်းမိုးနိုင်စွမ်းရှိသည်။ ထို့အတွက်ကြောင့်၊ ကျွန်ုပ်တို့၏မျက်မှောက်ခေတ် ကျမ်းစာကျင့်သုံးခြင်း သည် လူ့ယဉ်ကျေးမှုဆိုင်ရာအပြည့်အစုံကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

မဿဲ ၅ တွင်၊ ယေရှုသည် တပည့်တော်များအား ဤလောက၏ဆားနှင့် ဤလောက၏အလင်းဖြစ်ရမည်ဟုဆိုသည်။ မျက်မှောက်ခေတ် စာဖတ်သူတစ်ဦးအတွက်၊ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော စကားတစ်မျိုးဖြစ်သည်...ရှေးကာလကြားနာသူများကို စဥ်းစားကြည့်ပါ၊ သမ္မာကျမ်းစာပါ ယဉ်ကျေးမှုတွင် အမြစ်တွယ်နေသည့် ဤဘာသာစကားသည် အထူးသဖြင့်မည်သည့်အရာကို ဆိုလိုသနည်း။ ဆားသည်အရာများကို ပုပ်သွားခြင်းမှကင်းဝေးစေသည်၊ ထို့ကြောင့်ဆားကို အသား သို့မဟုတ် ငါးများထဲသို့ထည့်ကာ ပုပ်မသွားစေရန်ထိန်းသိမ်းပြီး ၎င်းသည်အရသာကို ထပ်ဖြည့်သောအရာဖြစ်သည်။ ခရစ်ယာန်များအကြောင်း သင်စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ်တွင် သူတို့၏သြဇာလွှမ်းမိုးမှုမှာ ဘုရားသခင်၏အမိန့်တော်အောက်တွင် နည်းလမ်းများစွာဖြင့် ဖြောင့်မတ်ခြင်းအတွက်တည်ရှိနေခြင်း၊ ယဉ်ကျေးမှုကိုထိန်းသိမ်းခြင်း သို့မဟုတ် ဘုရားသခင်၏ သမ္မာတရားတည်ရှိခြင်းနှင့်အတူ ယဉ်ကျေးမှုအရသာကိုခံရန်ဖြစ်သည်။ ထို့ပြင် အလင်းပုံသက်သေများလည်း ပါဝင်သည်။ အလင်းကို သမ္မာကျမ်းစာတစ်ခွင်လုံးတွင် ထုတ်ဖော်ပြသခြင်းအဖြစ်လည်းကောင်း၊ ဖွင့်လှစ်ဖော်ပြခြင်းပုံသဏ္ဌာန်အဖြစ်လည်းကောင်း ရှုမြင်ကြသည်။ ခရစ်ယာန်များသည် ဘုရားသခင်မည်သူဖြစ်သည်ကို ထုတ်ဖော်ပြောဆိုရန် ဤလောကတွင် ရှိနေခြင်းဖြစ်ပြီး၊ ဘုရားသခင်၏သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတို့ဖြင့် အမှောင်လောကကို အလင်းပေး၊ ဟောပြောဝေငှရန်ဖြစ်သည်။

ဒေါက်တာ Robert L. Plummer

မျက်မှောက်ခေတ်ကျင့်သုံးခြင်းနှင့် သမ္မာကျမ်းစာယဉ်ကျေးမှုကို လေ့လာရာတွင် ယနေ့ ခရစ်တော်၏နောက်လိုက်များအတွက် ယဉ်ကျေးမှု၏အရေးကြီးမှုကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည်။ ယခုဒုတိယအကြောင်းအရာကိုကြည့်ကြပါစို့။ ဆန့်ကျင်ဘက်ယဉ်ကျေးမှုဆိုင်ရာစံနှုန်းနှစ်ခုတည်ရှိမှုသည် ကျွန်ုပ်တို့၏မျက်မှောက်ခေတ်သမ္မာကျမ်းစာကျင့်သုံးခြင်းအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။

ခရစ်တော်သည် မြေကြီးပေါ်သို့ကြွလာသောအခါ၊ စာတန်အပေါ် ကိုယ်တော်၏ကြီးစွာသော အောင်ပွဲ၏ နောက်ဆုံးကာလကို ဖွင့်လှစ်ခဲ့သည်။ သို့သော် ခရစ်တော်သည် အရာခပ်သိမ်းပြည့်စုံခြင်း၌ ဘုန်းကြီးသောအားဖြင့် ကြွလာသောအခါမှသာ ဤအောင်ပွဲသည် ပြီးပြည့်စုံလိမ့်မည်။ ဤကိုယ်တော်၏ နိုင်ငံတော် ဆက်လက်တည်တံ့နေချိန်အတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် မြွေ၏အမျိုးအနွယ် ဖြစ်သော ဘုရားသခင်ကိုပုန်ကန်သည့်ယဉ်ကျေးမှုစံနှုန်းကိုလိုက်နာသော မယုံကြည်သူလောကနှင့် ဧဝ၏ အမျိုးအနွယ်ဖြစ်သော ယဉ်ကျေးမှုဆိုင်ရာ စံနမူနာကိုလိုက်နာသူခရစ်တော်၏နောက်လိုက်များကြား ဆက်လက်ကွဲပြားနေဆဲဖြစ်သည်။

သို့သော်၊ သမ္မာကျမ်းစာခေတ်တွင်ရှိသကဲ့သို့၊ ဘုရားသခင်၏လူနှင့် လောကကြားလမ်းစဥ်သည် အကြွင်းမဲ့မဟုတ်ပါ။ ခရစ်တော်ပြန်ကြွဆင်းမလာမချင်း၊ မြေကြီးပေါ်ရှိ ကိုယ်တော်၏လူများသည် ကျန်ရှိနေသေးသော အပြစ်၏သြဇာလွှမ်းမိုးမှုကို ဆက်လက်ရုန်းကန်ရဦးမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်၏အာဏာစက်မှ လွတ်မြောက်သော်လည်း ၎င်း၏သြဇာလွှမ်းမိုးမှုမှ မလွတ်ကင်းသေးပါ။ တစ်ချိန်တည်းမှာပင်၊ ဘုရားသခင်၏ဘုံကျေးဇူးတော်သည် လောကကို ချုပ်နှောင်ထားဆဲဖြစ်သော ကြောင့် မယုံကြည်သူများပင်လျှင် အတိုင်းအတာတစ်ခုအထိ ဘုရားသခင်၏အလိုတော်နှင့်အညီ နေထိုင်လေ့ရှိသည်။ အထူးသဖြင့် ဤအချက်သည် ဧဝံဂေလိတရားကြီးစွာလွှမ်းမိုးမှုရှိသော လူမျိုးများ နှင့်ပတ်သက်၍ မှန်ကန်ပါသည်။

ခရစ်တော်၏နောက်လိုက်များအနေနှင့်၊ ဘုရားသခင်၏အလိုတော်နှင့်ညီသော ယဉ်ကျေးမှု လမ်းစဉ်များအတိုင်း လိုက်လျှောက်ရန်နှင့် မညီသောသောအရာများကို ရှောင်ရှားရန် ကျွန်ုပ်တို့၏တာဝန် ဖြစ်သည်။ တခါတရံ ကျွန်ုပ်တို့လျှောက်လှမ်းသောလမ်းများသည် လောကနှင့် အလွန်ကွာခြားပါသည်။ သမ္မာကျမ်းရေးသူများသည် ရုပ်တုကိုးကွယ်ခြင်း၊ မတရားသောမေထုန်ပြုခြင်း၊ တစ်ကိုယ်ကောင်းဆန် ခြင်း၊ မာန်မာန၊ မတရားမှုနှင့် အခြားယဉ်ကျေးမှုဆိုင်ရာ မကောင်းမှုများစွာ ၎င်းတို့၏မူလပရိသတ်များ၌ မကျရောက်စေရန် ထပ်ခါတလဲလဲ သတိပေးခဲ့သည်။ ကျွန်ုပ်တို့၏ကာလတွင် ဤကဲ့သို့သောမကောင်းမှု များကို တွေ့ရာအရပ်မှ ကျွန်ုပ်တို့ကျောခိုင်းရမည်ဖြစ်သည်။

သို့သော် အခြားအချိန်များတွင်၊ သမ္မာကျမ်းရေးသူများသည် လူမှုဆက်ဆံရေး၊ နည်းပညာ၊ အနုပညာ၊ ဂီတ၊ ဗိသုကာပညာ၊ ဥပဒေနှင့် နိုင်ငံရေး၏ မတူညီသောရှုထောင့်များတွင် ဘုံကျေးဇူး၏ လွှမ်းမိုးမှုကို အသိအမှတ်ပြုရန် ၎င်းတို့၏မူလပရိသတ်များကို အားပေးခဲ့သည်။ မယုံကြည်သူများ၏ အသက်ရှင်နေထိုင်ပုံများကို သမ္မာကျမ်းစာကနှစ်သက်ကြောင်း ကျွန်ုပ်တို့တွေ့ရှိသည့်အခါတိုင်း၊ ယနေ့ လောက၏ယဉ်ကျေးမှုများအပေါ် ဘုရားသခင်၏ဘုံကျေးဇူးတော်၏ အလားတူအကျိုးသက်ရောက်မှု များကို ရှာဖွေသင့်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏သွန်သင်ချက်များအပေါ် သစ္စာရှိနေသရွေ့၊ သိပ္ပံပညာ၊ အနုပညာ၊ နိုင်ငံရေးနှင့် အခြားဘဝ၏ကဏ္ဍများတွင် ဘုံကျေးဇူးတော်များကို ကျွန်ုပ်တို့ လွတ်လပ်စွာ ထောက်ခံအားပေးသည်။

သမ္မာကျမ်းစာပါယဉ်ကျေးမှုပုံစံများသည် ကျွန်ုပ်တို့ခေတ်နှင့် မည်သို့သက်ဆိုင်သည်ကို ပိုင်းခြား ရန် တစ်ခါတစ်ရံတွင် အခက်အခဲရှိနိုင်သည်။ သို့သော် ယေဘူယျအားဖြင့်၊ ယဉ်ကျေးမှုဆိုင်ရာရှုထောင့် အမျိုးမျိုးကို သမ္မာကျမ်းစာတလျှောက်လုံးတွင် ဘုရားသခင်ညွှန်ကြားသည့်နည်းလမ်းများဖြင့် ကျွန်ုပ်တို့ စဉ်းစားရမည်ဖြစ်သည်။ ကွဲပြားခြားနားသောယဉ်ကျေးမှုဆိုင်ရာရှုထောင့်များအကြောင်း သမ္မာကျမ်းစာ တွင် ဖော်ပြထားသည့်အရာအားလုံးကို နှိုင်းယှဉ်ကြည့်သောအခါ၊ ဘုရားသခင်သည် ယဉ်ကျေးမှုပုံစံများ ကို ညွှန်ကြားသည့်နည်းလမ်းလေးခုကို အနည်းဆုံးတွေ့ရှိရသည်။ အိမ်ထောင်ပြုခြင်းနှင့် အလုပ်လုပ်ခြင်း ကဲ့သို့သော ပုံစံအချို့ကို သူအမြဲတမ်းအတည်ပြုခဲ့သည်။ အီဂျစ်မှ ခါနာန်သို့ ချီတက်စဉ် ဣသရေလ အမျိုးအနွယ်များ၏အစီအစဉ်ကဲ့သို့သောအခြားပုံစံများကို ယာယီအားဖြင့်သာ သူထောက်ခံအားပေးခဲ့ သည်။ တစ်ခါတစ်ရံတွင်၊ ဘုရားသခင်သည်အပြစ်သားများအပေါ် သည်းခံခြင်းတွင်၊ မယားအများ ယူခြင်းနှင့် ကျွန်ပြုခြင်းကဲ့သို့သော ကိုယ်တော်၏လူများ၏ ယဉ်ကျေးမှုဆိုင်ရာ လုပ်ရပ်အချို့ကိုမနှစ် သက်သော်လည်း ယာယီသည်းခံခဲ့သည်။ မှန်ပါသည်၊ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် မတရားမှုနှင့် ရုပ်တုကိုးကွယ်ခြင်းကဲ့သို့သော ဘုရားသခင်၏အမြဲတမ်းမနှစ်သက်သည့် ယဉ်ကျေးမှုပုံစံများစွာကို ကျွန်ုပ်တို့တွေ့မြင်ရသည်။

တစ်နည်းဆိုရသော်၊ သမ္မာကျမ်းစာတွင်တွေ့ရှိရသည့် ယဉ်ကျေးမှုပုံစံကို ယနေ့ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် ကျင့်သုံးရန်အတွက်၊ ဘုရားသခင်၏အကဲဖြတ်မှုကို ကျမ်းပိုဒ်ထဲတွင် ရှာဖွေသင့် သည်။ ထို့နောက်၊ ကျွန်ုပ်တို့သည် အခြားကျမ်းပိုဒ်များမှ သက်ဆိုင်ရာကိုယ်ကျင့်တရားစံနှုန်းများကို ရှာဖွေပြီး တွေ့မြင်ရသည့် သမ္မာကျမ်းစာယဉ်ကျေးမှုဆိုင်ရာအစိတ်အပိုင်းများ၏ နောက်ကွယ်ရှိ စေ့ဆော်မှုနှင့် ပန်းတိုင်များကို ဆုံးဖြတ်သင့်သည်။ ဤနည်းလမ်းများဖြင့်၊ သမ္မာကျမ်းစာကျမ်းပိုဒ်များရှိ ယဉ်ကျေးမှုပုံစံများသည် ဘုရားသခင်အားကိုယ်စားပြုခြင်း သို့မဟုတ် ကိုယ်တော်ကိုပုန်ကန်ခြင်းစသည့် ဆန့်ကျင်ဘက်ဖြစ်သော ယဉ်ကျေးမှုစံနှုန်းနှစ်ခုကို မည်ကဲ့သို့ကိုယ်စားပြုကြောင်း ကျွန်ုပ်တို့ ပိုင်းခြား၍ သိမြင်နိုင်မည်ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့်၊ သမ္မာကျမ်းစာရှိ သင့်လျော်သောယဉ်ကျေးမှုပုံစံများ ကို ကျွန်ုပ်တို့၏မျက်မှောက်ခေတ်တွင် ကျင့်သုံးနိုင်မည်ဖြစ်သည်။

ယဉ်ကျေးမှု၏အရေးကြီးမှုနှင့် ယနေ့ကမ္ဘာပေါ်ရှိ ဆန့်ကျင်ဘက်ဖြစ်သော ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းများတွင် မျက်မှောက်ခေတ်ကျင့်သုံးခြင်းနှင့်ပတ်သက်၍ ကြည့်ရှုပြီးနောက်၊ ယခု ကျွန်ုပ်တို့သည် တတိယအချက်ကို ထည့်သွင်းစဉ်းစားနိုင်ပြီဖြစ်သည်။ ကျွန်ုပ်တို့ခေတ်တွင် သမ္မာကျမ်းစာကိုကျင့်သုံး ရာတွင် ယဉ်ကျေးမှုအမျိုးမျိုးကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။

ကမ္ဘာ့ဒေသအသီးသီးရှိ မတူညီသောယုံကြည်သူများထံ ကျွန်ုပ်တို့သွားရောက်လည်ပတ်သော အခါတွင်၊ ကျွန်ုပ်တို့၏ဘာသာစကား၊ ဝတ်စားဆင်ယင်မှုပုံစံ၊ အစားအစာ၊ ဂီတနှင့် အခြားယဉ်ကျေးမှုပုံစံ များစွာသည် အလွန်ကွဲပြားနိုင်ပါသည်။ ၎င်းသည် အဘယ်ကြောင့် မှန်ကန်သနည်း။ ကျွန်ုပ်တို့အားလုံး သည် သမ္မာကျမ်းစာ၏စံနှုန်းများကို လိုက်နာရန်ကြိုးစားကြမည်ဆိုလျှင်၊ ကျွန်ုပ်တို့၏ယဉ်ကျေးမှုပုံစံများ သည် ကွဲပြားခြားနားသော ဦးတည်ရာများဆီသို့ အဘယ်ကြောင့်ဦးတည်သွားကြသနည်း။ ကျွန်ုပ်တို့ အားလုံးသည် သမ္မာကျမ်းစာနှင့်အညီ အသက်ရှင်နေထိုင်ရန် ပျက်ကွက်သောကြောင့် ကွဲပြားချက်အချို့ ရှိနေသည်ဟု ပြောရန်မလိုပါ။ သို့သော် ကျွန်ုပ်တို့၏ကျရှုံးမှုများမှလွဲ၍၊ ကမ္ဘာတစ်ဝှမ်းရှိ ဘုရားသခင်၏ လူများအတွင်း ယဉ်ကျေးမှုကွဲပြားမှုရှိခြင်းကို မျှော်လင့်ခြင်းအတွက် တရားဝင်အကြောင်းပြချက်များစွာ ရှိသည်။

ပဋိညာဉ်တရားသစ်ခေတ် စတင်ခြင်းတွင် ကျွန်ုပ်တို့မြင်ရသည်နှင့်အမျှ၊ ဘုရားသခင်၏လူမျိုး သည် လူမျိုးတစ်မျိုးတည်းမဟုတ်တော့ပါ။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်အတွင်း၊ ဧဝံဂေလိ တရားသည် ကမ္ဘာတစ်ဝှမ်းတွင် ပိုမိုပြန့်နှံ့လာသည်နှင့်အမျှ၊ ဘုရားသခင်၏သစ္စာရှိလူများသည် ပိုမို ကွဲပြားသောယဉ်ကျေးမှုများတွင် ခရစ်တော်အတွက် အသက်ရှင်နေထိုင်ရန် စိန်ခေါ်မှုကိုရင်ဆိုင်ကြရ သည်။ ဤစိန်ခေါ်မှုတွင် အရေးကြီးသောမေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။ ကျွန်ုပ်တို့သည် မတူညီသောယဉ်ကျေးမှုအမျိုးအစား မည်မျှခွင့်ပြုသင့်သနည်း။ မည်သည့်ကန့်သတ်ချက်များကို သတ်မှတ်သင့်သနည်း။

သမ္မာကျမ်းစာတွင် ဤမေးခွန်းကို ဖြေဆိုသည့်နေရာများစွာရှိသော်လည်း၊ ဤပြဿနာကို လေ့လာရန် အကောင်းဆုံးနေရာတစ်ခုမှာ ၁ ကောရိန္သု ၉:၁၉-၂၃ ဖြစ်သည်။ ဤကျမ်းပိုဒ်တွင်၊ ပေါလုသည်ကောရိန္သုအသင်းတော်အား ဤသို့ပြောသည်_

ငါသည် အဘယ်သူ၏ကျွန် မဖြစ်သော်လည်း သာ၍များသောသူတို့ကို ရခြင်းအလိုငှါ လူတကာတို့၏ ကျွန်ခံရ၏။ ယုဒလူတို့ကိုရခြင်းအလိုငှါ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကိုကိုယ်တိုင် မဆည်းကပ် သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှါ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။ ဘုရားသခင်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း၊ ပညတ် တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သော သူကဲ့သို့ဖြစ်၏။ အားနည်းသောသူတို့၌ အားနည်းသောသူကဲ့သို့ဖြစ်၏။ အချို့သော သူတို့ကို တစုံတခုသော အမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။ သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှါ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏ (၁ ကောရိန္သု ၉:၁၉-၂၃)။

ဤကျမ်းပိုဒ်တွင်၊ ဧဝံဂေလိတရား၏လုပ်ပိုင်ခွင့်ကို ဖြည့်ဆည်းရန် သူ၏နာခံမှုသည် ကိုယ်တော် ၏ကတိကဝတ်အပေါ် ယဉ်ကျေးမှုဆိုင်ရာအယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများကိုလက်ခံ ရယူရန်ဦးဆောင်ခဲ့ကြောင်း ပေါလုဖော်ပြခဲ့သည်။ အပိုဒ်ငယ် ၂၂ တွင်ဖော်ပြသကဲ့သို့ “အချို့သောသူတို့ ကိုတစုံတခုသောအမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာ ဖြစ်၏”ဟူ၍အကျဉ်းချုပ်ထားသည်။

ဤနေရာတွင် ခရီးသွားလာသူတစ်ဦးအနေဖြင့် ပေါလုသည် ယဉ်ကျေးမှုဆိုင်ရာလိုက်လျော ညီထွေမှုရှိစေရန် ထူးခြားသောပမာဏကို ကျင့်သုံးခဲ့ရသည်။ အခန်းငယ် ၂၀ တွင် သူသည် ဂျူးလူမျိုး လူ့အဖွဲ့အစည်းတွင်ရှိစဉ်တွင် “ပညတ်တရားကိုကျင့်သောသူကဲ့သို့ဖြစ်၏” ဟုဆိုခဲ့သည်။ အခန်းငယ် ၂၁ တွင်သူသည် တစ်ပါးအမျိုးသားလူ့အဖွဲ့အစည်းတွင်ရှိစဉ်တွင် “ပညတ်တရားမဲ့သောသူကဲ့သို့ဖြစ်၏” ဟုဆိုသည်။

သို့သော် ပေါလုသည်သူလက်ခံသော ယဉ်ကျေးမှုအမျိုးမျိုးအပေါ် ကန့်သတ်ချက်များကို မည်သို့ သတ်မှတ်ထားသည်ကို သတိပြုပါ။ အခန်းငယ် ၂၀ တွင် “ပညတ်တရားကိုကျင့်သောသူကဲ့သို့ဖြစ်၏ (ပညတ်တရားကိုကိုယ်တိုင်မဆည်းကပ်သော်လည်း)”ဟုဆိုသည်။ တစ်နည်းဆိုရသော်၊ ပေါလုသည် ဂျူးလူ့အဖွဲ့အစည်းများ၏ ယဉ်ကျေးမှုပုံစံများကို လိုက်လျှောက်ခဲ့သော်လည်း၊ သူ့ခေတ်ကာလမှ ဘာသာရေးခေါင်းဆောင်များ နားလည်ထားသကဲ့သို့ ပညတ်တရား၏ချည်နှောင်ထားခြင်းတွင် မရှိသော သူဖြစ်သည်။ ပေါလုခေတ်တွင် ဖာရိရှဲများနှင့် ဘာသာရေးခေါင်းဆောင်အများစုသည် ၎င်းတို့၏ ဖြောင့်မတ်ခြင်းကို ထင်ရှားစေရန်အတွက် ပညတ်တရားကိုသာ ကျင့်သုံးခဲ့ကြသည်။ သို့သော် မဿဲ ၂၃ တွင်ယေရှုညွှန်ပြခဲ့သည့်အတိုင်း၊ ဤအပြုအမူသည် အပြစ်စီရင်ခြင်းနှင့် သေခြင်းသို့ ဦးတည်သွားစေခဲ့ သည်။ ဤတွင်၊ ပေါလုသည်နောက်ဆုံးတွင် သူ့အားဘုရားသခင်၏တရားစီရင်ခြင်းအောက်သို့ ကျရောက် စေမည့် ယဉ်ကျေးမှုစံနှုန်းများကိုလိုက်နာခြင်းမရှိဘဲ၊ ယဉ်ကျေးမှုကိုလက်ခံခဲ့ကြောင်း ရှင်းပြခဲ့သည်။

အလားတူ၊ အခန်းငယ် ၂၁ တွင် “ပညတ်တရားမဲ့သောသူကဲ့သို့ဖြစ်၏ (ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း)” ဟုဆိုသည်။ ရှင်ပေါလုသည် တစ်ပါးအမျိုးသားလူ့အဖွဲ့အစည်းများ၏ ယဉ်ကျေးမှုအယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားမှုများကို မျှဝေခဲ့သည်၊ သို့သော် ခရစ်တော်သည် သူ၏ပဋိညာဉ်တရားသစ်ဆိုင်ရာလူများအတွက် အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း ရှင်ပေါလုသည် ဘုရားသခင်၏ပညတ်တော်ကို မချိုးဖောက်ဘဲ လိုက်နာခဲ့သည်။

အလားတူပင်၊ ယနေ့ဧဝံဂေလိတရား၏လုပ်ပိုင်ခွင့်ကို ဖြည့်ဆည်းရန်၊ ခရစ်တော်၏သစ္စာရှိ နောက်လိုက်များသည် အခြားယဉ်ကျေးမှုနောက်ခံမှလူများ၊ အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ တိုင်း သမ္မာကျမ်းစာကို ကွဲပြားစွာကျင့်သုံးရန် ပြင်ဆင်ရမည်ဖြစ်သည်။ ဒေသခံအသင်းတော်များ၊ ခရစ်ယာန်စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများ၊ ဆေးရုံများနှင့် မိတ်သဟာယအဖွဲ့များသည် တစ်ခုနှင့် တစ်ခု မတူကြပါ။ အချိန်ကြာလာသည်နှင့်အမျှ လူများ၊ အခြေအနေများနှင့်ပတ်သက်မှုများ ပြောင်းလဲ သည့်နည်းတူ ဤလူ့အဖွဲ့အစည်းများလည်း ပြောင်းလဲလာမည်ဖြစ်သည်။

သို့သော် ၎င်းသည်ကျွန်ုပ်တို့ဆန္ဒရှိသည့်အတိုင်း လူ့အဖွဲ့အစည်း၏ယဉ်ကျေးမှုကို ကျွန်ုပ်တို့ လွတ်လပ်စွာပုံဖော်နိုင်သည်ဟု မဆိုလိုပါ။ ဆန့်ကျင်ဘက်အနေနှင့် တမန်တော်ပေါလုကဲ့သို့၊ ယနေ့ ခရစ်တော်၏နောက်လိုက်များသည် သမ္မာကျမ်းစာ၏စည်းဘောင်များအတွင်း၌အသက်ရှင်ရန် ခိုင်မြဲစွာ သန္နိဋ္ဌာန်ချရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းအတွက် နည်းလမ်းအမျိုးမျိုးဖြင့်ကျင့်သုံးခြင်းဖြင့် သမ္မာကျမ်းစာကို သစ္စာရှိစွာနာခံရန်ကတိကဝတ်သည် မျက်မှောက်ခေတ်ကျင့်သုံးမှု၏ အရှုပ်ထွေးဆုံး ရှုထောင့်တစ်ခုဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိကိုယ်ကိုပြတော်မူသည်နှင့်အမျှ၊ မိုလ်းကောင်းကင်နှင့် ခေတ်ကာလတို့၌လည်း ထိုသို့ပြုတော်မူသည်။ ၎င်းသည် ကိုယ်တော်၏ဖွင့်လှစ်ဖော်ပြခြင်း၏ ဘုန်းအသရေနှင့် ရွေးနှုတ်ခြင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဓမ္မဟောင်းခေတ်မှ ဓမ္မသစ်ခေတ်အထိ လေ့လာသည်နှင့်အမျှ၊ ကျွန်ုပ်တို့သည် အမျိုးမျိုးသော ယဉ်ကျေးမှုများ၊ အချိန်ကာလအမျိုးမျိုးရှိလူများနှင့် ထိတွေ့ဆက်ဆံကြသည်မှာ ထင်ရှားပါသည်။ သမိုင်းတွင် အချို့သောနေရာများ၊ အချို့သောယဉ်ကျေးမှုများ၊ နောက်ခံများနှင့်ဆက်စပ်နေသော ယဉ်ကျေးမှုအမျိုးမျိုးရှိသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသည်။ မည်သည့်အမျိုးစားက ကျွန်ုပ်တို့အတွက် အကျုံးဝင်သနည်း၊ မည်သို့နေထိုင်သင့်သည်ကို မည်သို့သိနိုင်မည်နည်း။ ပထမဦးစွာ ကျွန်ုပ်တို့သည်အချို့သော ကိုယ်ကျင့်တရားဆိုင်ရာ တောင်းဆိုမှုစံနှုန်းအရ ယဉ်ကျေးမှုအမျိုးမျိုးကို အကဲဖြတ်ရန်လိုအပ်သည်ဟု ထင်ပါသည်။ အချို့သောယဉ်ကျေးမှုမျိုးကွဲများသည် ကျွန်ုပ်တို့အား ဘုရားသခင်ဖန်ဆင်းထားပုံ—ကိုယ်တော်၏ကိုယ်ကျင့်တရားစံနှုန်းများနှင့် ယင်းကျင့်ထုံးများ—နှင့်မကိုက်ညီသောကြောင့် ငြင်းပယ်ရန်လိုအပ်သော်လည်း... ယဉ်ကျေးမှုအမျိုးမျိုးသည် ရုပ်တုကိုးကွယ်ခြင်း၊ ဘုရားသခင်နှင့်ကို ယ်တော်၏စံနှုန်းများကို ငြင်းပယ်ခြင်းကိုလည်း ထင်ဟပ်စေနိုင်သည်။

ဒေါက်တာ Stephen J. Wellum

သမ္မာကျမ်းစာသမိုင်းတစ်လျှောက်၊ ဘုရားသခင်၏သစ္စာရှိလူများ၏အသိုက်အဝန်းတိုင်းသည် အချို့သောယဉ်ကျေးမှုပုံစံများကို ထိန်းသိမ်းထားသည်။ သို့သော် အခြားယဉ်ကျေးမှုပုံစံများသည် အချိန်နှင့်အမျှ ပြောင်းလဲသွားသည်။ သမ္မာကျမ်းစာတွင် တွေ့ရှိရသည့် မည်သည့်ယဉ်ကျေးမှုပုံစံကိုမဆို ကျွန်ုပ်တို့မည်မျှနီးစပ်စွာတုပသည်ကို ဆုံးဖြတ်ရန်နည်းလမ်းတစ်ခုမှာ သမ္မာကျမ်းစာတစ်လျှောက် ယဉ်ကျေးမှုအသွင်အပြင်တစ်ခုသည် တူညီစွာတည်ရှိခြင်းရှိ၊ မရှိ သို့မဟုတ် မတူညီသောခေတ်ကာလ၊ လူများ သို့မဟုတ် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြောင်းလဲခြင်းရှိ၊ မရှိကိုအာရုံစိုက် ရန်ဖြစ်သည်။

သမ္မာကျမ်းစာတွင် ယဉ်ကျေးမှုပုံစံများပြောင်းလဲပါက၊ ကျွန်ုပ်တို့ခေတ်တွင်လည်း ၎င်းတို့ကို ပြောင်းလဲနိုင်မည်ဟု မျှော်လင့်နိုင်ပါသည်။ သို့သော် သမ္မာကျမ်းစာသမိုင်းတစ်လျှောက် ယဉ်ကျေးမှု အသွင်အပြင်များ တူညီစွာတည်ရှိနေပါက၊ ယနေ့ကျွန်ုပ်တို့အတွက် ၎င်းတို့၏စံနှုန်းများကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။

ဥပမာ၊ မိသားစုဖွဲ့စည်းပုံနှင့် လူနေမှုအခြေအနေများသည် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ တွင် ပြောင်းလဲသွားသော်လည်း၊ မိဘများကိုနာခံရန် သားသမီးများကို သမ္မာကျမ်းစာသည် အစဥ်ညွှန်ကြား ထားသည်။ ဤသည်မှာ ယနေ့ကျွန်ုပ်တို့အတွက်လည်း အမှန်ပင်ဖြစ်ပါသည်။ တရားစီရင်ရေးစနစ်များ သည် ယဉ်ကျေးမှုတစ်ခုနှင့်တစ်ခု၊ ခေတ်တစ်ခုနှင့်တစ်ခု ကွဲပြားသော်လည်း၊ ဘုရားသခင့်လူမျိုးသည် သက်သေခံရာတွင် ရိုးသားသည့်သက်သေများဖြစ်ရန်မျှော်လင့်သည့် ခေါ်တော်မူခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာသည် မည်သည့်အခါမှ မပြောင်းလဲပါ။ နိုင်ငံရေးစနစ်များ၊ အဝတ်အစား၊ တေးဂီတ၊ အစားအသောက်နှစ်သက်မှုများနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြားအသွင်အပြင်များစွာသည် သမ္မာကျမ်းစာ သမိုင်းတစ်လျှောက် ပြောင်းလဲသွားသော်လည်း၊ ကျွန်ုပ်တို့၏မိသားစုများ၊ အလုပ်နေရာများနှင့် လူ့အဖွဲ့အစည်းများတွင် ဘုရားသခင်ကိုချီးမြှောက်ပြီး ဝတ်ပြုကိုးကွယ်ရန် ညွှန်ကြားချက်သည် တသမတ်တည်းရှိနေပါသည်။

ခရစ်တော်၏နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာပါ ယဉ်ကျေးမှုပုံစံတစ်ခုကို ကျင့်သုံးသည့်အချိန်တိုင်း ဤဆက်လက်တည်ရှိမှုနှင့် ဆက်လက်မတည်ရှိမှုများကို ခွဲခြားသိမြင်ရန်လို သည်။

ဤသင်ခန်းစာတွင်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာယဉ်ကျေးမှုနှင့် မျက်မှောက်ခေတ်ကျင့်သုံးခြင်း ဆိုင်ရာ အရေးကြီးသောရှုထောင့်များစွာကို လေ့လာထားပါသည်။ သမ္မာကျမ်းစာ၏အစောပိုင်းအခန်း များတွင် ယဉ်ကျေးမှုဆိုင်ရာ အခြေခံအုတ်မြစ်များကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံးတွင် ယဉ်ကျေးမှု၌ဖြစ်ပျက်ခဲ့သော သမ္မာကျမ်းစာဆိုင်ရာ တိုးတက်ဖွံ့ဖြိုးလာမှုများကို ကျွန်ုပ်တို့ ကြည့်ရှုခဲ့သည်။ ထို့ပြင် သမ္မာကျမ်းစာမှ ယဉ်ကျေးမှုဆိုင်ရာရှုထောင့်များသည် ကျွန်ုပ်တို့၏ မျက်မှောက်ခေတ်သမ္မာကျမ်းစာကျင့်သုံးခြင်းအပေါ် မည်သို့အကျိုးသက်ရောက်သည်ကို လေ့လာခဲ့ပါ သည်။

ခရစ်တော်၏သစ္စာရှိနောက်လိုက်များသည် လူတစ်ဦးချင်းစီအတွက်သာမက ၎င်းတို့၏ဘဝ ယဉ်ကျေးမှုဆိုင်ရာရှုထောင့်အထိပါ သမ္မာကျမ်းစာသွန်သင်ချက်များကို ကျင့်သုံးရမည်ဟု သမ္မာကျမ်းစာ ကိုယ်တိုင်က ရှင်းလင်းစွာဖော်ပြထားသည်။ ပဋိညာဉ်သစ်ကာလတွင်ပင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်များဖြစ်ကြပြီး ဘုရားသခင်နှစ်သက်သောနည်းလမ်းများဖြင့် လူ့ယဉ်ကျေးမှုကိုတည်ဆောက် ရန် ကျွန်ုပ်တို့သည် ခေါ်ခြင်းခံရသည်။ ခရစ်တော်ပြန်ကြွလာချိန်အထိ ဤလုပ်ပိုင်ခွင့်သည် ဆက်လက် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ ထို့ကြောင့်၊ သမ္မာကျမ်းစာသည် မျက်မှောက်ခေတ်ယဉ်ကျေးမှု၏ ရှုထောင့်တိုင်းနှင့် မည်သို့သက်ဆိုင်သည်ကို လေ့လာရမည်ဖြစ်သည်။

Continue reading the full transcript