<link rel="stylesheet" href="https://cdn.plyr.io/3.7.8/plyr.css" />
Back to CatalogHGBသမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ
သမ္မာကျမ်းကို ပေးတော်မူခြင်း: အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ အခြေခံများ ·VideoTranslated from English

HGB-11 တစ်ဦးချင်းအတွက် ခေတ်သစ်အသုံးချိ

Read the full text

အတန်းပုဒ် ၁၁ နှင့်အတူ တွဲဖက်ထားသော ဗီဒီယိုတစ်ခု ဖြစ်ပြီး အောက်ပါမေးခွန်းများကို ဖြေသည်- ဘုရားသခင်နှင့် အိမ်နီးချင်းကို ချစ်�하라는 သမ္မာကျမ်းပါ ပညတ်တော်များသည် အပြန်အလှန်ဆက်စပ်နေပါသလား။ ကျမ်းတော်မြတ်တွင် နာခံသင့်မဟုတ်သော ပညတ်တော်များ ရှိပါသလား။ ယနေ့ကျင့်သုံးသူ တို့သည် သမ္မာကျမ်းပါ အပြုအမူဆိုင်ရာ အသုံးချမှုများကို အဓိကအာရုံစိုက်နေကြပါသလား။ ကျွန်ုပ်တို့၏ ခရစ်ယာန်ဘဝတွင် ကော်ပိုရိတ်ရှုထောင့်များသည် တစ်ဦးချင်းရှုထောင့်များကဲ့သို့ အရေးကြီးပါသလား။ ကျွန်ုပ်တို့ နှုတ်ကသာပြောရုံမက နှုတ်နှင့်အကျင့်ကိုပြောသော သမ္မာကျမ်းကို ကျင့်သုံးသူများဖြစ်ရန် မည်မျှအရေးကြီးသနည်း။ သမ္မာကျမ်းကို ကျွန်ုပ်တို့၏ဘဝတွင် အသုံးချရန် သန့်ရှင်းသောဝိညာဉ်တော်က မည်သို့ကူည�ிக்க�နည်း။ ကျွန်ုပ်တို့ သမ္မာကျမ်းရဲ့ စိတ်ပိုင်းဆိုင်ရာရှုထောင့်များကို အလေးပေးသောအခါ စိတ်လှုပ်ရှားမှုကို မည်သို့ရှောင်ရှားနိုင်သနည်း။ သမ္မာကျမ်းထဲမှာ ဖော်ပြထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဥပမာတွေကို မည်သည့်အချိန်တွင် လိုက်နာသင့်သနည်း။ တာဝန်သိစိတ်ဖြင့် သမ္မာကျမ်းကို အနက်ဖွင့်ရန် လိုအပ်သောကျွမ်းကျင်မှုများကို မည်သို့တီမိမ် နိုင်သနည်း။ 목회자들은 ၎င်းတို့၏ဘုရားကျောင်းရှိ ပုဂ္ဂိုလ်မျိုးစုံအတွက် သမ္မာကျမ်းကို မည်သို့အသုံးချိန့်နိုင်သနည်း။


From the transcript

၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့သော သာ့ဒ်မစ်လ် သည်အမြတ်အစွန်းကို အဓိက မထားသော ဧဝံဂေလိ ခရစ်ယာန် အမှုတော် တစ်ခု ဖြစ်ပါသည်။ သာ့ဒ်မစ်လ်က ပေးအပ်ရန် ရည်စူးထားသည်မှာ-

ကျွန်ုပ်တို့၏ ပန်းတိုင်မှာ ကမ္ဘာတလွှားရှိ အမှုတော်အတွက် လုံလောက်သော လေ့ကျင့်ရည် ချို့တဲ့ ကင်းမဲ့သည့် သင်းအုပ်နှင့် ခရစ်ယာန် ခေါင်းဆောင် ထောင်ပေါင်း များစွာအား အခမဲ့ ခရစ်ယာန် ပညာရေးကို ပေးကမ်းရန် ဖြစ်ပါသည်။ ပြိုင်ဖက်ကင်းသော မီဒီယာစုံသင် စာသင်တိုက် သင်ရိုးကို အင်္ဂလိပ်၊ အာရဘစ်၊ တရုတ်၊ ရုရှ နှင့် စပိန် ဘာသာစကားများဖြင့် ထုတ်လုပ်ပြီး ကမ္ဘာ အနှံ့ ဖြန့်ဝေခြင်း အားဖြင့် ဤပန်းတိုင်ကို ကျွန်ုပ်တို့ ဖြည့်ဆည်းနေပါသည်။ ကျွန်ုပ်တို့၏ သင်ရိုးကို ကျွန်ုပ်တို့၏ မိတ်ဖက် အမှုတော်များအားဖြင့် အခြားသော ဘာသာစကား တစ်ဒါဇင်ကျော်သို့ ပြန်ဆိုလျက် ရှိပါသည်။ သင်ရိုးတွင် ရုပ်ပုံများက ထိန်းကျောင်းသော ဗီဒီယိုများ၊ ပုံနှိပ်ထားသော ညွှန်ကြားချက်များ နှင့် အင်တာနက် အရင်းအမြစ်များ ပါဝင်ပါသည်။ ၎င်းကို ကျောင်းများ၊ အုပ်စုများ၊ တစ်ဦးချင်း ပုဂ္ဂိုလ်များ၊ အွန်လိုင်းတွင်သာမက သင်ယူလေ့လာသော လူ့အဖွဲ့အစည်းများတွင်ပါ အသုံးပြုနိုင်အောင် ပုံစံဆွဲထားပါသည်။

နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံး ပါဝင် ပစ္စည်းနှင့် အရည်အသွေး ရှိသော ဆုရ မီဒီယာစုံသင် သင်ခန်းစာများကို အလွန်ပင် တွက်ချေကိုက်စွာ ပြုစုထုတ်လုပ်ပေးသည့် နည်းစနစ်တစ်ခုကို ကျွန်ုပ်တို့ တိုးတက်ဖွံ့ဖြိုးလာစေခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စာရေးသူများနှင့် အယ်ဒီတာများသည် ဓမ္မပညာပိုင်းဆိုင်ရာ လေ့ကျင့်မှု ရှိထားပြီးသော ပညာပေးသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘာသာပြန်ဆိုသူများသည်လည်း သူတို့၏ ဦးတည် ဘာသာစကားများ၌ ဓမ္မပညာပိုင်းဆိုင်ရာ ကျွမ်းကျင် လိမ္မာသော ဒေသစကားပြောသူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ သင်ခန်းစာများတွင်လည်း ကမ္ဘာတလွှားမှ ထောင်ပေါင်းများစွာသော ဂုဏ်အသရေ ရှိ စာသင်တိုက် ပါမောက္ခများနှင့် သင်းအုပ်ဆရာများ၏ ထိုးထွင်းအမြင်များ ပါဝင်ပါသည်။ ဖြည့်စွက်ပြောရလျှင် ကျွန်ုပ်တို့၏ ရုပ်ပုံ ဒီဇိုင်နာများ၊ ပန်းချီဆရာများ၊ ထုတ်လုပ်သူများသည် လုံးဝဥဿုံ ခေတ်မှီသော ကရိယာများနှင့် နည်းလမ်းများကို သုံး၍ အမြင့်ဆုံး ထုတ်လုပ်မှု ဆိုင်ရာ စံနှုန်းများကို လိုက်နာထားပါသည်။

ကျွန်ုပ်တို့၏ ဖြန့်ချိရေး ဆိုင်ရာ ပန်းတိုင်များကို ပြီးမြောက်ရန် အတွက် သာ့ဒ်မစ်လ် အနေဖြင့် အသင်းတော်များ၊ စာသင်တိုက်များ၊ ကျမ်းစာကျောင်းများ၊ သာသနာပြုများ၊ ခရစ်ယာန် အသံလွှင့်သူများ၊ ဂြိုလ်တု ရုပ်မြင်သံကြား ဝန်ဆောင်မှုပေးသူများ၊ အခြားသော အဖွဲ့အစည်းများနှင့် မဟာဗျူဟာကျသော မိတ်ဖက်ဖြစ်မှုကို အခိုင်အမာ ပြုလုပ်ထားပါသည်။ ဤ ဆက်နွယ်မှုများကြောင့် ဒေသခံခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ၊ စာသင်တိုက် စာသင်သားများသို့ ဗီဒီယို သင်ခန်းစာ အမြောက်အများကို ဖြန့်ဝေပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များ သည်လည်း ဖြန့်ချိရေး လမ်းကြောင်းများ အဖြစ် အသုံးတည့်နေသလို သင်၏ ကိုယ်ပိုင် လေ့လာသင်ယူ လူ့အဖွဲ့အစည်းကို မည်သို့ စတင်ရမည် ဆိုသည်နှင့် သက်ဆိုင်သည့် သင်ခန်းစာ ပစ္စည်းများ အပါအဝင် ကျွန်ုပ်တို့၏ သင်ခန်းစာများကို ထပ်ဆောင်းဖြည့်ဆည်းပေးရန် အတွက် နောက်ထပ် လိုအပ်သော ပစ္စည်းများကိုလည်း ပေးကမ်းပါသည်။

အသင်းတော်တံခါးဝတွင်ရပ်ပြီး ထွက်လာသူအားလုံးကို နှုတ်ဆက်သည့်လူငယ်သင်းအုပ်ဆရာ တစ်ဦးရှိသည်။ သူ၏အသင်းသားအများစုသည် ချိုသာစွာပြုံးပြီး အိမ်သို့ပြန်ကြသည်။ သို့သော် တန်းစီနေသူများထဲမှနောက်ဆုံးသောလူသည် သူ၏စိတ်ထဲတွင်ရှိသည့်အတိုင်း အမြဲပြောတတ်သော အသက်ကြီးသူတစ်ဦးဖြစ်သည်။

“လူငယ်လေး” “သင်၏တရားဒေသနာနှင့်ပတ်သက်၍ ကျွန်ုပ်၌ကြီးမားသောပြဿနာရှိသည်” ဟု သူသည် မကျေမနပ်ပြောလေသည်။

"မည်သည့်အရာနည်း" လူငယ်သင်းအုပ်ဆရာက မေးသည်။

“ကျွန်ုပ်ဘဝနှင့်ပတ်သက်၍ဘုရားသခင့်နှုတ်ကပါတ်တော်တွင် မည်သို့မိန့်တော်မူသည်ကို ကျွန်ုပ် သိရန်လိုသည်၊ သို့သော်သင်သည် ကျွန်ုပ်နှင့်သက်ဆိုင်သောအရာကို တစ်ခါမှ မပြောခဲ့ပါ”ဟု ထိုသူဆို သည်။

ကျွန်ုပ်တို့အများစုကြုံတွေ့နေရသော ပုဂ္ဂိုလ်ရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပျက်ကွက်သောတရားဒေသနာများကို တစ်ခါတစ်ရံကျွန်ုပ်တို့ ကြားဖူးကြပေမည်။ သမ္မာကျမ်းစာ၏ ခွန်အားပေးမှု၊ လက်တွေ့ကျသောလမ်းညွှန်မှုနှင့် တည့်မတ်မှုတို့ကို ကျွန်ုပ်တို့အားလုံးလိုအပ်သည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ယေဘူယျသဘောတရားများ သို့မဟုတ် သီအိုရီဆိုင်ရာကိစ္စများကို စွဲမြဲစွာ နှစ်သက်သကဲ့သို့၊ သမ္မာကျမ်းစာကို ကျွန်ုပ်တို့၏ကိုယ်ပိုင်ဘဝနှင့် အခြားသူများ၏အသက်တာတွင် လက်တွေ့ကျသောနည်းလမ်းများဖြင့် မည်သို့ကျင့်သုံးရမည်ကို ရိုးရှင်းစွာသင်ယူရမည်ဖြစ်သည်။

ဤသည်မှာ ကျွန်ုပ်တို့အား သူကျမ်းစာပေးခဲ့သည် အနက်ပြန်ခြင်းဆိုင်ရာအခြေခံအုတ်မြစ်များ အခန်းဆက်ဆောင်းပါးမှ တစ်ဆယ်တစ်ခုမြောက်သင်ခန်းစာဖြစ်ပြီး_ "လူတစ်ဦးချင်းအတွက် မျက်မှောက်ခေတ်ကျင့်သုံးခြင်း" ဟုခေါင်းစဉ်တပ်ထားပါသည်။ ဤသင်ခန်းစာတွင်၊ အခြားသူများနှင့် သက်ဆိုင်၍လည်းကောင်း၊ ကျွန်ုပ်တို့တစ်ဦးချင်းအနေနှင့်လည်းကောင်း သမ္မာကျမ်းစာကို မည်သို့ ကျင့်သုံးသင့်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

အခြားသင်ခန်းစာများတွင်တွေ့ခဲ့ရသည့်အတိုင်း၊ ကျွန်ုပ်တို့၏ခေတ်နှင့်အညီ သမ္မာကျမ်းစာကို ကျင့်သုံးသည့်အချိန်တိုင်းတွင် သမ္မာကျမ်းစာ၏မူလပရိသတ်များနှင့် မျက်မှောက်ခေတ်ပရိသတ်များ အကြားကွာခြားချက်သုံးမျိုးကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်_ခေတ်ကာလ၊ ယဉ်ကျေးမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာကွာခြားချက်များဖြစ်သည်။

သမ္မာကျမ်းစာသမိုင်းသည် ခေတ်တစ်ခုမှ အခြားတစ်ခုသို့ ကြီးစွာရွေ့လျားလာသောကြောင့် ဖြစ်ပျက်ခဲ့သော ဓမ္မဆိုင်ရာတိုးတက်မှုများကို ကျွန်ုပ်တို့သည် ကြီးမားသောအတိုင်းအတာဖြင့်လေ့လာ မည်ဖြစ်သည်။ သမ္မာကျမ်းစာခေတ်ရှိ ယဉ်ကျေးမှုများအတွက် ဘုရားသခင်၏ပုံစံပြုခြင်းနှင့် မျက်မှောက်ခေတ်ယဉ်ကျေးမှုများအတွက် ကိုယ်တော်၏ပုံစံပြုခြင်းတို့ကြား ဆင်တူမှုများနှင့် ကွဲပြားမှု များကို အနည်းငယ်သောအတိုင်းအတာဖြင့် ထည့်သွင်းတွက်ချက်ရန် လိုအပ်ပါသည်။ ဤဘောင်များ အတွင်းတွင်၊ သမ္မာကျမ်းစာ၏မူလပရိသတ်များနှင့် မျက်မှောက်ခေတ်ပရိသတ်များအကြား ပုဂ္ဂိုလ်ရေး ဆိုင်ရာဆင်တူမှုများနှင့် ခြားနားချက်များကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ ဤသင်ခန်းစာတွင်၊ ယနေ့ခေတ် လူတစ်ဦးချင်း၏အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားချက်များအပေါ် သမ္မာကျမ်းစာ ကမည်သို့အကျိုးသက်ရောက်သည်ကိုသုံးသပ်ခြင်းဖြင့် မျက်မှောက်ခေတ်ကျင့်သုံးမှု၏နောက်ဆုံး အတိုင်းအတာကို ကျွန်ုပ်တို့အဓိကကြည့်ရှုပါမည်။

ကျွန်ုပ်တို့ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းနှင့် အနာဂတ်နေ့ရက်များမှ အစကျွန်ုပ်တို့၏အရာအားလုံးကိုဘုရားသခင်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များဖြင့်လွှမ်းမိုးရန် ရည်ရွယ်ထားသည်။ ဘဝနေဝင်ချိန်များနှင့် အပြစ်များကို ကျွန်ုပ်တို့၏ရှုမြင်ပုံသည် ဘုရားသခင်ကိုယ်တော်တိုင် ကျွန်ုပ်တို့အားထုတ်ဖော်ပြသသည့်နည်းလမ်းဖြင့်လွှမ်းမိုးရန် ရည်ရွယ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏စိတ်များ၊ နှလုံးသားများ၊ လုပ်ရပ်များအပေါ် သက်ရောက်မှုရှိရန်လိုသည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏အသက်တာများကို မြှင့်တင်ပေးပြီး နေ့စဉ်မိနစ်တိုင်း ဘုရားသခင်၏အကြံအစည်များကို တွေးတောရာ၌သမ္မာကျမ်းစာဆိုင်ရာ ပိုင်းခြားသိမြင်မှုမျိုးကို ကျွန်ုပ်တို့အား ပေးမည်ဖြစ်သည်။ ၎င်းသည် နောက်ဆုံးတွင် ပင်ကိုအရအလိုလိုသိမြင်လာရန် လိုအပ်သည်၊ သို့သော်သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏အသက်တာတွင် အလွန်အကျုံးဝင်သောနည်းလမ်းဖြင့် သက်ရောက်မှုရှိရန် ရည်ရွယ်ထားသည်။

ဒေါက်တာ K. Erik Thoennes

မျက်မှောက်ခေတ်ကျင့်သုံးမှုကိုချဉ်းကပ်ရန် လူတစ်ဦးချင်းအတွက် နည်းလမ်းများစွာရှိ သော်လည်း၊ ဤသင်ခန်းစာတွင် အဓိကပြဿနာနှစ်ခုကို ကျွန်ုပ်တို့လေ့လာပါမည်။ ဦးစွာ၊ ကျွန်ုပ်တို့ တစ်ဦးချင်း၏သမ္မာကျမ်းစာကျင့်သုံးခြင်းနှင့်ပတ်သက်၍ နည်းလမ်းများစွာ ဘုရားသခင်စီစဥ်ပေးထား ကြောင်း တွေ့မြင်ရမည်ဖြစ်သည်။ ဒုတိယအနေနှင့်၊ ကျွန်ုပ်တို့နှင့်အခြားသူများအတွက် သမ္မာကျမ်းစာကို ကျင့်သုံးရာတွင် ဉာဏ်ပညာရရှိရန်နည်းလမ်းများကို ဘုရားသခင်သည် မည်သို့ထောက်ပံ့ပေးထားသည် ကို လေ့လာပါမည်။ တစ်ဦးချင်း၏ကျင့်သုံးခြင်းတွင် အမျိုးစုံလင်ခြင်းနှင့်အစပြုကာ ဤအကြောင်းအရာ တစ်ခုစီကို ကြည့်ကြပါစို့။

တစ်ခါတစ်ရံတွင်၊ ကျွန်ုပ်တို့အများစုသည် စက် သို့မဟုတ် အီလက်ထရွန်နစ်ပစ္စည်းတစ်မျိုးမျိုး ကိုအသုံးပြုရန်အတွက် လမ်းညွှန်ချက်စာအုပ်ကို ဖတ်ကြမည်ဖြစ်သည်။ အသုံးပြုရန်လမ်းညွှန်ချက် စာအုပ်များသည် ရိုးရှင်းသောလုပ်ငန်းစဉ်များ၏အသေးစိတ်အချက်အလက်တိုင်းကို လူတိုင်းအတိအကျ တူညီစွာလုပ်ဆောင်နိုင်စေရန်အတွက် များသောအားဖြင့်ဖော်ပြပါသည်_ “ဤသို့လုပ်‌ဆောင်ပါ။ ဤသို့ လုပ်‌ဆောင်ပါ။ ဤသို့လုပ်‌ဆောင်ပါ” ဟုဆိုကာ လုပ်သင့်လုပ်ထိုက်သည့်အရာများကို လုပ်စေပါလိမ့် မည်။ သို့သော် တစ်ဦးတစ်ယောက်သည် လယ်ယာစိုက်ပျိုးခြင်း၊ မိသားစုကိုပြုစုပျိုးထောင်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုကို စီမံခန့်ခွဲခြင်းကဲ့သို့သော အကြောင်းအရာများနှင့်ပတ်သက်၍ အသေးစိတ်လမ်းညွှန်ချက်လက်စွဲစာအုပ်ရေးသားသည်ကို သင်မြင်ယောင်ကြည့်ပါ။ လုံးဝရေးသားမည် မဟုတ်ပါ။ ဤလုပ်ငန်းတာဝန်များသည် အဆင့်ဆင့်ဖော်ပြရန်အလွန်ရှုပ်ထွေးပါသည်။ ထို့ပြင် မတူညီသောလူများသည် အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်ရသောအခါ မတူညီသောနည်းလမ်းများနှင့် ဆောင်ရွက်ရမည်ဖြစ်သည်။

သမ္မာကျမ်းစာသည် လူတိုင်းလိုက်နာရန် တိကျသောအဆင့်များကို ဖော်ပြပေးသည့် လမ်းညွှန် လက်စွဲစာအုပ်နှင့်တူရန် တစ်ခါတစ်ရံကျွန်ုပ်တို့ဆန္ဒရှိပေမည်။ ၎င်းသည် သမ္မာကျမ်းစာကို တစ်ဦးချင်း ကျင့်သုံးရာတွင် ပိုမိုလွယ်ကူစေမည်မှာ သေချာပါသည်။ သို့သော် သမ္မာကျမ်းစာနှင့်အကျွမ်းတဝင် ရှိသူတိုင်း ထိုသို့မဟုတ်သည်ကိုသိထားကြသည်။ ၎င်းအစား၊ သမ္မာကျမ်းစာသည် အဆင့်ဆင့်လမ်းညွှန် ချက်များအတွက် စိတ်ကူး၍ရနိုင်သောအလွန်ရှုပ်ထွေးသည့်ပြဿနာအချို့ကို ကိုင်တွယ်ဖြေရှင်းထား သည်။ ထို့ထက်မက၊ များစွာသောအခြေအနေများတွင် မတူညီသောလူများစွာကျင့်သုံးရန် သမ္မာကျမ်းစာ ကိုပုံစံပြုထားသည်။ ဤအကြောင်းများကြောင့်၊ လူတစ်ဦးချင်းအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကျင့်သုံးရန် သမ္မာကျမ်းစာကိုရေးသားထားခြင်းဖြစ်သည်။

လူတစ်ဦးချင်း၏ကျင့်သုံးခြင်းအမျိုးမျိုးကိုနားလည်ရန်၊ သမ္မာကျမ်းစာလမ်းညွှန်ချက်များအတွင်း ၎င်းတို့ကိုယ်တိုင်၏ကွဲပြားမှုကို ဦးစွာမှတ်သားထားပါမည်။ ဒုတိယအနေနှင့်၊ ဤကွဲပြားခြားနားသော ညွှန်ကြားချက်များကို မတူညီသောလူများနှင့်အခြေအနေများတွင် နည်းလမ်းအမျိုးမျိုးဖြင့် အဘယ်ကြောင့် ကျင့်သုံးရမည်ကို ကျွန်ုပ်တို့မြင်ရပါမည်။ သမ္မာကျမ်းစာလမ်းညွှန်ချက်အမျိုးမျိုးကို ဦးစွာသုံးသပ်ကြည့်ပါမည်။

မကြာသေးမီက ကျွန်ုပ်တို့အကြံပြုထားသည့်အတိုင်း၊ လယ်ယာလုပ်ငန်း၊ မိသားစု၊ စီးပွားရေး ဆိုင်ရာအဆင့်ဆင့်လမ်းညွှန်စာအုပ်များနှင့် မတူဘဲ၊ ထိုကဲ့သို့သောအချက်များသည် များသောအားဖြင့် ၎င်းတို့၏စာဖတ်သူများအား ကျယ်ပြန့်မှုမှတိကျသည်အထိ လမ်းညွှန်ချက်များစွာကို ပေးလေ့ရှိသည်။ ပုံမှန်အားဖြင့်၊ ဤစာအုပ်အမျိုးအစားများသည် အခြေအနေအားလုံးတွင် လူတိုင်းလိုက်နာသင့်သည့် တစ်လောကလုံးဆိုင်ရာအခြေခံနိယာမအချို့ကို ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့သည် အခြေအနေ အများစုနှင့်သက်ဆိုင်သော ယေဘုယျလမ်းညွှန်ချက်များကိုလည်း ပေးပါသည်။ ၎င်းအပြင်၊ ၎င်းတို့သည် အခါအားလျော်စွာ ဖြစ်ပေါ်လာနိုင်သည့် တိကျသောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လမ်းညွှန်ချက်အမျိုးမျိုးကို မကြာခဏပေးလေ့ရှိသည်။ နောက်ဆုံးအနေဖြင့်၊ ဤစာအုပ်အမျိုးအစားများ သည် အောင်မြင်မှုနှင့် ကျရှုံးခြင်း၏နမူနာများကို သရုပ်ဖော်သည့် ဖြစ်ရပ်ဆိုင်ရာလေ့လာမှုများ ပါဝင်လေ့ရှိသည်။

သမ္မာကျမ်းစာသည် တူညီသောသွန်သင်ချက်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် ထင်ဟပ်စေသည်။ ၎င်းတို့သည် လူတိုင်းအတွက် အချိန်တိုင်းတွင်လိုက်နာရန် တစ်လောကလုံးဆိုင်ရာအခြေခံနိယာမအချို့၊ လူများစွာအတွက် အခြေအနေများစွာတွင်လိုက်နာရန် ယေဘူယျလမ်းညွှန်ချက်များ၊ သီးခြားလူများနှင့် သီးခြားအခြေအနေများအတွက် တိကျသောလမ်းညွှန်ချက်များနှင့် သမ္မာကျမ်းစာညွှန်ကြားချက်များကို လိုက်နာခြင်းတွင် အောင်မြင်သူ သို့မဟုတ် ကျရှုံးသူများ၏နမူနာများကို ပေးပါသည်။

၎င်းသည် သမ္မာကျမ်းစာလမ်းညွှန်ချက်များကို နည်းလမ်းနှစ်သွယ်ဖြင့် ကြည့်ရှုရန် ကူညီပေးပါ သည်။ ဦးစွာ၊ ဓမ္မဟောင်းကျမ်းတွင် ဤညွှန်ကြားချက်အမျိုးအစားများ မည်သို့ထွက်ပေါ်လာသည်ကို မြင်ရမည်ဖြစ်သည်၊ ထို့နောက် ဓမ္မသစ်ကျမ်းတွင် ဤညွှန်ကြားချက်များ မည်သို့ပေါ်လာသည်ကိုလည်း ကျွန်ုပ်တို့သုံးသပ်ပါမည်။ ဓမ္မဟောင်းကျမ်းမှ စကြပါစို့။

မျက်မှောက်ခေတ်စာဖတ်ပရိသတ်များသည် ကမ္ဘာဦးကျမ်းမှ မာလခိအထိ သမ္မာကျမ်းစာ၏ ပညတ်များနှင့် သွန်သင်ချက်အားလုံးကို အလွတ်ကျက်မှတ်ထားရန်၊ ယင်းညွှန်ကြားချက်များကို အချိန်တိုအတွင်း အကျိုးသက်ရောက်စေရန် အဆင်သင့်ဖြစ်နေစေရန် ဣသရေလတိုင်းကိုဘုရားသခင် မျှော်လင့်ထားသည်ဟု ထင်မြင်ယူဆခြင်းသည် လက်တွေ့မကျသကဲ့သို့ဖြစ်သည်။ သို့သော် ဓမ္မဟောင်း ကျမ်းပါ စည်းမျဥ်းများစာရင်းအားလုံးကို မှတ်မိရန်ရှည်လျားလွန်းပြီး၊ ၎င်းတို့အားလုံးကို နာခံမှုနည်းပါး သည်။ ဤစိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရန်၊ ဣသရေလရှိရဗ္ဗိများသည် ဓမ္မဟောင်းလမ်းညွှန်ချက်များ၏ ဦးစားပေးများကိုပိုင်းခြားရန် ကြိုးစားခဲ့သည်။ အခြေအနေတိုင်းအတွက် လူတိုင်းမှတ်သားထားရမည့် မည်သည့်အမိန့်တော်များ ရှိသနည်း။ ဘဝ၏နယ်ပယ်အားလုံးတွင်မဟုတ်ဘဲ မည်သည့်ညွှန်ကြားချက် များကို အကောင်အထည်ဖော်ရန်လိုအပ်သနည်း။ မည်သည့်အမိန့်တော်များသည် အလွန်တိကျသော ကြောင့် ၎င်းတို့အားရံဖန်ရံခါ၌သာဖော်ပြရန် လိုအပ်သနည်း။ အချို့သော ရဗ္ဗိများသည် ဤနည်းဖြင့် ငြင်းခုံကြ၏။ သို့သော် ဦးစားပေးများ ချမှတ်ရန်လိုအပ်ကြောင်းကို သူတို့အားလုံးသိကြသည်။ မဿဲ ၂၂:၃၆ တွင် ဓမ္မဟောင်း သွန်သင်ချက်များကို ဦးစားပေးရန်ကြိုးစားသည့်ပညတ်တရားဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးသည် အောက်ပါမေးခွန်းကို ယေရှုအားမေးခဲ့သည်_

အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သောပညတ်သည်သာ၍ ကြီးသနည်းဟု မေးလျှောက်သော်၊ (မဿဲ ၂၂:၃၆)။

သခင်ယေရှုက အခန်းငယ် ၃၇-၄၀ တွင် ပြန်လည်ဖြေကြားခဲ့သည်_

ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏ (မဿဲ ၂၂:၃၇-၄၀)။

ဤထင်ရှားသောဖြစ်ရပ်တွင် ယေရှုသည် သူ၏နောက်လိုက်များအား သမ္မာကျမ်းစာပါ ပညတ်တော်များအားလုံးနှင့်ပတ်သက်၍ သူ၏တရားဝင်အမြင်ကို ပေးခဲ့သည်။ တရားဟောရာ ၆:၅ မှ “သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်လော့” ဟူသော အမိန့်ကို အမြင့်ဆုံးအမိန့်တော်အဖြစ် သတ်မှတ်ခဲ့သည်။ မည်သူမှမမေးသော်လည်း၊ ဒုတိယအကြီးမြတ်ဆုံးသော ပညတ်ကို ချက်ခြင်းထပ်မံ မိန့်ကြားခဲ့သည်။ “ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်လော့” ဝတ်ပြုရာ ၁၉:၁၈။ သူ၏အမြင်အရ၊ ဤပညတ်တော်နှစ်ပါးသည် အခြားကျမ်းဆိုင်ရာသွန်သင်ချက်တိုင်းထက် သာလွန်သည်။

သမ္မာကျမ်းစာတွင် ဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘုရားသခင်ပုံသဏ္ဍာန်ဖြစ်သော လူသား မျိုးနွယ်သည် အလွန်အရေးကြီးပါသည်။ သို့သော် ဤပညတ်နှစ်ခုသည် တူညီသောအာရုံစိုက်မှုကို မျှဝေထားသောကြောင့်၊ ယေရှုသည်၎င်းကို ပေါင်းစည်းထားကြောင်း သတိရရန်ကူညီပေးသည်။ နှစ်ခုစလုံးသည် မေတ္တာအကြောင်းပြောကြသည်။ အထူးသဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ရန်နှင့် ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ရန်ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် အခြားပညတ်များအားလုံး ထက် ဤပညတ်တော်များကို ဦးစားပေးခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ။ ၎င်းတို့သည် နှလုံးသား၏ အနက်ရှိုင်းဆုံးပြဿနာများဖြစ်သည့်—စိတ်သဘောထားများ၊ ကတိကဝတ်များ၊ လှုံ့ဆော်မှုများနှင့် ဘုရားသခင်သည် မိမိလူတို့အပေါ်မျှော်လင့်ထားသည့်ပန်းတိုင်များကို ကိုင်တွယ်ဖြေရှင်းသည်။ အမှန်တကယ်တွင်၊ ယေရှု၏အမြင်အရ၊ ဘုရားသခင်ကိုချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းသည် ဓမ္မဟောင်းကျမ်းရှိ တစ်လောကလုံးဆိုင်ရာအခြေခံနိယာမများဖြစ်ပြီး၊ လူတိုင်းမည်သို့ပင်ဖြစ်နေပါစေ လိုက်နာရမည့်ပညတ်များဖြစ်သည်။

ကျမ်းတတ်တစ်ဦးမှ“ပညတ္တိကျမ်း၌ အဘယ်မည်သောပညတ်သည် သာ၍ကြီးသနည်း”ဟုမေးရာ ယေရှုမိန့်တော်မူသည်မှာ—၎င်းသည် အလွန်အရေးကြီးသော အဖြေဖြစ်သည်—“ပထမနှင့် အကြီးမြတ်ဆုံးသော ပညတ်မှာ—သင်၏ဘုရားသခင်ထာဝရဘုရားကိုစိတ်၊ နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့။” ထို့ပြင်ကိုယ်တော်က “ဒုတိယပညတ်သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့။ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိသမျှတို့၏အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။” ထို့ကြောင့် ဤအရာများသည် အရေးကြီးသော အမိန့်နှစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ကိုယ်တော်သည် ၎င်းတို့ကို တန်းတူမပြုခဲ့ပါ။ ပထမဦးစွာ၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချစ်ရမည်။ ကျွန်ုပ်တို့၏ ပထမဆုံးသစ္စာစောင့်သိမှုသည် ဘုရားသခင်ထံဖြစ်ရမည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ ကျွန်ုပ်တို့၏ရွေးနှုတ်ရှင်ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အကာအကွယ်နှင့် ကျွန်ုပ်တို့၏အလွန်ကြီးစွာသော ဆုလာဒ်ဖြစ်သည်။ အရာအားလုံးသည် ဘုရားသခင်ကို အာရုံပြုသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ရမည်၊ ၎င်းသည် နေ့စဉ်အသက်တာ၏ထိပ်တန်းဦးစားပေးဖြစ်သည်။ သို့သော် ယေရှုသည် ထိုနေရာ၌ရပ်တန့်မထားပါ။ “အမြင့်မြတ်ဆုံးသော ပညတ်နှစ်ပါးကားအဘယ်နည်း” ဟုမေးတော်မမူပါ။ ကျမ်းတတ်သည် “ပညတ္တိကျမ်း၌ အဘယ်မည်သောပညတ်သည် သာ၍ကြီးသနည်း”ဟု မေးခဲ့သည်။ သို့သော် သခင်ယေရှုက ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရန်ဟူသော ဒုတိယပညတ်ကို သေချာပေါက်ပေးခဲ့သည်။ ထို့ကြောင့် ဤနှစ်ခုသည် ဆက်စပ်နေပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဍာန်နှင့်ဖန်ဆင်းထားသောလူများ၊ အထူးသဖြင့် ရွေးနှုတ်ခံရပြီး၊ ဘုရားသခင်၏မိသားစုထဲ၌ရှိသောသူများကို မချစ်ဘဲနှင့် ဘုရားသခင်ကိုမချစ်နိုင်ပါ။

ဒေါက်တာ Andrew Davis

ဤပညတ်နှစ်ပါး“ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိသမျှ”သည် သခင်ယေရှုအတွက် အလွန် အရေးကြီးသောကြောင့်—ဓမ္မဟောင်းကျမ်းတစ်ခုလုံးကို ရည်ညွှန်းသည့်နည်းလမ်းဖြစ်ခြင်း—“ဤပညတ်နှစ်ပါးကို စွဲကိုင်ထားရန်”ထပ်လောင်းပြောကြားခဲ့သည်။ ယခုတွင်၊ ယေရှု၏နောက်လိုက်များ သည် ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းဆိုင်ရာပညတ်မှလွဲ၍ ဓမ္မဟောင်းကျမ်း၏ ညွှန်ကြားချက်အားလုံးကို လျစ်လျူရှုသည်ကို အနက်ပြန်သူများစွာက သတိပြုမိသောကြောင့် ဤနေရာတွင်ကျွန်ုပ်တို့ သတိထားရမည်ဖြစ်သည်။ သို့သော်၎င်းသည် အမှန်ပင်ဖြစ်သည်။

အကြီးမြတ်ဆုံးသောပညတ်နှစ်ခုကို မဿဲ ၂၂ တွင်ယေရှု ဖော်ထုတ်ခဲ့ရုံသာမက၊ မဿဲ ၅:၁၉ တွင်လည်း “အငယ်ဆုံးသော” ပညတ်တော်များကို လိုက်နာရန် သူ၏နောက်လိုက်များအား သွန်သင် ပေးခဲ့သည်။ သူပြောသည်ကို နားထောင်ကြည့်ပါ_

ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အားလည်း ထို့အတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတပါးတို့အားလည်းသွန်သင်၏ (မဿဲ ၅:၁၉)။

ဤအခန်းငယ်နှင့် အခြားကျမ်းပိုဒ်များအရ ယေရှု၏နောက်လိုက်များသည် အငယ်ဆုံးမှ အကြီးမြတ်ဆုံးအထိ ပညတ်တော်အားလုံးကို လိုက်နာရမည်ဟု ရှင်းလင်းစွာဖော်ပြသည်။

ထို့အပြင်၊ မဿဲ ၂၃:၂၃ တွင် ဖာရိရှဲများကိုဆုံးမသောအခါ အကြီးမြတ်ဆုံးနှင့် အငယ်ဆုံး အကြားရှိ ညွှန်ကြားချက်များကို ယေရှုအသိအမှတ်ပြုခဲ့သည်_

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင်...တရားသဖြင့်စီရင်ခြင်း၊ သူတပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည် (မဿဲ ၂၃:၂၃)။

ယေရှုသည် “တရားသဖြင့်စီရင်ခြင်း၊ သူတပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်း”တို့ကို “ပညတ် တရား၏သာ၍အရေးကြီးသောကိစ္စများ” အဖြစ် ရည်ညွှန်းခဲ့ပြီး၊ ၎င်းတို့ကို “အသီးအရွက်တို့ကို ဆယ်ဘို့တဘို့” ပေးကမ်းခြင်းဆိုင်ရာ အသေးအမွှားကိစ္စများနှင့် နှိုင်းယှဉ်ခဲ့သည်ကိုသတိပြုမိပါသည်။ တစ်ဖန်၊ ကိုယ်တော်သည် သူ၏နောက်လိုက်များအား ဓမ္မဟောင်းအမိန့်တော်အားလုံးကို လိုက်နာရမည် ဖြစ်သော်လည်း မှန်ကန်သောဦးစားပေးမှုများကို စိတ်ထဲတွင်ထားရှိရမည်ဟု ညွှန်ပြခဲ့သည်။

၎င်းသည် ဓမ္မဟောင်းကျမ်းရှိ ဘုရားသခင်၏ညွှန်ကြားချက်များနှင့်ပတ်သက်၍ ယေရှု၏ရှုမြင်ပုံ ကို ရွှေ့ပြောင်းနိုင်သောပုံစံဖြင့်မြင်နိုင်ရန် ကူညီပေးသည်။ ရွှေ့ပြောင်းမှု၏ထိပ်ဆုံးတွင် တစ်လောကလုံး ဆိုင်ရာအခြေခံနိယာမများရှိပြီး၊ အကြီးမြတ်ဆုံးသော ပညတ်နှစ်ခုမှာ_ “သင်၏ဘုရားသခင် ထာဝရ ဘုရားကိုချစ်လော့” နှင့် “ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်အမျှ ချစ်လော့”တို့ဖြစ်သည်။ “ပညတ္တိ ကျမ်းနှင့် အနာဂတ္တိကျမ်းအားလုံးသည် ဤနှစ်ချက်အပေါ်တွင် အခြေခံထားသည်” ဟူ၍ကျွန်ုပ်တို့အား မိန့်တော်မူပါသည်။

အကြီးမြတ်ဆုံးသောပညတ်တော်များကို မည်ကဲ့သို့ လိုက်နာရမည်ကို ညွှန်ပြသည့် နောက်ဆက် တွဲနိယာမများကို အောက်တွင်ဆက်လက်ဖော်ပြထားသည်။ ၎င်းတို့တွင် တရားမျှတခြင်း၊ ကရုဏာနှင့် သစ္စာရှိခြင်းကဲ့သို့သောအခြေခံနိယာမများနှင့် ဓမ္မဟောင်းကျမ်းတွင် တွေ့ရှိရသည့်ပညတ်တော်ဆယ်ပါး ကဲ့သို့သော ယေဘုယျလမ်းညွှန်ချက်များပါဝင်သည်။

ဤကျယ်ပြန့်သောအခြေခံနိယာမများအောက်တွင် “ဤပညတ်တော်များ” ကိုဖော်ပြထားသည်။ ဤသည်မှာ ဓမ္မဟောင်းတွင်ရှိသော မတူညီသောလူများသည် အချို့သောအခြေအနေများတွင် မြင့်မား သောအမိန့်တော်များကို လိုက်နာရမည်ကို ညွှန်ပြသော တိကျသောညွှန်ကြားချက်များဖြစ်သည်။ ဥပမာ၊ ဝတ်ပြုရာကျမ်းတွင် ဝတ်ပြုကိုးကွယ်ရန်လမ်းညွှန်ချက်များ၊ ဆာလံကျမ်း၏လမ်းညွှန်ချက်များနှင့် ယောဘ၊ သုတ္တံကျမ်းကဲ့သို့သော ဉာဏ်ပညာဆိုင်ရာကျမ်းများနှင့် ဟေရှာယ၊ ယေဇကျေလကဲ့သို့သော ပရောဖက်ကျမ်းများတွင် တွေ့ရှိရသည့် ညွှန်ကြားချက်များဖြစ်သည်။

ရွှေ့ပြောင်းမှု၏အောက်ခြေတွင်၊ ဓမ္မဟောင်းဇာတ်ကြောင်းများတွင်လည်းကောင်း၊ ဆာလံကျမ်း များနှင့် ဉာဏ်ပညာဆိုင်ရာကျမ်းတွင်လည်းကောင်း မကြာခဏတွေ့ရလေ့ရှိသော သမိုင်းဝင်ဥပမာများစွာ ရှိသည်။ ဤကျမ်းပိုဒ်များသည် ယောက်ျားနှင့်မိန်းမတို့သည် ၎င်းတို့၏သီးခြားအခြေအနေများတွင် ဘုရားသခင်၏အမိန့်တော်များကို နာခံမှုရှိခြင်း သို့မဟုတ် မနာခံခြင်းနည်းလမ်းများကို အာရုံစိုက်သည်။

ဤအထက်အောက်အစီအစဥ်သည် ဓမ္မဟောင်းကျမ်းတွင်ပါရှိသော ညွှန်ကြားချက်အပြည့်အစုံ ကို ယေရှုသည်တပည့်တော်များအား မည်သို့ကိုင်တွယ်ဖြေရှင်းစေလိုကြောင်းစသည့် ကဏ္ဍများစွာကို နားလည်စေပါသည်။

ဤဓမ္မဟောင်းနောက်ခံကို စိတ်ထဲတွင်မှတ်သားထားခြင်းဖြင့်၊ ဓမ္မသစ်ကျမ်းရှိလမ်းညွှန်ချက် အမျိုးမျိုးကို သုံးသပ်ကြည့်ကြပါစို့။

ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းထက် များစွာတိုတောင်းသည်ကို လူတိုင်းသိမြင်ပါသည်၊ သို့သော်လည်း ၎င်းသည်ဓမ္မသစ်ကျမ်းရေးသူများအနေဖြင့် ဘုရားသခင်၏လူမျိုးအတွက် ညွှန်ကြားချက် အရေအတွက်ကို လျှော့ချ၍ရေးခဲ့သည်ဟု မဆိုလိုပါ။ အမှန်တကယ်တွင်၊ ကနဦးအသင်းတော်အတွက် သွန်သင်ချက်စာရင်းသည် ရှေးဣသရေလအား ပေးသောစာရင်းထက် ရှည်လျားသည်။ ဓမ္မသစ်ကျမ်း ရေးသူများသည် ဓမ္မဟောင်းကျမ်းကို အစားထိုးခြင်းမရှိပါ။ ၎င်းအစား၊ သူတို့သည် ဓမ္မဟောင်းကျမ်း အထဲတွင် ထည့်သွင်းခဲ့သည်။ ယခု၊ ဓမ္မသစ်ကျမ်းတွင် နောက်ထပ်ညွှန်ကြားချက်များ ထပ်မံ၍ဖြည့်ခြင်း သည် အရေးကြီးသောမေးခွန်းတစ်ခု ဖြစ်ပေါ်လာစေသည်။ ဓမ္မသစ်ကျမ်းရေးသူများသည် ဓမ္မဟောင်း ကျမ်း၏သွန်သင်ချက်များတွင် ၎င်းတို့၏ကိုယ်ပိုင်ညွှန်ကြားချက်များကို အဘယ်ကြောင့်ထည့်သွင်း ခဲ့ကြသနည်း။

အစောပိုင်းသင်ခန်းစာတစ်ခုတွင် ကျွန်ုပ်တို့တွေ့ခဲ့ရသည့်အတိုင်း၊ ဓမ္မသစ်ကျမ်းရေးသူများသည် ခရစ်တော်၏နောက်လိုက်များအနေဖြင့် ဓမ္မဟောင်းညွှန်ကြားချက်များအား မေ့ပစ်မည်ကိုမလိုလားပါ၊ သို့သော်လည်း ဓမ္မဟောင်းကာလကဲ့သို့ ၎င်းတို့အသက်ရှင်မည်ကိုလည်း မလိုလားကြပေ။ ထို့ကြောင့်၊ သူတို့၏ပရိသတ်များအား အတိတ်၏လမ်းစဉ်များထဲသို့ ၀င်ရောက်ခြင်းမှတားဆီးရန်၊ ဓမ္မဟောင်း လမ်းညွှန်ချက်များကိုပဋိညာဉ်သစ်ခေတ်တွင် မည်ကဲ့သို့ကျင့်သုံးရမည်ကို ကနဦးအသင်းတော်အား သူတို့သင်ကြားပေးခဲ့သည်။

ဓမ္မသစ်ကျမ်းရေးသူများသည် သခင်ယေရှုပထမဆုံးကြွလာသောအခါတွင်၊ ဘုရားသခင်၏ မေရှိယနိုင်ငံတော်တည်ထောင်ခြင်းကို ကိုယ်တော်သည်ယူဆောင်လာကြောင်း နားလည်သဘောပေါက် ခြင်းနှင့်အတူ ဓမ္မဟောင်းလမ်းညွှန်ချက်များကို အသိအမှတ်ပြုခဲ့ကြသည်။ ဓမ္မဟောင်းလမ်းညွှန်ချက်များ ကို ပဋိညာဉ်သစ်ခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ဘုရားသခင်၏နိုင်ငံတော်ကို ဖြန့်ကျက်ခြင်း လုပ်ငန်းအားဖြင့်တွေ့မြင်ရမည်ဟု သူတို့သဘောပေါက်ခဲ့ကြသည်။ ထို့ပြင် ခရစ်တော်သည် မေရှိယ နိုင်ငံတော်၏နောက်ဆုံးအဆုံးသတ်တွင် ဘုန်းအ‌သရေဖြင့်ပြန်လာသောအခါ ဓမ္မဟောင်းကျမ်းအား ပြည့်စုံစေတော်မူမည်ဟု သူတို့ရှုမြင်ကြသည်။

ဤအရာအားလုံးတွင်၊ ဓမ္မသစ်ကျမ်းရေးသူများသည် ခရစ်တော်၏နောက်လိုက်များအနေဖြင့် သခင်ယေရှုချမှတ်ခဲ့သည့်အရာများကို ဦးစားပေးဆက်လက်ထိန်းသိမ်းထားရမည်ဟု အလေးပေး ဖော်ပြခဲ့သည်။

ပထမတွင်၊ လုကာ ၁၀:၂၇၊ ၁ ကောရိန္သု ၁၃:၁၃ နှင့် ၁ ယောဟန် ၄:၂၁ ကျမ်းပိုဒ်များတွင် တွေ့ရသည့်အတိုင်း၊ ဘုရားသခင်ကိုချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်း၏ တစ်လောကလုံး ဆိုင်ရာအခြေခံနိယာမများသည် အကြီးမြတ်ဆုံးသောပညတ်များအဖြစ် ဆက်လက်တည်ရှိနေပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဓမ္မသစ်ယုံကြည်သူများသည် ဘုရားသခင်ကို ချစ်မြတ်နိုးပြီး၊ ကိုယ်နှင့်စပ်ဆိုင် သောသူကိုလည်း ချစ်ကြရမည်ဖြစ်သည်။

ဒုတိယနေရာတွင်၊ ဓမ္မသစ်ကျမ်းစာရေးသူများသည် ဓမ္မဟောင်းကျမ်းရှိပညတ်တော်ဆယ်ပါးနှင့် အခြားသော ယေဘူယျလမ်းညွှန်ချက်များကိုလည်း မဿဲ ၁၉:၁၈ နှင့် ရောမ ၁၃:၈-၁၀ ကျမ်းပိုဒ်များတွင် အာရုံစိုက်ခဲ့သည်။

တတိယနေရာတွင်၊ ဓမ္မသစ်ကျမ်းရေးသူများသည် ၁ ကောရိန္သု ၁၄ နှင့် ၂ တိမောသေ ၄:၁-၅ တွင် ကျွန်ုပ်တို့ဖတ်ရှုရသည့်အတိုင်း၊ သီးခြားလူများနှင့် သီးခြားအခြေအနေများအတွက် တိကျသော ညွှန်ကြားချက်များကို ပေးခဲ့သည်။

စတုတ္ထနေရာတွင်၊ ခရစ်ဝင်ကျမ်းများ တမန်တော်ဝတ္ထုနှင့် အခြားကျမ်းပိုဒ်များတွင် ဘုရားသခင် ၏အမိန့်တော်များကို နာခံခြင်းနှင့် မနာခံသူများ၏ထင်ရှားသောသမိုင်းဝင်ဥပမာများစွာကို ကျွန်ုပ်တို့ တွေ့မြင်ရသည်။

ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်း၊ သမ္မာကျမ်းစာ၏အကြောင်းအရာသည် အလွန်ရှုပ်ထွေးပြီး၊ ကျွန်ုပ်တို့၏စိတ်တွင် ထိပ်ဆုံးရှေ့တန်းမတင်နိုင်သော ဘုရားသခင်၏လူများအတွက် ကွဲပြားသည့် ညွှန်ကြားချက်များစွာ သမ္မာကျမ်းစာတွင်ရှိသည်။ သို့သော်ကျွန်ုပ်တို့သည် ဤအမျိုးမျိုးသောအမိန့်တော် များကို မည်သို့စီမံသင့်သည်ကို ဓမ္မသစ်ကျမ်းသည်သိမြင်စေပါသည်။

တစ်ဖက်တွင်၊ ကျွန်ုပ်တို့အနေဖြင့်ယေရှုက သူ၏တပည့်တော်များအား ဦးစားပေးလိုက်နာ စောင့်ထိန်းရန် မိန့်တော်မူသည့်အရာများကို ဆက်လက်ထိန်းသိမ်းထားရန်လိုအပ်သည်။ ဤသို့မဟုတ်လျင်၊ ယေရှုခေတ်၌ဖာရိရှဲများပြုသကဲ့သို့ ကျမ်းစာ၏အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ဆုံးရှုံးသွားနိုင်သည်။ အချို့သောပြဿနာများကို ကျွန်ုပ်တို့ကိုင်တွယ်ဖြေရှင်းရာတွင် တိကျသော လမ်းညွှန်ချက်များသည် အရေးကြီးသော်လည်း၊ ပို၍လေးနက်သောကိစ္စများဖြစ်သည့် ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းကို အားလုံးထက် ပို၍အာရုံစိုက်သင့်သည်။ နေ့ရက်တိုင်း၏ အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့သည် ဤအကြီးမြတ်ဆုံးပညတ်တော်နှစ်ပါး၏လှုံ့ဆော်မှုနှင့် ညွှန်ကြားခြင်းကို ခံရမည်ဖြစ်သည်။

ဒုတိယ၊ ဤဦးစားပေးမှုများရှိနေစေကာမူ၊ သမ္မာကျမ်းစာသွန်သင်ချက်တိုင်းသည် ခရစ်တော်၏ နောက်လိုက်တိုင်းအတွက် တစ်နည်းမဟုတ်တစ်နည်းသက်ဆိုင်ကြောင်း သတိရရန်လိုသည်။ ကျွန်ုပ်တို့သည် မတူညီသောရွေးချယ်မှုများနှင့်ကြုံတွေ့ရသောအခါ၊ ဘုရားသခင်အား သစ္စာရှိစွာ အစေခံရန်သမ္မာကျမ်းစာတွင်တွေ့ရှိရသော အသေးစိတ်အချက်အလက်များနှင့် ထင်ရှားသော ဥပမာများစွာတို့မှလည်းကောင်း၊ သမ္မာကျမ်းစာ၏တစ်လောကလုံးဆိုင်ရာအခြေခံနိယာမများမှသာမက ယေဘူယျလမ်းညွှန်ချက်များမှလည်းကောင်း ထုတ်ယူသင့်ပါသည်။

ပဋိညာဉ်တွင်၊ ဘုရားသခင်သည်မိမိလူတို့အား သူ၏သဘောသဘာဝနှင့် စရိုက်လက္ခဏာကို သွန်သင်သောအခါ၊ ပညတ်သုံးမျိုးကိုပေးသည်။ အလုံးစုံဟု ရိုးရှင်းစွာဖော်ပြထားသည့် အချိန်တိုင်းအတွက် ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်များရှိသည်။ ထာ၀ရဆိုင်ရာအခြေခံနိယာမများ ပါဝင်သည့် အချိန်သတ်မှတ်ချက်များတွင် အရပ်ဘက်ဆိုင်ရာပညတ်များရှိသည်။ ကျွန်ုပ်တွင် နွားမရှိသောကြောင့် လူကိုတိုက်ခိုက်သောနွားနှင့်ပတ်သက်သည့် ပညတ်ကို တိကျစွာသုံးခြင်းကို နှစ်သက်သည်။ ကျွန်ုပ်နှင့်မသက်ဆိုင်သော ပညတ်များကို ကျွန်ုပ်နှစ်သက်ပါသည်။ ဤနိယာမမှာ၊ နွားသည်ဆိုးသွမ်းသည်ကိုသိသော်လည်း ခြံခတ်မထားသဖြင့် အိမ်နီးချင်းကိုသတ်မိပါက၊ သင်သည်လူသတ်သောသူ ဖြစ်သည်။ တစ်ဖက်တွင်၊ ထိုနွား၏သိမ်မွေ့သောစိတ်အခြေအနေကို မေးခွန်းထုတ်ရန် အကြောင်းပြချက် တစ်စုံတစ်ခုမရှိခဲ့ဘဲ၊ သင်သည်သူ့ကို ခြံခတ်ထားခြင်းမပြုဘဲ တစ်နေ့တွင် သူရူးသွပ်သွားကာ အိမ်နီးချင်းကို သတ်မိမည်ဆိုပါက သင်၌တာဝန်မရှိပါ။ ကျွန်ုပ်၌နွားမရှိ၊ ကားတစ်စီးရှိပါသည်။ ဘရိတ်မကောင်းမှန်းသိသော်လည်း တစ်စုံတစ်ရာပြုပြင်ခြင်းမပြုလုပ်ဘဲ သင့်ကိုသတ်မိပါက၊ ကျွန်ုပ်သည်ကျမ်းစာအရ လူသတ်သမားဖြစ်သည်။ သို့ဖြစ်လျင် နိယာမသည်အဘယ်နည်း။ နိယာမမှာ အသိပညာသည် တာဝန်ဖြစ်သည်။ ထို့ကြောင့် အရပ်ဘက်ဆိုင်ရာပညတ်များ၌၊ ဤနိယာမကို ထုတ်ယူပြီး ကျွန်ုပ်၏ဘဝအသက်တာအတွက် ကျင့်သုံးရမည်ဖြစ်သည်။ တတိယပညတ်သည် အခမ်းအနားဆိုင်ရာဖြစ်ပြီး၊ အခြေခံအားဖြင့် ၎င်းသည် ဝတ်ပြုကိုးကွယ်မှုပုံစံများနှင့်သက်ဆိုင်ကာ၊ ဘုရားသခင်သည် ဤအရာများကို ထာဝရအမှန်တရားကိုသွန်သင်ရန် အရာဝတ္ထုသင်ခန်းစာများအဖြစ် အသုံးပြုနေသည်။ ဥပမာ၊ ကိုယ်တော်မိန့်တော်မူသည်မှာ၊ သင့်ကို ညစ်ညူးစေသောကြောင့် ဝက်သားကိုမစားနှင့်။ အင်း၊ ဝက်သည်ကျွန်ုပ်တို့ကို မသန့်ရှင်းမှုဖြစ်စေသည်မဟုတ်။ ယေရှုသည် ၎င်းနှင့်ပတ်သက်၍ ရှင်လင်းစွာမိန့်တော်မူသည်။ ခံတွင်းသို့ဝင်သောအရာသည် လူကို ညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသောအရာဖြစ်သည်ဟု မိန့်တော်မူ၏။ ဤသို့ဆိုလျင် "သင်သည်ဝက်သားစားသလော မစားသလော"ဟုမေးရမည်မဟုတ်။ မေးခွန်းမှာ၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခရစ်တော်ကို သင်၏ညစ်ညူးသော စိတ်နှလုံးတွင် လုပ်ဆောင်ရန် သင်ခွင့်ပြုခဲ့သလော ဟူ၍မေးရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည်အခမ်းအနားဆိုင်ရာပညတ်များကို မလိုက်နာပါ။ ၎င်းတို့သည်သင်ခန်းစာဆိုင်ရာ အရာဝတ္ထုများဖြစ်သည်။ သင်ခန်းစာကို သင်လေ့လာပြီးသည်နှင့် သင်သည်အရာဝတ္ထုများကို မလိုအပ်တော့ပါ။

ဒေါက်တာ John Oswalt

သမ္မာကျမ်းစာတွင်ပါရှိသောပညတ်တော်များကို လေ့လာကြည့်သောအခါ အကြောင်းပြချက်အမျိုးမျိုးအတွက် ပေးထားသောပညတ်တော်များ များစွာရှိသည်ကို သိလာရသည်။တမန်တော် ၁၅ တွင်တွေ့ရသော ယေရုရှလင်ကောင်စီကို ကြည့်ပါက “မောရှေပဋိညာဉ်၏ ပညတ်တော်များနှင့် စပ်လျဉ်း၍ တစ်ပါးအမျိုးသားများ မည်သို့လုပ်ဆောင်သင့်သနည်း” ဟူသောမေးခွန်းထွက်ပေါ်လာသောအခါ၊ ဣသရေလအသင်းတော်၏ ခေါင်းဆောင်များသည် ရှင်းလင်းကြပါသည်။ “ကျွန်ုပ်တို့ကိုယ်တိုင်ပင် မစောင့်ထိန်းနိုင်သောဤဝန်ကို သူတို့အပေါ်၌ ကျွန်ုပ်တို့မချထားဘဲ၊ ဝေးဝေးနေလော့” ဟု ဆိုကာ... ၎င်းတို့အား ရုပ်တုကိုးကွယ်ခြင်း၊ ကာမဂုဏ်ယိုယွင်းခြင်း သို့မဟုတ် ရုပ်တုရှေ့တွင် ပူဇော်ထားသော အသားစားခြင်း၊ အသွေးသောက်ခြင်းတို့ကို စာရင်းပေးကြသည်။ ၎င်းတို့အားလုံးသည် ကျွန်ုပ်တို့၏ကိုယ်ကျင့်တရားအရ ဘုရားသခင် အဓိကတောင်းဆိုသောအရာသို့ ရောက်စေသည့် ခိုင်မာသောယုံကြည်ချက်မျိုးနှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့်၊ သမ္မာကျမ်းစာ၌ပင် ဘုရားသခင်၏ ပညတ်တော်များကို ကွဲပြားစွာကျင့်သုံးပုံတို့ကို ကျွန်ုပ်တို့တွေ့မြင်ရသည်၊ အကြောင်းမှာ ဣသရေလလူမျိုး၏ပဋိညာဉ်တရားအရ သင့်ထံ၌ ပဋိညာဉ်တစ်မျိုးရှိသော်လည်း ထိုပဋိညာဉ်ပါ ပညတ်တော်များအားလုံးသည် ကျွန်ုပ်တို့၏အသက်တာအတွက် ဘုရားသခင်အမှန်တကယ်အလိုရှိတော်မူသော အဓိကကျသောကိုယ်ကျင့်တရားဆိုင်ရာ အလေးထားမှုသို့ မသက်ရောက်ပါ။ နောက်ဆုံးအနေနှင့်၊ ယေရှုကိုယ်တိုင်က၊ အကြီးမြတ်ဆုံးပညတ်နှစ်ခုသည် မည်သည့်အရာဖြစ်သနည်းဟူသောမေးခွန်းအားဖြေဆိုရာ၌ အရာအားလုံးကို ခြုံငုံကာကြည့်မည်ဆိုပါက၊ “သင်၏ဘုရားသခင်ထာဝရဘုရားကိုစိတ်၊ နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့်ချစ်လော့ နှင့် ဒုတိယအချက်မှာကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်အမျှ ချစ်လော့”တို့ဖြစ်သည်ဟူ၍ ဖြေဆိုခဲ့သည်။

ဒေါက်တာ Steve Blakemore

သမ္မာကျမ်းစာကျင့်သုံးမှုတစ်ခုချင်း၏ကွဲပြားမှုများသည် သမ္မာကျမ်းစာပါညွှန်ကြားချက်များ၏ ကွဲပြားမှုနှင့် ဆက်နွှယ်နေပုံကို တွေ့မြင်ရပြီးနောက်၊ ကျွန်ုပ်တို့သည် ကျင့်သုံးခြင်းအမျိုးမျိုးဖြစ်စေသော မတူညီသောလူများနှင့် အခြေအနေများနှင့်သက်ဆိုင်သည့် ဒုတိယအချက်ကို ကြည့်ကြပါစို့။ ပြီးခဲ့သောသင်ခန်းစာတွင် ကျွန်ုပ်တို့တွေ့ခဲ့သည့်အရာများကို ပြန်လည်သုံးသပ်ခြင်းဖြင့် စတင်ပါမည်။

သင်မှတ်မိသည့်အတိုင်း၊ ဘုရားသခင်သည် သမ္မာကျမ်းစာနှင့် ယေဘူယျဖွင့်လှစ်ဖော်ပြခြင်း များမှတစ်ဆင့် သူ၏အလိုတော်ကို ထုတ်ဖော်ခြင်းဖြင့် သူ၏လူများကိုယဉ်ကျေးမှုအမျိုးမျိုးဆီသို့ အမြဲ ပို့ဆောင်ပေးခဲ့သည်—မိမိကိုယ်တိုင်နှင့် ကိုယ်တော်၏အလိုတော်ကို လူများနှင့် အခြေအနေများတွင် ဖော်ပြခြင်းဖြစ်သည်။ ဤနည်းအားဖြင့်၊ ဘုရားသခင်သည် သူ၏လူများ၌ ယဉ်ကျေးမှုကွဲပြားမှု အတိုင်းအတာအချို့ကို ပေးအပ်ခဲ့သည်။

များသောအားဖြင့်၊ ကျွန်ုပ်တို့တစ်ဦးချင်း၏ဘဝအသက်တာအတွက် တူညီမှန်ကန်ပါသည်။ သမ္မာကျမ်းစာတွင်ပါရှိသော ကွဲပြားသောညွှန်ကြားချက်များစွာဖြင့် ဘုရားသခင်သည်သူ၏အလိုတော်ကို ထုတ်ဖော်ပြသသော်လည်း၊ ဤညွှန်ကြားချက်များကို အခြားသူများနှင့် ကျွန်ုပ်တို့ကိုယ်တိုင်အတွက် ကျင့်သုံးရန်၊ လူအမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးတွင် ဘုရားသခင်၏ ယေဘူယျဖွင့်လှစ်ဖော်ပြခြင်းကို ထည့်သွင်းစဉ်းစားရပါမည်။

ယေရှု၏အဆင့်ဆင့်ညွှန်ကြားချက်များအား ပြန်ကြည့်ခြင်းဖြင့် လူများနှင့် အခြေအနေများကြား ကွဲပြားမှုများသည် တစ်ဦးချင်း၏ကျင့်သုံးခြင်းအပေါ် မည်သို့အကျိုးသက်ရောက်သည်ကို ကျွန်ုပ်တို့ မြင်တွေ့နိုင်သည်။ ပိုမိုရှင်းလင်းစေရန်အတွက်၊ ကျွန်ုပ်တို့၏လမ်းညွှန်ချက် အမျိုးအစားလေးခုကို "မြင့်မားသော" သို့မဟုတ် သာလွန်သောယေဘူယျကျမ်းစာလမ်းညွှန်ချက်များနှင့် "အငယ်ဆုံးသော" သို့မဟုတ် ပိုမိုတိကျသော သမ္မာကျမ်းစာလမ်းညွှန်ချက်များအဖြစ် ပိုင်းခြားပါမည်။ မြင့်မားသော သမ္မာကျမ်းစာလမ်းညွှန်ချက်များဖြင့် စတင်ကြပါစို့။

သမ္မာကျမ်းစာ၏မြင့်မားသောညွှန်ကြားချက်များတွင် တစ်လောကလုံးဆိုင်ရာအခြေခံနိယာမ များနှင့် ယေဘုယျလမ်းညွှန်ချက်များ ပါဝင်သည်။ ကျွန်ုပ်တို့တွေ့မြင်ရသည့်အတိုင်း၊ ဤညွှန်ကြားချက် အမျိုးအစားများသည် ပိုမိုကျယ်ပြန့်စွာကျင့်သုံးသောကြောင့် အခြားညွှန်ကြားချက်များထက် ဦးစားပေး ပါသည်။ သို့သော်ငြားလည်း၊ ၎င်းတို့သည် ဘုရားသခင်၏ယေဘူယျ ဖွင့်လှစ်ဖော်ပြခြင်းနှင့်အညီ နည်းလမ်းအမျိုးမျိုးဖြင့် ကျင့်သုံးနေရပါမည်။

တစ်ဖက်တွင်၊ မြင့်မားသောသမ္မာကျမ်းစာနိယာမများကို ကျင့်သုံးရန်၊ ပါဝင်သောသူ၏ ဝိသေသလက္ခဏာများကို အကဲဖြတ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် လူတစ်ဦးချင်း၏ဝိညာဉ်ရေး အခြေအနေ၊ လူမှုရေးအဆင့်အတန်း၊ အရည်အချင်းများ၊ အသက်နှင့် ကျား/မ ကဲ့သို့သော အရာများကို တွက်ချက်ရမည်ဖြစ်သည်။ ၎င်းနှင့် အခြားဝိသေသလက္ခဏာများကိုသိရှိခြင်းက သမ္မာကျမ်းစာ၏ မြင့်မားသောအခြေခံနိယာမများသည် လူတစ်ဦးချင်း၏အမြင်၊ အပြုအမူများနှင့် စိတ်ခံစားချက်များကို မည်သို့အကျိုးသက်ရောက်သည်ကို ပိုင်းခြား၍သိရှိနိုင်စေသည်။

အခန်းတစ်ခန်းထဲသို့၀င်ပြီး သူငယ်ချင်းတစ်စုကို မေးခွန်းအချို့မေးသည်ဟု မြင်ယောင်ကြည့်ပါ။ ပထမဦးစွာကျွန်ုပ်မေးသည်မှာ "ကျွန်ုပ်တို့အားလုံး မှန်ကန်သောအရာကို လုပ်သင့်သည်ဟုယုံပါသလော။" အားလုံးက "လုပ်သင့်သည်" ဟုပြန်ဖြေပါလိမ့်မည်။ “ကောင်းပြီ၊ ဤအခန်းထဲက ထွက်သွားပြီးနောက် သင်တို့တစ်ဦးချင်းသည် ယနေ့မည်သည့်အရာကို လုပ်ဆောင်ကြမည်နည်း"ဟူ၍ဒုတိယမေးခွန်းကို မေးပါသည်။ ယခု၊ လူတစ်ဦးချင်းသည် မှန်ကန်သောအရာကိုလုပ်ဆောင်သည်ကို တွေ့ရှိရခြင်းမှာ အံ့အားသင့်စရာမဟုတ်ပါ၊ သို့သော် မတူညီသောနည်းလမ်းများဖြင့် လုပ်ဆောင်နေကြပါသည်။ “ကလေးများကိုပြုစုရန်အိမ်ပြန်မည်” ဟုလူတစ်ဦးသည် ပြောနိုင်သည်။ သို့မဟုတ် "စားစရာဝယ်ရန် ဆိုင်ကိုသွားမည်"ဟုဆိုနိုင်သည်။ အမှန်တကယ်၊ သူတို့အားလုံး မှန်ကန်သောအရာကိုလုပ်ဆောင်ရန် တူညီသောနည်းလမ်းနှင့်တိကျစွာ စီစဉ်ခဲ့မည်ဆိုပါက ကျွန်ုပ်တို့အံ့သြရပါလိမ့်မည်။ ၎င်းသည် မည်သည့် အတွက်ကြောင့်ဖြစ်သည်ကိုနားလည်ရန်မခက်ပါ။ "မှန်ကန်သောအရာကိုလုပ်ပါ" ကဲ့သို့သော ယေဘူယျ ညွှန်ကြားချက်များကို မတူညီသောလူများနှင့် အခြေအနေများတွင် နည်းလမ်းအမျိုးမျိုးဖြင့် ကျင့်သုံးရ မည်ဖြစ်သည်။

ဝတ်ပြုရာ ၁၉:၁၈ ပါ“ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသော တစ်လောက လုံးဆိုင်ရာနိယာမသည် အခြေအနေတိုင်းတွင် လူတိုင်းနှင့်သက်ဆိုင်သော ညွှန်ကြားချက်တစ်ခုဖြစ် ကြောင်း ကျွန်ုပ်တို့သတိပြုပြီးဖြစ်သည်။ သို့သော် ဘုရားသခင်သည် ဤအမိန့်တော်ကိုလူသားတိုင်း အတိအကျတူညီသောနည်းလမ်းဖြင့်လိုက်နာရန် မမျှော်လင့်ကြောင်းကိုလည်း ကျွန်ုပ်တို့သိပါသည်။ ချစ်ခြင်းမေတ္တာကိုဖော်ပြရာ၌ အရွယ်ရောက်ပြီးသူသည် နည်းလမ်းတစ်ခုဖြင့်ပြနိုင်သော်လည်း၊ ငယ်ရွယ်သူသည် အခြားနည်းလမ်းဖြင့် ပြသနိုင်ပါသည်။ ချမ်းသာသောသူနှင့်ဆင်းရဲသောသူသည်လည်း အခြားသူများကို နည်းအမျိုးမျိုးဖြင့် ချစ်ခြင်းမေတ္တာကို ပြသနိုင်သည်။ လူတစ်ဦးချင်း၏အရည်အချင်း များ၊ အားနည်းချက်များ၊ အတွေ့အကြုံများ၊ ဝိညာဉ်ရေးရာအခြေအနေများသည် ချစ်ခြင်းမေတ္တာ၏ တစ်လောကလုံးဆိုင်ရာနိယာမကို ကိုယ်နှင့်စပ်ဆိုင်သူအပေါ် မည်ကဲ့သို့ ကျင့်သုံးသင့်ကြောင်း သက်ရောက်မှုရှိသည်။

အခြားတစ်ဖက်တွင်မူ၊ “ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ပါ”သည် မတူညီသောအခြေအနေများအတွက် နည်းလမ်းအမျိုးမျိုးဖြင့်လည်း သက်ရောက်မှုရှိသည်။ တူညီသောလူပင်လျှင် ကိုယ်နှင့်စပ်ဆိုင်သောသူကို မတူညီသောအချိန်များတွင် မတူညီသောနည်းများဖြင့် ချစ်နိုင်သည်။ လူတစ်ဦးချင်းသည် မတူညီသော အတားအဆီးများ၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ရင်ဆိုင်ရသည်။ အခြားအခြေအနေများ၌ ရှိနေသောသူများအတွက် မသင့်လျော်သောနည်းလမ်းများဖြင့် သမ္မာကျမ်းစာနိယာမများကို ကျွန်ုပ်တို့ တစ်ဦးချင်းကျင့်သုံးရန်အတွက် ဤအခြေအနေများသည်လိုအပ်သည်။ ဥပမာအားဖြင့်၊ ကိုယ်နှင့်စပ်ဆိုင် သောသူကိုချစ်သောမေတ္တာသည် စစ်မက်ကာလ၊ ငြိမ်းချမ်းသောကာလ၊ ပေါများသောအချိန်နှင့် ငတ်မွတ်သောအချိန်၊ ဖျားနာသောအချိန်နှင့် ကျန်းမာသောအချိန်တို့၌ ကွဲပြားသည်။ ကျွန်ုပ်တို့၏အခြေအနေအရ သမ္မာကျမ်းစာ၏ မြင့်မားသောအခြေခံနိယာမများကို နည်းလမ်းအမျိုးမျိုး ဖြင့် ကျင့်သုံးရမည်ဖြစ်သည်။

လူများနှင့် အခြေအနေများ မည်မျှကွဲပြားစေကာမူ ပိုမိုမြင့်မားသောသမ္မာကျမ်းစာညွှန်ကြားချက် များကို နည်းလမ်းအမျိုးမျိုးဖြင့်ကျင့်သုံးရန် လိုအပ်သည်ကိုတွေ့မြင်ရပြီးနောက်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာရှိ ယေရှု၏အဆင့်ဆင့်ညွှန်ကြားချက်များပါ အငယ်ဆုံးအပိုင်းများကို ကြည့်ကြပါစို့။

ကျွန်ုပ်တို့၏ရည်ရွယ်ချက်များအတွက်၊ “အငယ်ဆုံး” လမ်းညွှန်ချက်များတွင် သမ္မာကျမ်းစာ၏ တိကျသောအသေးစိတ်လမ်းညွှန်ချက်များနှင့် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူများကို သမ္မာကျမ်းစာ ကျင့်သုံးရာတွင် ကူညီပေးသည့် ခိုင်မာသောသမိုင်းဝင်ဥပမာများပါဝင်သည်။ မြင့်မားသောညွှန်ကြားချက် များကဲ့သို့ပင်၊ ပါဝင်ပတ်သက်သူနှင့် အခြေအနေအမျိုးမျိုးအပေါ်မူတည်၍ အငယ်ဆုံးညွှန်ကြားချက်များ ကို ကွဲပြားစွာကျင့်သုံးပါသည်။

ဥပမာအားဖြင့်၊ "သင့်မိသားစုအတွက် လုံခြုံသောအိမ်ဆောက်ပါ" ကဲ့သို့သော သီးခြားညွှန်ကြား ချက်တစ်ခုကို စိတ်ကူးကြည့်ပါ။ အေးသောရာသီဥတုရှိသူတစ်ဦး ဆောက်သောအိမ်တစ်လုံးနှင့် နွေးသော ရာသီဥတုရှိသူတစ်ဦး ဆောက်သောအိမ်တစ်လုံးသည် မတူနိုင်ပါ။ ဟာရီကိန်းမုန်တိုင်းဒဏ်ခံရနိုင်သော ဧရိယာရှိ အိမ်တစ်လုံးသည် ငလျင်လှုပ်ခတ်နိုင်သည့် ဧရိယာရှိအိမ်တစ်လုံးထက် ကွဲပြားခြားနားသော တည်ဆောက်ပုံဆိုင်ရာအစိတ်အပိုင်းများ လိုအပ်မည်ဖြစ်သည်။ ဤနေရာတွင် ပိုမိုမြင့်မားသောနိယာမ မှာ လူတစ်ဦးသည် ၎င်း၏မိသားစုကို လုံခြုံအောင်ထိန်းသိမ်းထားရန် ဖြစ်သည်။ တိကျသောညွှန်ကြား ချက်မှာ ဤမြင့်မားသောနိယာမကို ဖြည့်ဆည်းရန်အတွက် အိမ်တစ်လုံးဆောက်ရန်ဖြစ်သည်။ ဤတူညီ သောအခြေအနေမျိုးတွင် အလားတူအိမ်ဥပမာများအားဆောက်သူတိုင်းသည် အကျိုးခံစားကြမည် ဖြစ်သည်။ သို့သော် လူနှစ်ဦးသည် တိကျသောညွှန်ကြားချက်ကို တူညီသောနည်းလမ်းဖြင့် လုပ်ဆောင် မည်မဟုတ်ပါ။

ယနေ့ကျွန်ုပ်တို့တစ်ဦးချင်း၏အသက်တာအတွက် အလွန်တိကျသော သမ္မာကျမ်းစာ၏ သွန်သင်ချက်ကို ကျင့်သုံးသည့်အခါတိုင်း ဤကဲ့သို့သောကိစ္စရပ်မျိုးဖြစ်ပေါ်တတ်သည်။ ဦးစွာ၊ ကျွန်ုပ်တို့သည် သွန်သင်မှုရှုထောင့်ဆီသို့ ဦးတည်သော မြင့်မားသောညွှန်ကြားချက်များအပြင်၊ အခြားသော အနီးကပ်ဆက်စပ်နေသော သီးခြားညွှန်ကြားချက်များကို ထည့်သွင်းစဉ်းစားပါသည်။ ဒုတိယ၊ ကျွန်ုပ်တို့သည် တိကျသောညွှန်ကြားချက်ကြောင့် မူလသက်ရောက်မှုဖြစ်ပေါ်လာသော အခြေအနေများနှင့် လူတို့ကို ခွဲခြားသတ်မှတ်သည်။ တတိယ၊ ကျွန်ုပ်တို့သည်၎င်းသွန်သင်မှုကို မည်ကဲ့သို့ကျင့်သုံးသင့်သည်ကို ပိုင်းခြားသိနိုင်ရန် ကျွန်ုပ်တို့၏ကိုယ်ပိုင်အသက်တာကို မူလပရိသတ်နှင့် နှိုင်းယှဉ်ပါသည်။

သမ္မာကျမ်းစာ၏ထူးခြားသောလက္ခဏာများထဲမှတစ်ခုမှာ တိကျသောအချိန်များတွင် တိကျသောနေရာများရှိ သတ်မှတ်ထားသောလူများထံ ရေးထားခြင်းဖြစ်သည်။ ဤသည်မှာ ဤအရာကိုအမှန်ပင်လုပ်ဆောင်နိုင်သော တစ်ခုတည်းသော သန့်ရှင်းသောဓမ္မကျမ်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ အခြားသောသန့်ရှင်းသော ကျမ်းများသည် လူတို့လုပ်သင့်သည် သို့မဟုတ် မလုပ်သင့်စသည့် လမ်းညွှန်ချက်များသာဖြစ်သည်။ သို့သော် ဘုရားသခင်သည် ကိုယ်တော်၏ကောင်းမြတ်ခြင်း၌ ကျွန်ုပ်တို့အား အကြောင်းအရာကို ပေးထားသည်။ ဤအရာများသည် ဘဝတွင်မည်သို့ဖြစ်မြောက်စေမည်ကို နားလည်သဘောပေါက်ရန်နည်းလမ်းကို ကျွန်ုပ်တို့အား ကိုယ်တော် ပေးထားသည်။ သို့သော် ဆိုလိုသည်မှာ ကျွန်ုပ်တို့အမြဲပြောနေသည့် “ယခု ဤအခြေအနေမျိုးတွင် သွန်သင်ပေးနေသောနိယာမကား အဘယ်နည်း။ ထို့ပြင် ကျွန်ုပ်၏အခြေအနေသစ်၌ ထိုနိယာမကို မည်သို့ကျင့်သုံးမည်နည်း။”

ဒေါက်တာ John Oswalt

ကျွန်ုပ်တို့၏စိတ်တွင်ရှိသောအရာကို ဥပမာပြရန်၊ ယနေ့လူတစ်ဦးချင်းအတွက် ထွက်မြောက်ရာ ၂၁:၂၃-၂၅ ကို မည်သို့ကျင့်သုံးသင့်သည်ကို သုံးသပ်ကြည့်ပါ။ ဤအခန်းငယ်များတွင် ဣသရေလ တရားသူကြီးများသည် ဤနည်းဖြင့် စီရင်ချက်ချရမည်ဟု ကျွန်ုပ်တို့ဖတ်ရပါသည်_

အခြားသော အနာဖြစ်လျှင်၊ အသက်အတွက် အသက်ကို၎င်း၊ မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း၊ မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို၎င်း၊ ရှနခြင်းအတွက် ရှနခြင်းကို၎င်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို၎င်း ခံရမည် (ထွက်မြောက်ရာ ၂၁း၂၃-၂၅)။

သို့သော် တောင်ပေါ်‌ဒေသနာတွင် ယေရှုသည် သူ၏နောက်လိုက်များအား ဤတရားတော်ကို သူတို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာဘဝနှင့် လက်တွေ့ကျင့်သုံးရန် သွန်သင်ခဲ့သည့် မဿဲ ၅:၃၈-၃၉ ကို ယခု နားထောင်ပါ။

သူ့မျက်စိကိုဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကိုခံစေ ဟူသောပညတ်စကားကိုသင်တို့ ကြားရပြီ၊ ငါပညတ်သည်ကား၊ နှောက်ယှက်သောသူကို မဆီးမတားနှင့်။ သင်၏ပါးတစ်ဖက်ကို သူတပါးပုတ်လျှင် ပါးတစ်ဖက်ကိုလှည့်၍ ပေးဦးလော့ (မဿဲ ၅း၃၈-၃၉)။

တရားသူကြီးများနှင့် တရားစီရင်ရေးစနစ်များအတွက် ဓမ္မဟောင်းသွန်သင်ချက်ကို ယေရှု သဘောမတူခြင်းမရှိခဲ့ကြောင်း နားလည်ရန်အရေးကြီးသည်။ ကျွန်ုပ်တို့အားလုံးကဲ့သို့ပင်၊ ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းအရ တရားခွင်တွင် စီရင်ရန်လိုအပ်ကြောင်း ယေရှုသိသည်။ ယေရှု ရင်ဆိုင်ရသည့်ပြဿနာမှာ ဖာရိရှဲများသည် ပုဂ္ဂိုလ်ရေးအရ အပြန်အလှန်လက်စားချေရာတွင် တရားသူကြီးများအတွက်တရားမျှတမှုအဖြစ် ဤစည်းမျဥ်းကို လိုက်နာခြင်းပင်ဖြစ်သည်။ သို့သော် ဤညွှန်ကြားချက်ကို သမ္မာကျမ်းစာရှိ မြင့်မားသောနိယာမများနှင့် အခြား“အငယ်ဆုံး” ညွှန်ကြားချက် များနှင့် နှိုင်းယှဉ်သောအခါ၊ ဤနေရာတွင် ယေရှုသည် တပည့်တော်များအား သွန်သင်ခဲ့သည့်အရာကို ကျွန်ုပ်တို့နားလည်နိုင်သည်။ အမှန်တကယ်တွင်၊ ယေရှုသည် မိမိနောက်လိုက်များအား ထွက်မြောက်ရာ ၂၁ ၏မူလပရိသတ်များနှင့် မိမိကိုယ်ကိုနှိုင်းယှဉ်ရန် ထင်ရှားစွာတောင်းဆိုခဲ့သည်။ တရားစီရင်ရေး စနစ်များအတွက် တရားမျှတမှုနှင့် ညီမျှမှုကို လူတိုင်း ထောက်ခံသင့်သည်။ တရားသူကြီးနည်းတူ ဆုံးဖြတ်ရန်အခန်းကဏ္ဍများရှိသောအခါ၊ ကျွန်ုပ်တို့သည် ထွက်မြောက်ရာကျမ်း ၂၁ ကို တရားရုံးတွင် ရှိ‌သော တရားသူကြီးတစ်ဦးကဲ့သို့ ပိုမိုကျင့်သုံးသင့်သည်။ သို့သော်ကျွန်ုပ်တို့၏ပုဂ္ဂိုလ်ရေးဆက်ဆံခြင်း တွင် တရားသူကြီးများကဲ့သို့ မည်သည့်အခါမှ မလုပ်သင့်ပါ။ ကျွန်ုပ်တို့၏သာမာန်ပုဂ္ဂိုလ်ရေးအရ အပြန်အလှန် ဆက်ဆံမှုများသည် တရားမျှတမှုတစ်ခုတည်းသာလွမ်းမိုးရန် မဟုတ်ဘဲ၊ ကရုဏာနှင့် သနားကြင်နာခြင်းဖြင့် အတတ်နိုင်ဆုံး လွမ်းမိုးနေရပါသည်။

အခြားဥပမာတစ်ခုအနေနှင့်၊ မဿဲ ၁၉:၂၁ တွင် ယေရှုသည် ချမ်းသာသောလူငယ်အား ဤညွှန်ကြားချက်ကို ပေးခဲ့သည်_

သင်သည် စုံလင်ခြင်းသို့ ရောက်လိုလျှင်သွားလေ့ာ။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အားပေးလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံ၌ဘဏ္ဍာကို ရလိမ့်မည် (မဿဲ ၁၉:၂၁)။

ဤအခန်းငယ်၏ ပိုကြီးသောအကြောင်းအရာက ချမ်းသာသောလူငယ်သည် သူ၏ငွေကို အလွန်ချစ်မြတ်နိုးပြီးဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ခြင်းဟူသည့် မြင့်မားသောအခြေခံ နိယာမများကို ချိုးဖောက်သောကြောင့် ယေရှုသည် ဤအငယ်ဆုံးသောသွန်သင်ချက်ကို ပေးခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ ထို့ပြင် ငွေကိုချစ်မြတ်နိုးခြင်းသည် သူ့အတွက် အမြင့်ဆုံး ဦးစားပေး ဖြစ်စေခဲ့သည်။

ဤကျမ်းပိုဒ်သည် မျက်မှောက်ခေတ်လောကတွင် ချမ်းသာသူတိုင်း မိမိတို့၏ဥစ္စာပစ္စည်းများကို ရောင်းပြီး ဆင်းရဲသားတို့အားပေးဝေရန် လိုအပ်သလောဟု တစ်ခါတစ်ရံ တွေးတောတတ်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏ကိုယ်ပိုင်ဥစ္စာနှင့် ကြွယ်ဝမှုနှင့်ပတ်သက်သော သမ္မာကျမ်းစာ၏ မြင့်မားသောအခြေခံနိယာမများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းများနှင့် ပတ်သက်၍ ယေရှုနှင့် ဓမ္မသစ်ကျမ်းရေးသူများပေးခဲ့သော ဤအငယ်ဆုံးသော၊ ပိုမိုတိကျသော သွန်သင်ချက်ကို ကျွန်ုပ်တို့လည်း နှိုင်းယှဉ်ရပါမည်။ ဤသို့ဆိုလျင်၊ ချမ်းသာသောသူများသည် သူတို့၏ ငွေနှင့် မည်သည့်အရာလုပ်သင့်သည်ဟု ကျွန်ုပ်တို့ဆုံးဖြတ်မည်နည်း။ ချမ်းသာသောလူငယ်နှင့် ယနေ့ လူတစ်ဦးချင်းနှင့် ၎င်းတို့၏အခြေအနေများကိုနှိုင်းယှဉ်ခြင်းဖြင့် အဖြေရှိပါသည်။ ကျွန်ုပ်တို့သည် သူနှင့် ပိုတူလေ၊ ကျွန်ုပ်တို့၏မျက်မှောက်ခေတ်ကျင့်သုံးမှုသည် သူ့ခေတ်တွင် သူလုပ်ဆောင်ရမည့်အရာနှင့် ဆင်တူလေဖြစ်သည်။

လူတစ်ဦးချင်းအတွက် မျက်မှောက်ခေတ်ကျင့်သုံးမှုဆိုင်ရာ ဤသင်ခန်းစာတွင်၊ အတိုင်းအတာ တစ်ခု သို့မဟုတ် အခြားတစ်ခုအထိ၊ တစ်ဦးချင်းကျင့်သုံးမှုအမျိုးမျိုးကြောင့် မျက်မှောက်ခေတ် တစ်ဦးချင်းသည် သမ္မာကျမ်းစာကို နည်းလမ်းအမျိုးမျိုးဖြင့် ကျင့်သုံးရမည်ကို တွေ့မြင်ရသည်။ ၎င်းက ကျွန်ုပ်တို့၏ဒုတိယအဓိကအကြောင်းအရာသို့ ဦးတည်စေသည်_ကျင့်သုံးခြင်းတွင်ဉာဏ်ပညာလိုအပ် သည်။

ကမ္ဘာ့နေရာအတော်များများတွင်၊ ခရစ်ယာန်များသည် သမ္မာကျမ်းစာတစ်အုပ်ကို ကောက်ယူပြီး မိမိတို့အလိုရှိတိုင်း အချိန်မရွေးဖတ်နိုင်သည်။ အံ့သြစရာကောင်းလောက်အောင်ပင်၊ ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအသက်တာတွင် သမ္မာကျမ်းစာကိုကျင့်သုံးသည့်နည်းလမ်းများအား ရွေးချယ်တတ်လာ စေရန်လည်း လမ်းညွှန်ထားသည်။ ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းထားသည်ဟု သီအိုရီအရ ကျွန်ုပ်တို့ အတည်ပြုပါသည်။ သို့သော် အခြေအနေအမျိုးမျိုးတွင် မတူညီသောလူများအတွက် သမ္မာကျမ်းစာ၏အကျဉ်းချုပ်ညွှန်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းမည့်အစား၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို သီးသန့်ဖယ်ထုတ်ပြီး ကျွန်ုပ်တို့၏ဘဝနှင့် သက်ဆိုင်သည့်အရာကို အလွယ်တကူ ရှာဖွေနေပါသည်။ သမ္မာကျမ်းစာသည် အလွန်ရှုပ်ထွေးသောကြောင့် ဤကျယ်ပြန့်သောအလေ့အကျင့်ကို နားလည်နိုင်သည်။ သို့သော် လက်တွေ့တွင်၊ သမ္မာကျမ်းစာကို ဤနည်းဖြင့်ကိုင်တွယ်ရန် ရေးသားထား ခြင်း မဟုတ်ပါ။ ၎င်းအစား၊ ဘုရားသခင်သည် ကိုယ်တော်၏လူများအချင်းချင်း အပြန်အလှန်ဆက်ဆံရာ တွင် သမ္မာကျမ်းစာကို ဖတ်ရှုသင့်သည်ဟု မိန့်ဆိုခဲ့သည်။ အခြားသူများ၏အကူအညီဖြင့် သမ္မာကျမ်းစာ ၏ခက်ခဲသောအပိုင်းများကိုပင် ကျွန်ုပ်တို့၏ဘဝအသက်တာတွင်ကျင့်သုံးရန် လိုအပ်သည့်ဉာဏ်ပညာကို ရရှိနိုင်ပါသည်။

ကျွန်ုပ်တို့မြင်ရသည်အတိုင်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား သမ္မာကျမ်းစာ ကျင့်သုံးမှုအတွက် ထူးခြားသည့်ထိုးထွင်းသိမြင်နိုင်စွမ်းကို ပေးစွမ်းနိုင်သော်လည်း၊ ယေဘူယျအားဖြင့်၊ အခြားသူများနှင့်ဆက်ဆံခြင်းဖြင့် ကျွန်ုပ်တို့သည် ဉာဏ်ပညာကိုကျင့်သုံးရမည်ဟု ဘုရားသခင်က ရှင်းလင်းစွာသတ်မှတ်ထားသည်။

ရှေးဣသရေလလူမျိုးနှင့် ကနဦးအသင်းတော်တွင် ပုံနှိပ်စက်မရှိ၊ ထုတ်ဝေသည့်တိုက်မရှိ၊ ယနေ့ခေတ်ကဲ့သို့ သမ္မာကျမ်းစာကို အစုအပြုံလိုက် ဖြန့်ချီရန် နည်းလမ်းမရှိပါ။ သမ္မာကျမ်းစာသည် လူအများစုလက်ထဲသို့ ရောက်ရှိခဲ့လျှင်ပင် ၎င်းတို့သည် ဖတ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့်၊ လူ့အသိုက် အဝန်းတွင် အချင်းချင်းအပြန်အလှန်ဆက်ဆံခြင်းဖြင့် သမ္မာကျမ်းစာကို လက်တွေ့ကျင့်သုံးပုံအား လေ့လာရန် ဘုရားသခင်သည် လူတစ်ဦးချင်းအား မျှော်လင့်ထားသည်။

တစ်ဦးချင်း၏ကျင့်သုံးခြင်းတွင် ဉာဏ်ပညာသည် အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းနှစ်ခုကို ကျွန်ုပ်တို့ လေ့လာပါမည်။ ဦးစွာ၊ သမ္မာကျမ်းစာကို အဓိက လက်ခံသူများအဖြစ် ဘုရားသခင်ခန့်အပ်ထားသော ခေါင်းဆောင်များ၏ အရေးကြီးသောအခန်းကဏ္ဍကို ကြည့်ပါမည်။ ဒုတိယ၊ ဘုရားသခင်၏လူများကြားတွင် သမ္မာကျမ်းစာကို ဖြန့်ဝေခြင်း၊ သို့မဟုတ် ပြန့်ပွားခြင်းတွင် လူ့အသိုက်အဝန်း၏အရေးပါမှုကို လေ့လာပါမည်။ တစ်ဦးချင်းကျင့်သုံးမှုတွင် ခေါင်းဆောင်များ၏အရေးပါသော အခန်းကဏ္ဍကို ဦးစွာကြည့်ကြပါစို့။

ယုံကြည်သူများသည် သမ္မာကျမ်းစာကို ယုံကြည်သူတစ်ဦးချင်းအတွက် ရေးဆွဲထားသည့်ကျမ်း အဖြစ် ယေဘူယျအားဖြင့် ယူဆကြသော်လည်း၊ ညွှန်ပြသူများစွာက သမ္မာကျမ်းရေးသူများသည် အလွန်ကွဲပြားသောအမြင်ဖြင့် ရေးသားခဲ့ကြသည်ဟု ညွှန်ပြကြသည်။ ဣသရေလလူများနှင့် ကနဦး အသင်းတော်ရှိလူများကို တိုက်ရိုက်ရေးသားမည့်အစား၊ သမ္မာကျမ်းစာ၏ကျမ်းရေးသူများသည် သမ္မာကျမ်းစာ၏သွန်သင်ချက်များကို ရှင်းပြရန်နှင့် ဖြန့်ဝေရန် ခန့်အပ်ခံရသော ဘုရားသခင့်လူမျိုး ခေါင်းဆောင်များထံ ဦးစွာရေးသားခဲ့သည်။

သမ္မာကျမ်းစာတွင် အဓိကဓမ္မဟောင်းကျမ်းခေါင်းဆောင်များကို မည်သို့ပြောဆိုခဲ့ပုံကို ဦးစွာကြည့်ရှုကာ၊ ၎င်းသည်ဓမ္မသစ်ကျမ်းတွင် မည်သို့ဆက်စပ်သည်ကို ဆက်လက်လေ့လာပါမည်။ ဓမ္မဟောင်းကျမ်းမှ စကြပါစို့။

ဓမ္မဟောင်းကျမ်းတွင် သာမန်အားဖြင့်ယဇ်ပုရောဟိတ်များ၊ လေဝိသားများ၊ ပရောဖက်များ၊ ပညာရှိများ၊ တရားသူကြီးများ၊ ဘုရင်များနှင့် အခြားမှူးမတ်များသည် သမ္မာကျမ်းစာကိုကိုယ်တိုင် ဖတ်ရှုလေ့လာနိုင်သည်။ ထို့အတွက်ကြောင့်၊ ဓမ္မဟောင်းကျမ်းရေးသူများသည် ဣသရေလခေါင်းဆောင် များကို အဓိကထားပြောဆိုခဲ့သည်။ ၎င်းကို အနည်းဆုံး နည်းလမ်းသုံးမျိုးနှင့်မြင်နိုင်ပါသည်။

ပထမတွင်၊ ဣသရေလခေါင်းဆောင်များသည် ဓမ္မဟောင်းကျမ်းများကို အဓိကလက်ခံသူများ ဖြစ်ကြောင်း ထင်ရှားသည့်ကိုးကားချက်များစွာရှိသည်။

သာဓကအနည်းငယ်ကို ဖော်ပြရပါက၊ တရားဟောရာ ၃၁:၉ နှင့် ၂ ဓမ္မရာဇဝင် ၂၂:၈-၁၀ ကဲ့သို့သောကျမ်းပိုဒ်များသည် မောရှေ၏ပညတ်ကို လေဝိယဇ်ပုရောဟိတ်များ၏ စောင့်ရှောက်မှု အောက်တွင် ထားရှိထားကြောင်း ဖော်ပြသည်။ ထွက်မြောက်ရာ ၂၁:၁–၂၃:၉ ပါ လမ်းညွှန်ချက်များကို တရားစီရင်ချက်များဟု ခေါ်တွင်သည်— ဟေဗြဲဘာသာဖြင့် mishpatim — အကြောင်းမှာ ၎င်းတို့အား ၎င်းတို့၏တရားရုံးများတွင် တရားသူကြီးများအတွက် စီရင်ချက်ပညတ်အဖြစ် ရေးသားထားသော ကြောင့် ဖြစ်သည်။ သုတ္တံ ၁:၁ နှင့် ၂၅:၁ တွင် နိဒါန်းအချက်ပေးစာလုံးကြီးများသည် ယုဒနန်းတွင်း၌ ကျင့်သုံးရန်အတွက် အဆင့်မြင့်ပညာရှိများနှင့် ဆွေတော်မျိုးတော်များက စုဆောင်းထားကြောင်း ဖော်ပြသည်။ ဤအကိုးအကားနှင့် အခြားများစွာသည် ဓမ္မဟောင်းကျမ်းများကို ဣသရေလခေါင်းဆောင် များအတွက် ဦးစွာရေးသားထားကြောင်း ဖော်ပြသည်။

ဒုတိယအချက်မှာ၊ ဓမ္မဟောင်းကျမ်းများ၏ အကြောင်းအရာများသည် ဣသရေလခေါင်းဆောင် များအတွက် အဓိကရေးသားထားကြောင်း ဖော်ပြသည်။

ဓမ္မဟောင်းကျမ်းအများပိုင်းသည် ဣသရေလလူမျိုးအများစု၏နေ့စဉ်ဘဝနှင့် တိုက်ရိုက်သက် ဆိုင်မှုအနည်းငယ်သာရှိသော အကြောင်းအရာများကို အများပိုင်းဖော်ပြသည်။ ဥပမာ၊ ၃ ဓမ္မရာဇဝင် ၆ တွင် ဗိမာန်တော်တည်ဆောက်ခြင်းနှင့်ပတ်သက်သော ရှည်လျားသောညွှန်ကြားချက်များသည် ဣသရေလနိုင်ငံရှိ သိုးထိန်းများ၊ လယ်သမား သို့မဟုတ် လက်မှုပညာသည်တစ်ဦး၏ဘဝနှင့်သာ သွယ်ဝိုက်သက်ဆိုင်ပါသည်။ အလားတူပင် စည်းစိမ်ဥစ္စာ၊ အပျော်အပါး၊ ကျော်ကြားမှုကို ရှာဖွေခြင်း၏ အချည်းအနှီးဖြစ်ခြင်းနှင့်ပတ်သက်၍ ဒေသနာကျမ်းများတွင် ဖော်ပြချက်များသည် ဣသရေလ အမျိုးသားနှင့် အမျိုးသမီးအများစုရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ကွာခြားပါသည်။ ဣသရေလ လူတိုင်းရင်ဆိုင်နေရသော လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို တိုက်ရိုက်ညွှန်ကြားချက်များပေးခြင်း ထက်၊ ဓမ္မဟောင်းကျမ်းများ၏ အကြောင်းအရာအများစုသည် ဣသရေလခေါင်းဆောင်များရင်ဆိုင်နေရ သော လိုအပ်ချက်များနှင့် စိန်ခေါ်မှုများနှင့် တိုက်ရိုက်သက်ဆိုင်ပါသည်။

တတိယနေရာတွင်၊ ဓမ္မဟောင်းကျမ်းများ၏ရှုပ်ထွေးမှုများသည် ပါရမီရှင်၊ အတွေ့အကြုံနှင့် ပညာရှိသော ဣသရေလခေါင်းဆောင်များအတွက် အဓိကအားဖြင့် ပုံစံပြုထားကြောင်း ထင်ရှားသည်။

သေချာသည်မှာ၊ ဓမ္မဟောင်းကျမ်း၏အပိုင်းများစွာသည် ကလေးများအတွက်ပင် နားလည်ရန် လွယ်ကူပါသည်။ သို့သော် ဓမ္မဟောင်းကျမ်းများစွာ၏ရှုပ်ထွေးမှုများသည် ကျွမ်းကျင်သောစာဖတ်သူများ ကိုပင်လျှင် စိန်ခေါ်နိုင်သည်ကို ဓမ္မဟောင်းကျမ်းနှင့် ရင်းနှီးသူတိုင်းသိပါသည်။ သာဓကတစ်ခုအနေနှင့်၊ ဟေရှာယနှင့် ယေရမိကဲ့သို့သော ပရောဖက်ပြုချက်ကျမ်းများကို အလွန်နက်နဲစွာရေးသားထားသော ကြောင့် သာမာန်ဣသရေလလူတစ်ဦးအနေနှင့် ၎င်းတို့ကို စိတ်ရှုပ်ထွေးမည်ဖြစ်သည်။ ခြုံငုံကြည့်လျှင်၊ ဓမ္မဟောင်းကျမ်းများသည် ဣသရေလလူတိုင်းကို တိုက်ရိုက်သွန်သင်ရန် ရေးသားထားခြင်းမဟုတ်ဘဲ လူမျိုး၏ခေါင်းဆောင်များကို သွန်သင်ရန် အဓိကဖြစ်ကြောင်း ထင်ရှားပါသည်။

များသောအားဖြင့်၊ ဣသရေလ၏ခေါင်းဆောင်များသည် ဓမ္မဟောင်းကျမ်းရေးသူများ၏ ပထမဆုံးပရိသတ်ဖြစ်သကဲ့သို့၊ ဓမ္မသစ်ကျမ်းရေးသူများသည် တမန်တော်များ၊ ပရောဖက်များ၊ သာသနာပြုဆရာများ၊ သင်းအုပ်ဆရာများ၊ ဆရာများ၊ အကြီးအကဲများ၊ သင်းထောက်များနှင့် အခြားအသင်းတော်ရှိဦးဆောင်ပုဂ္ဂိုလ်ခေါင်းဆောင်များအတွက် ၎င်းတို့၏ကျမ်းများကို ရေးသားခဲ့သည်။

ပထမတွင်၊ ဓမ္မသစ်ကျမ်းအချို့သည် အသင်းတော်ခေါင်းဆောင်များကို ၎င်းတို့၏အဓိကလက်ခံ သူများအဖြစ် ထင်ရှားစွာရည်ညွှန်းသည်။

ဥပမာ၊ ၁ နှင့် ၂ တိမောသေကို ပေါလု၏“ယုံကြည်ခြင်း၏သား” တိမောသေထံ လိပ်မူခဲ့သည်။ တိတုသြဝါဒစာကို ပေါလု၏လုပ်ဖော်ဆောင်ဖက် တိတုထံ လိပ်မူထားသည်။ ဤသူနှစ်ဦးစလုံးသည် ကနဦးအသင်းတော်တွင် သြဇာညောင်းသောခေါင်းဆောင်များဖြစ်လာကြသည်။

ပထမရာစုတွင် သင်းအုပ်ဆရာများ၊ တိမောသေနှင့် တိတုတို့ထံရေးထားသော Pastoral Epistles ဟုလူသိများသောပေါလု၏စာသုံးစောင်ရှိသည်။ ထို့ကြောင့် ၁ နှင့် ၂ တိမောသေနှင့် တိတုသြဝါဒစာ...ထို့ကြောင့် ပေါလုသည် အထူးသဖြင့် ဧဖက်မြို့မှ ဝေးကွာနေပါက၊ ဧဖက်မြို့ရှိ အသင်းတော်၏ အုပ်ထိန်းသူအဖြစ် ကျန်ရစ်သူအတွက် အလွန်စိတ်ပူပန်နေပေလိမ့်မည်။ ထိုသူ မည်သူနည်း။ လူငယ်တိမောသေပင် ဖြစ်သည်။ ထို့ကြောင့် ဤအရေးကြီးသောတာဝန်အတွက် တိမောသေအား ခွန်အားပေးရန် ၁ တိမောသေကိုရေးခဲ့သည်။ သူ၏အခြား “ဒုတိယမြောက်သူ” ဖြစ်သော တိတုထံသို့လည်း စာရေးကာ၊ သင်နှစ်သက်မည် ဆိုပါက သူသည် တိမောသေထက် ပိုမိုအားကိုးရသောသူတစ်ဦးဖြစ်သည်၊ သို့သော် သူ့တာဝန်အတွက် အားပေးမှု လိုအပ်နေသေးသည်။ ထိုအချိန်တွင် သူ၏တာဝန်မှာ ကရေတေကျွန်းရှိ ခရစ်ယာန်ယုံကြည်သူအချို့နှင့် ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန်ဖြစ်သည်။ ထို့ကြောင့် တိတုထံ စာရေးသည်။ ထို့ကြောင့် ပေါလုသည် သူ၏အဓိကထောက်ခံသူနှစ်ဦးဖြစ်သည့် တိမောသေနှင့်တိတုထံသို့ Illyricum ကိုဖြတ်၍ ဂရိနိုင်ငံသို့ခရီးသွားစဉ်တွင် ဤစာနှစ်စောင်ကို ရေးထားသည်ကို မြင်ရသည်။

ဒေါက်တာ Peter Walker

ဒုတိယနေရာတွင်၊ ဓမ္မသစ်ကျမ်းများ၏ အကြောင်းအရာများသည် ပထမလက်ခံသူအဖြစ် အသင်းတော်ခေါင်းဆောင်များကို ထောက်ပြသည်။

ဓမ္မသစ်ကျမ်းများကို ၎င်းတို့၏သမိုင်းဝင်နေရာများတွင် ထည့်သွင်းစဉ်းစားသောအခါ၊ ပထမရာစု ယုံကြည်သူအများစုနှင့် မရင်းနှီးသောကိစ္စများကို မကြာခဏအာရုံစိုက်ကြသည်ကို မြင်ရန်မခဲယဉ်းပါ။ သာဓကတစ်ခုအနေနှင့် ဓမ္မသစ်ကျမ်းအများစုသည် ဓမ္မဟောင်းကျမ်းဆိုင်ရာ အသိပညာနည်းပါးသူများ ဖြစ်သော တစ်ပါးအမျိုးသားထံ ရေးသားခဲ့သည်။ သို့တိုင်၊ ဓမ္မသစ်ကျမ်းရေးသူများသည် ဓမ္မဟောင်း ကျမ်းများကို အကြိမ်ရာနှင့်ချီ၍ ကိုးကားပြီး၊ ရှင်းပြချက်အနည်းငယ်သာရှိကြသည်။ ဓမ္မသစ်ကျမ်း ရေးသူများသည် ကနဦးခရစ်ယာန်များစွာနှင့် မရင်းနှီးသော ဤလမ်းညွှန်ချက်များနှင့် အခြားလမ်းညွှန် ချက်များကို နားလည်နိုင်စေရန် အသိပညာရှိသောခေါင်းဆောင်များကို မျှော်လင့်ထားနိုင်ဖွယ်ရှိသည်။

တတိယနေရာတွင်၊ ဓမ္မသစ်လမ်းညွှန်ချက်များ၏ ရှုပ်ထွေးမှုများသည် ၎င်းတို့၏ မူလလက်ခံ သူများသည် ပညာတတ်နှင့် ပညာရှိခေါင်းဆောင်များဖြစ်ကြောင်း ဖော်ပြသည်။

ဓမ္မသစ်ကျမ်းအများစုကို အလွယ်တကူနားလည်နိုင်သော်လည်း၊ အပိုင်းများစွာသည် ကနဦး ခရစ်ယာန်များအတွက် နားလည်ရန်အလွန်ခက်ခဲသည်။ ၂ ပေတရု ၃:၁၆ တွင် “[ပေါလု၏]ထိုစာတို့၌ ခက်ခဲသောအရာအချို့ရှိ၏ ”ဟုတမန်တော်ပေတရုပင် ထင်ရှားစွာမှတ်ချက်ချခဲ့သည်။ ဓမ္မသစ်ကျမ်း ရေးသူများသည် ၎င်းတို့၏စာများအား ဓမ္မပညာဆိုင်ရာ ဆန်းပြားသောအတွေးအခေါ်များဖြင့် အကြိမ်ကြိမ်ရေးသားခဲ့ကြရာ သာမန်ယုံကြည်သူအများစု လက်လှမ်းမမီနိုင်လောက်အောင် နက်နဲပါ သည်။ ထို့အတွက်ကြောင့်၊ အသင်းတော်၏ အရည်အချင်းရှိသောခေါင်းဆောင်များသည် သမ္မာကျမ်းစာ ကို ကိုယ်တိုင်မဖတ်နိုင်၊ နားမလည်သူများကို သွန်သင်ရှင်းပြရန် တာဝန်ရှိသည်။

ဘုရားသခင့်လူမျိုး၏ခေါင်းဆောင်များသည် သမ္မာကျမ်းစာများကို အဓိကလက်ခံသူများဖြစ် ကြောင်း သိရှိခြင်းသည် မျက်မှောက်ခေတ်ခရစ်ယာန်များအတွက် များစွာအကျိုးသက်ရောက်မှုရှိသည်။ ယုံကြည်သူများသည် ၎င်းတို့၏ခေါင်းဆောင်များအပေါ် အလွန်အမင်း အားကိုးလွန်းသောအခါ ဖြစ်ပေါ် လာတတ်သော သမ္မာကျမ်းစာကို အလွဲအသုံးပြုမှုများကို အသင်းတော်သမိုင်းက သက်သေပြခဲ့သည်။ သို့သော် ကျွန်ုပ်တို့သည် ခရစ်ယာန်ခေါင်းဆောင်များမလိုအပ်ဟု ယူဆခြင်းနှင့် အခြားအစွန်းရောက်ခြင်း သို့ ရောက်မသွားစေရန် သတိပြုရပါမည်။

သမ္မာကျမ်းစာခေတ်တွင် မရင်းနှီးသောအကြောင်းအရာများနှင့် ရှုပ်ထွေးမှုများကို ဖြေရှင်းရန် ဘုရားသခင်သည် ခေါင်းဆောင်များအား ခန့်အပ်ထားသကဲ့သို့ပင်၊ ခရစ်တော်၏မျက်မှောက်ခေတ် နောက်လိုက်များသည် တူညီသောအကြောင်းပြချက်များအတွက် အသိပညာနှင့် ဉာဏ်ပညာဖြင့် သန့်ရှင်းသောဝိညာဉ်တော်မှ ကောင်းချီးပေးသော အတွေ့အကြုံရှိသော ခေါင်းဆောင်များ လိုအပ်ပါ သည်။

အမှန်တကယ်တွင်၊ ကျွန်ုပ်တို့၏လက်ထဲတွင်ရှိသော သမ္မာကျမ်းစာများသည်— ဟေဗြဲ၊ အာရမိတ်နှင့် ဂရိကျမ်းများအပါအဝင် အချို့သောကျမ်းများ— ထိပ်တန်းကျမ်းပညာရှင်များ၊ ကျမ်းဝေဖန် သုံးသပ်ခြင်း၊ စုစည်းခြင်း၊ တည်းဖြတ်ခြင်းနှင့် ထုတ်ဝေခြင်းကဲ့သို့သော နယ်ပယ်များတွင် ကျွမ်းကျင် ပညာရှင်ခေါင်းဆောင်များမှတစ်ဆင့် ကျွန်ုပ်တို့ထံရောက်လာသည်။ ထို့ထက်မက၊ ယနေ့ခရစ်ယာန် အများစုကျင့်သုံးသည့် မျက်မှောက်ခေတ်ဘာသာပြန်ကျမ်းများသည် ရှေးဟေဗြဲ၊ အာရမိတ်၊ ဂရိနှင့် ဘာသာပြန်ခြင်းပညာရပ်တွင် ထိပ်တန်းကျွမ်းကျင်သူများ၏လုပ်ဆောင်ခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သမ္မာကျမ်းစာကို နည်းလမ်းများစွာဖြင့်သီးသန့်လေ့လာခြင်းသည် အဖိုးတန်သော်လည်း၊ ယနေ့ ကျွန်ုပ်တို့၏အသက်တာတွင် သမ္မာကျမ်းစာကို လက်တွေ့ကျင့်သုံးရန်ကြိုးပမ်းနေချိန်တွင် ယုံကြည်ထိုက် သောခေါင်းဆောင်များကို ခွဲခြားသတ်မှတ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ပေးသည့်ဆုကျေးဇူးများမှ အကျိုးကျေးဇူးရရှိခြင်းအတွက် အစားထိုးစရာမရှိပါ။

ခေါင်းဆောင်သည် ချစ်ခြင်းမေတ္တာ၌၊ ဖြောင့်မတ်ခြင်း၌၊ ဆုတောင်းခြင်း၌၎င်း၊ သွန်သင်ခြင်း၌၎င်း၊ အရာခပ်သိမ်း၌ အမှန်တကယ်စံနမူနာပြရမည်။ သူသည် ကြီးပွားတိုးတက်မှုအတွက် စံနမူနာပြဖြစ်ရမည်...ထို့ကြောင့်၊ တမန်တော်ပေါလုသည် တိမောသေအား ငယ်ရွယ်သေးသောကြောင့် အာရုံစိုက်ကာ ဘဝတွင်မည်သူတစ်ဦးတစ်ယောက်မှမထီမဲ့မြင်မပြုစေနှင့်ဟု အကြံပေးခဲ့သည်။ အခြားသူများကို စံနမူနာပြရန်ပြောခဲ့သည်။ ၎င်းသည် ခေါင်းဆောင်တစ်ဦး၏ဘဝတွင် အလွန်အရေးကြီးသည်။

Rev. Youssef Ourahmane

ဟေဗြဲ ၁၃:၁၇ ပါ နှိုးဆော်ချက်ကို ကျွန်ုပ်တို့အားလုံး နှလုံးသွင်းသင့်သည်_

သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှါစောင့်နေကြကုန်၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့ (ဟေဗြဲ ၁၃:၁၇)။

ကျင့်သုံးခြင်းတွင် ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ဘုရားသခင်ခန့်အပ်ထားသော ခေါင်းဆောင်များနှင့် ဆက်ဆံခြင်းပါ၀င်သည်ကို သိမြင်ပြီးနောက်၊ ဒုတိယပြဿနာကို ကြည့်ကြပါစို့_ သမ္မာကျမ်းစာသွန်သင်ချက်ကို ပြန့်ပွားခြင်းနှင့် အသုံးချခြင်းတွင်လူ့အသိုက်အဝန်းအရေးကြီးခြင်း။

ဣသရေလရှိ သာမန်လူတစ်ဦးချင်းနှင့် ကနဦးအသင်းတော်များသည် သမ္မာကျမ်းစာကို တိုက်ရိုက်ကြည့်ရှုလေ့လာခွင့်မရှိပါ။ ထို့ကြောင့် သမ္မာကျမ်းစာကို သူတို့၏ဘဝတွင် မည်ကဲ့သို့ကျင့်သုံးခဲ့ သနည်း။ အတိုချုပ်အားဖြင့်၊ သမ္မာကျမ်းစာရေးသားသူများသည် ခေါင်းဆောင်များအနေဖြင့် ဖြန့်ဝေရန် သို့မဟုတ် ပြန့်ပွားစေရန် မျှော်လင့်ချက်ဖြင့် သမ္မာကျမ်းစာကိုရေးသားခဲ့သည်၊ သို့မှသာ ဘုရားသခင့် လူမျိုးသည် ၎င်းတို့အား လူ့အသိုက်အဝန်းတွင် အတူတကွကျင့်သုံးနိုင်မည်ဖြစ်သည်။

ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင့်လူမျိုး၏အသိုက်အဝန်းတွင် သမ္မာကျမ်းစာများကို မည်သို့ မျှဝေခဲ့သည်ကို ကြည့်ရှုခြင်းဖြင့် သမ္မာကျမ်းစာ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာကျင့်သုံးမှုတွင် အသိုင်းအဝိုင်း၏ အရေးပါမှုကို ကျွန်ုပ်တို့ မြင်တွေ့ရမည်ဖြစ်သည်။ ထို့နောက် ဓမ္မသစ်ကျမ်းတွင် ၎င်းတို့ကို မည်သို့ပြန့်ပွား စေခဲ့သည်ကို ကျွန်ုပ်တို့လေ့လာပါမည်။ ဓမ္မဟောင်းကျမ်းမှ စကြပါစို့။

ဓမ္မဟောင်းကျမ်းနှင့် ပတ်သက်လာသောအခါ၊ ဇာတ်ကြောင်းများ၊ ပညတ်တရားများ၊ သုတ္တံကျမ်း၊ ဆာလံကျမ်းများ၊ ပရောဖက်ပြုချက်ဆိုင်ရာဟောပြောချက်များနှင့် အလားတူသော အကြောင်းအရာများစွာကို သမ္မာကျမ်းစာများတွင်မစုဖွဲ့မီ နှုတ်ပါးစပ်ဖြင့်ဝေမျှခဲ့သည်ကို ကျွန်ုပ်တို့ သိပါသည်။ သို့သော် ဤသင်ခန်းစာတွင်၊ ဤသွန်သင်ချက်များ၏ ရေးထားသောမှတ်တမ်းများသည် ၎င်းတို့ကို ပထမဆုံးဖတ်သော ခေါင်းဆောင်များအားကျော်လွန်၍ မည်ကဲ့သို့ ပျံ့နှံ့သွားသည်ကို ကျွန်ုပ်တို့ ပို၍စိတ်ဝင်စားပါသည်။

ဓမ္မဟောင်းကျမ်းများပါ အကြောင်းအရာများကို ဣသရေလ၏ ကြီးမားသောလူ့အသိုက်အဝန်း အတွင်း မည်သို့ဖြန့်ဝေပုံကို ကျွန်ုပ်တို့နားလည်ရန် ကူညီပေးသည့် သဲလွန်စများစွာရှိသည်။ ဥပမာ၊ တရားဟောရာ ၃၁:၉-၂၉ တွင်၊ မောရှေသည် လေဝိသားယဇ်ပုရောဟိတ်များကို ဘုရားသခင်၏ ပညတ်ကို ဦးစွာပေးခဲ့သည်။ ထို့နောက် မောရှေသည် တဲတော်ပွဲအတွင်းပညတ်တရားကိုဖတ်ရှုရန် လေဝိသားယဇ်ပုရောဟိတ်များအား ညွှန်ကြားခဲ့သည်၊ သို့မှသာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် များ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များကြားသိနိုင်မည်ဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင်သည် မောရှေအား ပညတ်တရား၏ကောင်းချီးများနှင့် ကျိန်ခြင်းများကို သီချင်းတစ်ပုဒ်တွင် ထည့်သွင်းရန် မောရှေအားမိန့်မှာထားခဲ့သည်၊ သို့မှသာ လူများသည် ၎င်းတို့အတွက် ဘုရားသခင်၏အလိုတော်၏ အဆက်မပြတ်သက်သေအဖြစ် ၎င်းကိုသီဆိုနိုင်မည်ဖြစ်သည်။

၎င်းအပြင်၊ တရားဟောရာ ၁၇:၈-၁၃ တွင်ဣသရေလတရားရုံးရှိ လေဝိသားများနှင့်တရားသူကြီး များသည် ဘုရားသခင်၏ပညတ်တော်ကို လူတို့ထံ ကျင့်သုံးခဲ့ကြပြီး ပညတ်တရား၏သက်ရောက်မှုများ နှင့်ပတ်သက်၍ ယေဘူယျအားဖြင့်ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။ ၃ ဓမ္မရာဇဝင် ၃:၁၆-၂၈ သည် တော်ဝင်နန်းတွင်း၌ကျင့်သုံးသော အလားတူအလေ့အကျင့်ကိုဖော်ပြသည်။ ၄ ဓမ္မရာဇဝင် ၂၃:၁-၃ တွင် ပဋိညာဉ်အသစ်ပြုပြင်ချိန်၌ ရှင်ဘုရင်သည် လူတို့အား သမ္မာကျမ်းစာကို ကျယ်လောင်စွာဖတ်ပြီး ပညတ်တရားကို အကောင်အထည်ဖော်ရန်ညွှန်ကြားသည်ကို ဖော်ပြသည်။ ဧဇရ ၁၀:၁၆ တွင် လူမျိုးစု အကြီးအကဲများသည် ဘုရားသခင့်နှုတ်ကပါတ်တော်ကို သူတို့အမှုထမ်းသူများ၏အသက်တာတွင် ကျင့်သုံးကြောင်း ဖော်ပြသည်။ ထွက်မြောက်ရာ ၁၂:၂၇ တွင် ပသခါပွဲ၏စည်းမျဥ်းများကို သားသမီးများ အားသွန်သင်ရန် မိဘများကိုမိန့်တော်မူခဲ့သည်။ အမှန်တကယ်တွင်၊ တရားဟောရာ ၆:၆-၉ တွင် မောရှေ၏လမ်းညွှန်ချက်သည် အခွင့်အရေးတိုင်းတွင် သားသမီးများအား ပညတ်တရားကို သင်ကြားရ မည်ဟု ဖော်ပြသည်။

သမ္မာကျမ်းစာပါ လမ်းညွှန်ချက်များသည် ဣသရေလလူမျိုးသို့ရောက်ရှိသည်နှင့်အမျှ၊ အသိုက် အဝန်းမှလူများသည် သမ္မာကျမ်းစာသွန်သင်ချက်များနှင့်ပတ်သက်၍ သူတို့သိရှိထားသည်များကို လိုက်နာရန် အချင်းချင်းအားပေးတိုက်တွန်းကြသည်။

လူတို့အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်းတို့၏နှလုံးသားထဲတွင် သိုထားရမည်ဟု လည်း ဓမ္မဟောင်းကျမ်းသည် အလေးပေးဖော်ပြသည်။ ဤအကြောင်းကြောင့် ဓမ္မဟောင်းကျမ်း၏ အပိုင်းများစွာကို အလွတ်ကျက်မှတ်ရန် ပုံစံပြုထားပုံရသည်။ ဇာတ်ကြောင်းတိုများ၊ ပညတ်တော်ဆယ် ပါး၊ ဆာလံကျမ်းများနှင့် သုတ္တံကျမ်းများအပြင် ပရောဖက်ပြုချက်ဆိုင်ရာဟောပြောချက်များ၊ သီချင်း များနှင့် ပုံဥပမာများစွာတို့ကို ဣသရေလအသိုက်အဝန်းသည် အလွတ်ကျက်မှတ်ခဲ့သည်။ ဤနည်းအား ဖြင့်၊ သစ္စာရှိသူများသည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို တွေးတောဆင်ခြင်ပြီး ဝမ်းမြောက်ခြင်းဖြင့် သူတို့၏စိတ်နှလုံးတွင် ဘုရားသခင့်ညွှန်ကြားချက်များကို သိုထားနိုင်ကြသည်။ ဥပမာတစ်ခုအနေဖြင့်၊ ဆာလံ ၁၁၉:၁၁-၁၆ ပါနှုတ်ကပတ်တော်ကို နားထောင်ပါ–

ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ အိုထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ... သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏။... ပေးတော်မူသောဩဝါဒကိုဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏။ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်က ပတ်တော်ကို မမှတ်ဘဲမနေပါ (ဆာလံ ၁၁၉:၁၁-၁၆)။

ဤကျမ်းပိုဒ်တွင်၊ ဆာလံဆရာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သူ၏စိတ်နှလုံးတွင် သိုထားခြင်း၏ဆိုလိုရင်းကို ရှင်းပြခဲ့သည်။ သူသည် [ဘုရားသခင့်]သက်သေခံတော်မူရာလမ်း၌ လိုက်လျှောက်ခြင်း၌ ဝမ်းမြောက်ခြင်းရှိသည်။ သူသည် [ဘုရားသခင့်]ဩဝါဒကို တွေးတောဆင်ခြင် ခြင်းနှင့် [ဘုရားသခင့်] စီရင်ထုံးဖွဲ့ချက်များကို နှစ်သက်တော်မူသည်။

လူသား၏အလုံးစုံသည် အပြစ်၏ဒဏ်ကို ခံရသည်။ ထို့ကြောင့် ဆာလံ ၁၁၉ တွင်သမ္မာကျမ်းစာကို ချဉ်းကပ်နည်းအတွက် စံနမူနာတစ်ခုရှိသည်၊ အကြိမ်များစွာ ထပ်ခါတလဲလဲဆာလံဆရာက “တရားတော်၌ အံ့ဖွယ်သောအရာတို့ကိုမြင်နိုင်ပါမည်အကြောင်း၊ အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ…အနတ္တကိုပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ”ဟုမြွတ်ဆိုသည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ စိတ်နှလုံးများကို အပြစ်ရှိသောအရာများမှ ရှောင်ရှားစေကာ ဘုရားသခင်ကို ရှာဖွေရန် စံနမူနာတစ်ခုပေးထားပြီး၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို မှောက်လှန်ရန်၊ ကျွန်ုပ်တို့အလိုရှိသောအရာကိုပြောရန်၊ ကျွန်ုပ်တို့၏အပြုအမူကို တရားမျှတစေရန် ကြိုးစားလုပ်ဆောင်နိုင်ကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားသည်။ထို့ကြောင့် ကျွန်ုပ်တို့၏အပြစ်သည် သခင်ဘုရားနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိသည်ကိုမြင်ရပြီး၊ ကျွန်ုပ်တို့သည် အခြားသူများကို ခွင့်လွှတ်ရန်၊ ကိုယ်တော်ပေးတော်မူသော ကျေးဇူးတော်ဖြင့် အခြားသူများကို ဆက်ဆံရန် ဘုရားသခင်သည်ကျွန်ုပ်တို့ကို ခေါ်တော်မူသည်။

ဒေါက်တာ Robert L. Plummer

ဓမ္မဟောင်းကျမ်းတွင် သမ္မာကျမ်းစာကို ပြန့်ပွားရန် ဘုရားသခင့်လူတို့၏အသိုက်အဝန်းသည် မည်မျှအရေးကြီးကြောင်းကို ကျွန်ုပ်တို့ သုံးသပ်ပြီးနောက်၊ ယခုဓမ္မသစ်အသင်းတော်တွင် တွေ့ရှိရသော အလားတူအလေ့အကျင့်များကို ကြည့်ကြပါစို့။

အတိုင်းအတာတစ်ခုအထိ၊ ကနဦးအသင်းတော်ယုံကြည်သူအသိုက်အဝန်းသည် ပထမရာစု တရားဇရပ်များ၏အလေ့အကျင့်များနောက် ကျမ်းစာလက်ခံရရှိခြင်းပုံစံကို ဖော်ပြခဲ့သည်။ အသင်းတော် ခေါင်းဆောင်များသည် သမ္မာကျမ်းစာကိုဖတ်ရှုကာ ရှင်းပြရန် တာဝန်ရှိသည်၊ သို့မှသာ ဘုရားသခင့် နှုတ်ကပါတ်တော်သည် အသိုက်အဝန်းအနှံ့ပျံ့နှံ့သွားမည်ဖြစ်သည်။ လုကာ ၄:၁၄-၂၉ တွင် နာဇရက်မြို့ တရားဇရပ်၌ ကျွန်ုပ်တို့အကျွမ်းတဝင်ဖြစ်သော ယေရှု၏ဇတ်လမ်းတွင် ဤပုံစံကို တွေ့မြင်နိုင်ပါသည်။ ဤအခန်းငယ်များတွင် ယေရှုသည် တရားဇရပ်စုဝေးပွဲ၌ တက်ရောက်ခဲ့ကြောင်း လုကာဖော်ပြခဲ့သည်။ တရားစရပ်မှူးတို့သည် စာလိပ်တစောင်ကို ပေးကြ၏။ ယေရှုသည် သူတို့ပေးသော ဟေရှာယကျမ်းမှ စာပိုဒ်ကို ရပ်၍ လေးလေးနက်နက်ဖတ်ပြလေသည်။ ထို့နောက်၊ စာလိပ်ကို အမှုထမ်းထံပြန်ပေးပြီး နောက် ယေရှုသည် ထိုင်ပြီး သူဖတ်ခဲ့သောနှုတ်ကပါတ်တော်များသည် အသင်းတော်နှင့် မည်သို့သက် ဆိုင်ကြောင်း ရှင်းပြသည်။

ကနဦးခရစ်ယာန်အသင်းတော်များသည် ဤတရားဇရပ်သွန်သင်ခြင်းပုံစံကို အတုယူကြောင်း ဓမ္မသစ်ကျမ်းပိုဒ်များစွာသည် ဖော်ပြသည်။ ဥပမာတစ်ခုအနေနှင့်၊ ကောလောသဲ ၄:၁၆ တွင် ပေါလု၏ ညွှန်ကြားချက်ကို နားထောင်ပါ_

ဤစာကို သင်တို့သည် ဘတ်ပြီးမှ လောဒိကိမြို့ အသင်းတော်ကို ဘတ်စေကြလော့။ ထိုမြို့မှရသော စာကိုလည်း သင်တို့ဘတ်ကြလော့ (ကောလောသဲ ၄:၁၆)။

ဤတွင် ပေါလုသည် သူ၏ကျမ်းကို ကောလောသဲအသင်းတော်ရှိယုံကြည်သူများ ဖတ်ရှုရန်နှင့် “လောဒိကိမြို့ရှိအသင်းတော်—သို့မဟုတ်ယုံကြည်သူများ— ဖတ်ရှုရန်”မျှော်လင့်ကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရသည်။ ဤကျမ်းပိုဒ်တွင်ဖော်ပြသည့်အတိုင်း၊ ဓမ္မသစ်ကျမ်းရေးသူများသည် အသင်းတော် ခေါင်းဆောင်များအနေဖြင့် အသင်းတော်၏စုဝေးပွဲများတွင် ၎င်းတို့၏ကျမ်းများကို ဖတ်ပြီး ရှင်းပြ လိမ့်မည်ဟု မျှော်လင့်ကာ ရေးသားခဲ့သည်။

ကနဦးခရစ်ယာန်များသည် လူတစ်ဦးချင်းထံ ကျမ်းစာများပေးပြီး ထိုသူတို့သည် မိမိတို့ဘာသာ အိမ်ပြန်ကာလေ့လာမည့်အစား၊ ၎င်းတို့၏ခေါင်းဆောင်များ၏ ကြီးကြပ်မှုအောက်တွင် သမ္မာကျမ်းစာကို အများသူငှာရှေ့ဖတ်ရှုခြင်းနှင့် ရှင်းပြခြင်းများမှတစ်ဆင့် လူ့အသိုက်အဝန်းတွင် ကျမ်းစာကို အဓိက သင်ယူကာ ကျင့်သုံးခဲ့ကြသည်။ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် ကိုယ်နှင့်စပ်ဆိုင်သူများသည် ဤ သွန်သင်ချက်များကို ဘုရားသခင့်လူများကြားပျံ့နှံ့စေရန်ကျင့်သုံးခြင်းဖြင့် အချင်းချင်းကူညီပေးခဲ့ကြ သည်။

ဓမ္မဟောင်းကျမ်းတွင်ကဲ့သို့ပင်၊ ဤအသိုက်အဝန်းသည် ကနဦးအသင်းတော်ရှိ ယုံကြည်သူများ အား ပုဂ္ဂိုလ်ရေးဆိုင်ရာဆင်ခြင်အောက်မေ့ခြင်းအလေ့အကျင့်ကို ကောင်းမွန်လာစေပါသည်။ ကနဦး ခရစ်ယာန်များသည် ဓမ္မသစ်သွန်သင်ချက်များကို အလွတ်ကျက်ကြပြီး ၎င်းတို့၏ကိုယ်ပိုင်ဘဝအတွက် ၎င်းတို့၏အရေးကြီးမှုကို တွေးတောဆင်ခြင်ကြသည်။ ဤသည်မှာ မဿဲ ၅ ပါမင်္လာတရားများနှင့် မဿဲ ၆ ရှိသခင့်ဆုတောင်းခြင်းကဲ့သို့သော ဓမ္မသစ်ကျမ်းတွင် ယေရှု၏ပုံဥပမာများနှင့် အခြားအလွယ်တကူ အလွတ်ကျက်နိုင်သော သွန်သင်ချက်များပါ၀င်သည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ၎င်းသည် ဖိလိပ္ပိ ၂:၆-၁၁ နှင့် ကောလောသဲ ၁:၁၅-၂၀ ကဲ့သို့သောကျမ်းပိုဒ်များစွာသည် ကနဦးခရစ်ယာန်ဓမ္မသီချင်းများ၌ ထည့်သွင်းရေးသားခြင်းကိုနားလည်ရန် ကျွန်ုပ်တို့အား ကူညီပေးသည်။ ၎င်းသည် ၂ တိမောသေ ၂:၁၁-၁၃ ပါ ပေါလု၏စကားများသည် အသင်းတော်တွင် အဘယ်ကြောင့်ထင်ရှားရခြင်းကိုလည်း ရှင်းပြထား သည်။

၂ တိမောသေ ၂:၇ တွင်၊ တမန်တော်ပေါလုသည် ဆင်ခြင်အောက်မေ့ခြင်းအလေ့အကျင့်နှင့် ဘုရားသခင်ထံမှ သမ္မာကျမ်းဆိုင်ရာ ထိုးထွင်းသိမြင်မှုများကို ရှာဖွေရန် တိုက်ရိုက်ရည်ညွှန်းခဲ့သည်။ သူရေးခဲ့သည်ကို နားထောင်ပါ –

ငါ့စကားကိုဆင်ခြင်လော့။ ထာဝရဘုရားသည် အရာရာတို့၌ဥာဏ်ကို သင့်အားပေးသနား တော်မူပါစေသော (၂တိ ၂း၇)။

ပေါလုသည် တိမောသေအား သူရေးထားသည်များကို “ဆင်ခြင်သုံးသပ်” ရန် တောင်းဆိုခဲ့သည်။ ပေါလုသည် “ထာဝရဘုရားသည် [တိမောသေ]ကို ဤအရာအလုံးစုံတို့အား ထိုးထွင်းသိမြင်စေရန် မျှော်လင့်ခဲ့သည်။ ဆင်ခြင်အောက်မေ့ခြင်းအားဖြင့်၊ ကိုယ်တော်သည် ပေါလု၏မှုတ်သွင်းခံနှုတ်ကပတ် တော်များ၏ အရေးပါပုံကို တိမောသေအား တိမောသေ၏ကိုယ်ပိုင်ဘဝတွင် ကျင့်သုံးနိုင်စေရန် သွန်သင် ပေးမည်ဖြစ်သည်။

ကျွန်ုပ်တို့မြင်ရသည်အတိုင်း၊ ရှေးဣသရေလလူမျိုးနှင့် ကနဦးခရစ်ယာန်များသည် သမ္မာကျမ်း စာကို သူတို့၏ကိုယ်ပိုင်ဘဝတွင် ကျင့်သုံးသည့်နည်းလမ်းများသည် ကျွန်ုပ်တို့ခေတ်၏အလေ့အကျင့် များနှင့် အလွန်ကွာခြားပါသည်။ ဣသရေလရှိ ခေါင်းဆောင်များနှင့် ကနဦးအသင်းတော်များသည် သမ္မာကျမ်းစာကို ဦးစွာလက်ခံရရှိပြီးနောက် ၎င်းတို့၏အပိုင်းများကို ဘုရားသခင့်လူမျိုး၏ကျယ်ပြန့် သောအသိုက်အဝန်းသို့ ဖြန့်ဝေခဲ့သည်။ အခြားသူများနှင့် ဆက်ဆံခြင်း၏အခြေအနေတွင်၊ လူတစ်ဦးချင်း သည် သူတို့၏ကိုယ်ပိုင်ဘဝများတွင် ဘုရားသခင်ပို့ဆောင်ပေးမည့်မျှော်လင့်ချက်ဖြင့် သူတို့သိထားသည့် ကျမ်းချက်များကို အလွတ်ရွတ်ဆိုကာ တွေးတောဆင်ခြင်ရန်ဖြစ်သည်။ ထို့ကြောင့် ယနေ့ကျွန်ုပ်တို့ အတွက် ဤအလေ့အကျင့်များသည်မည်သည့်အကျိုးသက်ရောက်မှုများရှိသနည်း။ ကျွန်ုပ်တို့၏ကိုယ်ပိုင် ဘဝများတွင် သမ္မာကျမ်းစာကို ကျင့်သုံးသင့်သည့်နည်းလမ်းများနှင့်ပတ်သက်၍ ၎င်းတို့က မည်သို့ဖော်ပြ ကြသနည်း။

တစ်ဦးချင်းဘဝတွင် သမ္မာကျမ်းစာကို လက်တွေ့ကျင့်သုံးရန် လိုအပ်သောဉာဏ်ပညာကို ရရှိရန် မျှော်လင့်သူများအတွက် အနည်းဆုံး သက်ရောက်မှုသုံးခုကို သတိရမိပါသည်။

ပထမတွင်၊ သမ္မာကျမ်းစာသွန်သင်ချက်များကို ကျွန်ုပ်တို့ထံယူဆောင်လာရန် ဝိညာဉ်တော်မှ ပေးထားသော ခေါင်းဆောင်များ မည်မျှလိုအပ်ကြောင်း ခရစ်တော်၏မျက်မှောက်ခေတ်နောက်လိုက် များသည်လေ့လာရန် လိုအပ်သည်။ သမ္မာကျမ်းစာ၏မူလပရိသတ်များသည် ရင်းနှီးကျွမ်းဝင်မှုမရှိ ရှုပ်ထွေးသောသွန်သင်ချက်များဖြင့် ၎င်းတို့အားကူညီပေးရန် ခေါင်းဆောင်များလိုအပ်ကြောင်း ကျွန်ုပ်တို့ သိမြင်ပါသည်။ သမ္မာကျမ်းစာခေတ်တွင်နေထိုင်သောလူများအတွက် ၎င်းသည်မှန်ကန်ပါက၊ ယနေ့ ကျွန်ုပ်တို့အတွက်လည်းမှန်ကန်ပါသည်။ ကျွန်ုပ်တို့၏လက်ထဲတွင် သမ္မာကျမ်းစာများကို ကိုင်ဆောင်ထား နိုင်သော်လည်း၊ ကျွန်ုပ်တို့၏အသက်တာတွင် သမ္မာကျမ်းစာကို လက်တွေ့ကျင့်သုံးရန် ကြိုးစားရာတွင် ကျွန်ုပ်တို့ကိုကူညီရန် ပညာနှင့် အတွေ့အကြုံရှိသော ခေါင်းဆောင်များ လိုအပ်၍နေပါသေးသည်။

ဒုတိယနေရာတွင်၊ ခရစ်တော်၏မျက်မှောက်ခေတ်နောက်လိုက်များသည် သမ္မာကျမ်းစာကို ကျင့်သုံးရန် ကျွန်ုပ်တို့ကြိုးပမ်းသကဲ့သို့ ကြီးမားသောခရစ်ယာန်အသိုက်အဝန်းဖြစ်သော ခရစ်တော်၏ ကိုယ်ခန္ဓာနှင့် အပြန်အလှန်ဆက်ဆံခြင်း၏အရေးကြီးမှုကို ထပ်လောင်းအတည်ပြုရန် လိုအပ်သည်။ ဤသဘောအရ၊ ရှေးဆိုရိုးစကားသည် မှန်ကန်ပါသည်။ "မျက်လုံးနှစ်လုံးသည် တစ်လုံးထက် ပိုကောင်း သည်" အမှန်တကယ်တွင်၊ မျက်လုံးအစုံ သုံးစုံ၊ လေးစုံ၊ ငါးစုံ...တစ်ထောင်သည် တစ်ခုထက်မက ပို၍ ကောင်းပါသည်။ ရိုးရှင်းသောအချက်မှာ ဤသို့ဖြစ်သည်_ တစ်ခါတစ်ရံတွင်၊ ခရစ်တော်၏နောက်လိုက် တိုင်းသည် သီးခြားအသုံးချမှုတစ်ခုသည် လုံးဝသင့်လျော်သည်မဟုတ်ကြောင်း အခြားသူများနှင့် ထိတွေ့ ဆက်ဆံခြင်းအားဖြင့် ရှာဖွေတွေ့ရှိရန်သာ သင့်လျော်သည်ဟု ထင်မြင်ယူဆကြသည်။ ခရစ်တော်၏ ကိုယ်ခန္ဓာသည် သူ၏ဝိညာဉ်တော်၏ဗိမာန်ဖြစ်သည်ကို ကျွန်ုပ်တို့သတိရသောအခါတွင်၊ မျက်မှောက် ခေတ်ခရစ်ယာန်များလုပ်ဆောင်နိုင်သည့် ပညာအရှိဆုံးအရာတစ်ခုမှာ သမ္မာကျမ်းစာကို ၎င်းတို့၏ ကိုယ်ပိုင်ဘဝများတွင်ကျင့်သုံးခြင်းဖြင့် အခြားသစ္စာရှိခရစ်ယာန်များနှင့် အပြန်အလှန်ဆက်ဆံခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့သိရှိနားလည်လာသည်။

၂ ပေတရု ၃:၁၆ တွင်၊ တမန်တော်ပေတရုသည် ပေါလု၏ပေးစာများအကြောင်း ပြောနေပါသည်။ ပေါလုအကြောင်းသူပြောသည်မှာ–

သူရေးသည့်စာများ အားလုံးတွင်လည်း ဤအတိုင်းပင် ရေးခဲ့ကာ၊ ထိုအကြောင်းအရာတို့ကို ပြောဆိုခဲ့သည်။ ပေါလုသည် မိမိခံရသော ဉာဏ်ပညာအတိုင်း သင်တို့အားရေး၍ပေးလိုက်သောစာ၌၎င်း၊ ..... ထိုစာတို့၌ ခက်ခဲသော အရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသော သူတို့သည် ထိုအရာမှ စ၍ ကြွင်းသောကျမ်းစာ၏ အနက်ကို မှောက်လှန်၍ ကိုယ်ကိုကိုယ် ဖျက်ဆီးတတ်၏ (၂ပေ ၃း၁၅-၁၆)။

ထိုကျမ်းချက်နှင့်ပတ်သက်၍ နှစ်သက်သဘောကျမိသောအရာမှာ သမ္မာကျမ်းစာမှအချို့သောအရာများသည် နားလည်ရခက်ကြောင်း ကျွန်ုပ်တို့ကို သတိပေးထားသည်။ ၎င်းတို့သည် နားမလည်နိုင်သည့်အရာ မဟုတ်သော်လည်းအချို့မှာခက်ခဲပြီး၊ သင်သည် မှုတ်သွင်းခံအဓိပ္ပယ်ကို သစ္စာမရှိသောနည်းဖြင့် သမ္မာကျမ်းစာကို မှောက်လှန်စေနိုင်သည်။ ၎င်းသည် ကျွန်ုပ်တို့အတွက် ကောင်းသောသတိပေးချက်ဖြစ်သည်၊ ကျွန်ုပ်တို့သည် ခရစ်တော်၏ကိုယ်ခန္ဓာကို လိုအပ်သည်မဟုတ်လော၊ အဘယ်ကြောင့်ဆိုသော် ဓမ္မသစ်ကျမ်းတစ်လျှောက်တွင်၊ ကျွန်ုပ်တို့သည် အခြားယုံကြည်သူများနှင့် အတူတကွ စုဝေးကြမည့်သွယ်ဝိုက်သော၊ ထင်ရှားသော မျှော်လင့်ချက်များ ရှိနေသောကြောင့်ဖြစ်သည်။ ၁ ကောရိန္သု ၁၂–၁၄၊ ရောမ ၁၄၊ ဧဖက် ၄ ကျမ်းပိုဒ်များစွာတွင် ဘုရားသခင်သည် မတူညီသောဝိညာဉ်ဆုကျေးဇူးများကို ကိုယ်တော်၏ခန္ဓာကိုယ်အားပေးထားကြောင်းဖော်ပြထားသည်။ ဧဖက် ၄ အရဘုရားသခင်သည် ခရစ်တော်၏ကိုယ်ခန္ဓာအား ဘုရားသခင်ပေးသော ဆုကျေးဇူးများထဲမှတစ်ခုမှာ သင်းအုပ်ဆရာများနှင့် ဆရာများဖြစ်သည်။ ခရစ်ယာန်အားလုံးတွင် သန့်ရှင်းသောဝိညာဉ်တော်ရှိပြီး သမ္မာကျမ်းစာကို ဖတ်ရှုနားလည်ရန် ခေါ်ခြင်းခံရကြောင်း ငြင်းဆိုရန်မဟုတ်သော်လည်း၊ အချို့သောလူများသည် သမ္မာကျမ်းစာကို ရှင်းပြခြင်းနှင့် ထိုအရာများကို မြင်နိုင်ရန် ကျွန်ုပ်တို့အားကူညီပေးရာတွင် အထူးဆုကျေးဇူးရှိကြသည်။

ဒေါက်တာ Robert L. Plummer

တတိယနေရာတွင်၊ ခရစ်တော်၏မျက်မှောက်ခေတ်နောက်လိုက်များသည် တစ်ဦးချင်း၏အလေ့ အကျင့်ကို အသစ်ပြန်လည်ကျင့်သုံးခြင်း၊ ဆုတောင်းကာဆင်ခြင်အောက်မေ့ခြင်းအားဖြင့် ဉာဏ်ပညာကို ရှာဖွေရန် လိုအပ်သည်။ ခေါင်းဆောင်များနှင့်လည်းကောင်း ခရစ်တော်၏ကြီးမားသောကိုယ်ခန္ဓာနှင့် လည်းကောင်းဆက်ဆံခြင်းသည် အရေးကြီးသော်လည်း၊ ခရစ်ယာန်တိုင်း မိမိပြုလုပ်ခဲ့သည့်အရာများကို စာရင်းရှင်းကြရမည်ဖြစ်သည်။ ထို့ကြောင့် အဆုံးတွင်၊ တိမောသေထံ ပေါလုတင်ပြသကဲ့သို့၊ “[ကျွန်ုပ်တို့ကို] ထိုးထွင်းသိမြင်မှုပေးရန်” သခင်ကိုရှာဖွေခြင်းမှလွဲ၍အခြားအရာသို့ ကျွန်ုပ်တို့တစ်ဦးချင်း ၏ကျင့်သုံးခြင်းသည် မည်သည့်အခါမျှ ရောက်ရှိသွားမည်မဟုတ်ပါ။ ဆုတောင်းကာဆင်ခြင်အောက်မေ့ ခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ကိုယ်တော်နှစ်သက်သောနည်းလမ်းများဖြင့် ကျင့်သုံးနေ ကြောင်း ထိုးထွင်းသိမြင်မှုနှင့် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်မှုကို ဘုရားသခင်၏ဝိညာဉ်တော်က ပေးသနားမည်ဖြစ်သည်။

စာဖတ်ခြင်းသည် သမ္မာကျမ်းစာကို ထိတွေ့ခြင်းဖြစ်ပြီး၊ ၎င်းသည် အစပြုသည့်နေရာဖြစ်သည်။ သင်သည် ၎င်းကိုလုပ်ဆောင်ရမည်ဖြစ်သည်။ သို့သော်ဆင်ခြင်အောက်မေ့ခြင်းသည် သမ္မာကျမ်းစာကိုစုဆောင်းခြင်းဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့၏နေ့စဉ်အချိန်မှစ၍ ကျွန်ုပ်တို့မျှော်လင့်ထားသည့် အသက်တာ၏ပြောင်းလဲခြင်းဆီသို့ ဦးတည်စေသော သမ္မာကျမ်းစာအားစုဆောင်းခြင်းဖြစ်သည်။ ထို့ပြင် ဘုရားသခင်ကို တွေ့ကြုံခံစားရန်ကူညီပေးသည်။ ဆင်ခြင်အောက်မေ့ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သခင်ဘုရား ကောင်းမြတ်တော်မူသည်ကို မြည်းစမ်း၍ သိမြင်သည်။ ထိုအချိန်တွင် စာမျက်နှာပေါ်ရှိအချက်အလက်များသည် ဘုရားသခင်ထံ ဆည်းကပ်ကိုးကွယ်သည့် အတွေ့အကြုံဖြစ်လာပြီး၊ အသက်တာ၏ အသွင်ကူးပြောင်းမှုကို ဖြစ်ပေါ်စေသည်။ ကျွန်ုပ်၏အတွေ့အကြုံမှာ၊ နေ့စဥ်အလေးအနက်ထားကျမ်းစာဖတ်သူခရစ်ယာန်အများစုများပင် တွေးတောဆင်ခြင်ခြင်းမပြုကြပါ...သမ္မာကျမ်းစာကိုသာအပေါ်ယံမဖတ်ပါနှင့်။ ဆင်ခြင်သုံးသပ်ပါ။

ဒေါက်တာ Donald S. Whitney

လူတစ်ဦးချင်းအတွက် မျက်မှောက်ခေတ်ကျင့်သုံးမှုဆိုင်ရာ ဤသင်ခန်းစာတွင်၊ ကျွန်ုပ်တို့ ကိုယ်တိုင်နှင့် အခြားသူများအနေနှင့် သမ္မာကျမ်းစာအား ကျင့်သုံးခြင်း၏အသွင်အပြင်နှစ်ခုကို လေ့လာထားပါသည်။ သမ္မာကျမ်းစာအားပုဂ္ဂိုလ်ရေးအရ ကျင့်သုံးခြင်းအမျိုးမျိုးတွင် သမ္မာကျမ်းစာ လမ်းညွှန်ချက်အမျိုးမျိုးနှင့် ပါဝင်ပတ်သက်သည့် လူများနှင့် အခြေအနေအမျိုးမျိုးကို ထည့်တွက်ရမည် ကို ကျွန်ုပ်တို့ သတိထားမိသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဘုရားသခင်ထံတော်၌ သမ္မာကျမ်းစာကို ဆုတောင်းပြီးတွေးတောဆင်ခြင်နေချိန်တွင် ကျွန်ုပ်တို့ကို ကူညီရန် ဘုရားသခင်ခန့်အပ်သော ခေါင်းဆောင်များနှင့် ဘုရားသခင်၏လူများ၏အသိုက်အဝန်းနှင့် အပြန်အလှန်ဆက်သွယ်မှုတွင် ဉာဏ်ပညာအပေါ် မည်သို့မှီခိုနေရကြောင်းကိုလည်း ကျွန်ုပ်တို့လေ့လာခဲ့ပါသည်။

သမ္မာကျမ်းစာသည် ယုံကြည်ခြင်းနှင့် အသက်တာအတွက် သံသယဖြစ်ဖွယ်မရှိတစ်ခုတည်း သောဘုရားသခင်ထံမှ အံ့သြဖွယ်ဆုကျေးဇူးတစ်ခုဖြစ်သည်။ ဘုရားသခင့်အမှုတော်တွင် ကျွန်ုပ်တို့ တစ်ဦးချင်း၏အယူအဆများ၊ အပြုအမူများနှင့် စိတ်ခံစားချက်များကို လမ်းညွှန်ရန် အခြားစံနှုန်းများ သည် လုံလောက်မှုမရှိပါ။ သမ္မာကျမ်းစာတွင် အသက်တာအမျိုးမျိုးတို့ကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျွန်ုပ်တို့လိုအပ်သောညွှန်ကြားချက်များ ပြည့်စုံပါသည်။ ထို့ပြင် ဘုရားသခင်သည် ကျွန်ုပ်တို့အား အသိုက်အဝန်းတွင်အချင်းချင်း သမ္မာကျမ်းစာကို သင်ယူရန်နှင့် လက်တွေ့ကျင့်သုံးရန်ခေါ်ခြင်းဖြင့် ဤအမျိုးမျိုးအဖုံဖုံကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် ဉာဏ်ပညာနည်းလမ်းကိုလည်း ဘုရားသခင် ပေးထားပါသည်။ ကျွန်ုပ်တို့သည် ဤရှုထောင့်များကို စိတ်တွင်မှတ်သားထားပါက၊ နေ့စဉ်အသက်တာ တွင် ဘုရားသခင်ထံ ကျွန်ုပ်တို့၏တစ်ဦးချင်းလုပ်ဆောင်မှုတွင် သမ္မာကျမ်းစာကိုကျင့်သုံးရာ၌ ပိုမို ကောင်းမွန်လာမည်ဖြစ်သည်။

Continue reading the full transcript